သီးနှံတွေ ဈေးကောင်းရဖို့ အရည်အသွေးနှင့် ဈေးကွက်ကို လေ့လာပြီးစိုက်ကြစို့
လယ်ယာထွက်ကုန်ပစ္စည်းတွေ စျေးကောင်းရဖို့ဆိုရင် တောင်သူတွေအနေနဲ့ သီးနှံဈေးကွက် အခြေအနေကို ခန့်မှန်းရွေးချယ်စိုက်ပျိုးနိုင်ဖို့ လိုအပ်သလို အရည်အသွေးပြည့်မီအောင် စိုက်ပျိုး ဖို့လည်း လိုအပ်တယ်ဆိုတဲ့အကြောင်းကို ဒီအစီအစဉ်မှာ တင်ပြပေးသွားမှာပါ။
သောတရှင်များခင်ဗျား။ ပြန်ကြားရေးဝန်ကြီးဌာန၊ UNESCO နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့ကပူးပေါင်းဆောင်ရွက်ပြီး၊ မြန်မာ့အသံနှင့် သြစတြေးလျ ABC နိုင်ငံတကာဖွံ့ဖြိုးရေးဌာနတို့ကစီစဉ်ထုတ်လွှင့်လိုက်တဲ့ “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး အစီအစဉ်ကို တင်ဆက်တော့မှာ ဖြစ်ပါတယ်”။ လယ်ယာထွက်ကုန်ပစ္စည်းတွေ စျေးကောင်းရဖို့ဆိုရင် တောင်သူတွေအနေနဲ့ သီးနှံဈေးကွက် အခြေအနေကို ခန့်မှန်းရွေးချယ်စိုက်ပျိုးနိုင်ဖို့ လိုအပ်သလို အရည်အသွေးပြည့်မီအောင် စိုက်ပျိုး ဖို့လည်း လိုအပ်တယ်ဆိုတဲ့အကြောင်းကို ဒီအစီအစဉ်မှာ တင်ပြပေးသွားမှာပါ။ ဒီအကြောင်းကိုတော့ မြန်မာ့အသံရဲ့ သတင်းထောက် ခိုင်မျိုးအောင်က ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။
ဦးမောင်ဝင်း။ ။ ရာသီအလိုက်စိုက်တဲ့သီးနှံကိုမှ စျေးကွက်ပေါ်မူတည်ပြီးတော့ စိုက်ပါတယ်။ အရင်တုန်းကမိရိုးဖလာ နှမ်းဆိုလို့ရှိရင် ရိုးစိမ်းတို့၊ ဒီတခြားမျိုးတွေရှိတယ်။ စျေးကွက်ပေါ်မူတည်ပြီးတော့ နှမ်းနက်ဆိုတဲ့မျိုးကိုစိုက်ကြပါတယ်။ တောင်သူတွေ အများအားဖြင့်။ ဘာဖြစ်လို့လဲဆိုရင် နှမ်းတစ်တင်း၊ တစ်တင်းရဲ့နှုန်းကထက်ဝက်လောက်ကွာနေလို့ပါ။ အဲ့ဒါကြောင့် စျေးကွက်ကိုကြည့်ပြီးတော့ စိုက်တာလို့ပြောလို့ရပါတယ်။ ပဲတီစိမ်းကိုစိုက်လို့ ရပေမဲ့လို့လည်းပဲတီစိမ်းစျေးက မနှစ်ကထက်ဝက်ကျသွားသည့်အတွက် ပဲတီစိမ်းအခုနှစ် လျှော့ပါတယ်။ ဦးတို့သာစည်နယ်မှာတော့။
ခိုင်မျိုးအောင်။ ။ သာစည်မြို့နယ်၊ အောင်သာကျေးရွာမှ တောင်သူဦးမောင်ဝင်းက အရင်နှစ်က သီးနှံစျေးနှုန်းကို ကြည့်ပြီးတော့ စိုက်သလို ဈေးကွက်ကိုလည်း ကြည့်ပြီးစိုက်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ။ ဘာကြောင့် တောင်သူတွေအနေနဲ့ အရင်နှစ်ကဈေးနှုန်းကိုပဲအဓိကထားကြည့်ပြီးတော့ စိုက်ပျိုးနေရသလဲဆိုတာကိုတော့ ရေဆင်းတက္ကသိုလ် စိုက်ပျိုးစီးပွားပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာသိင်္ဂီမြင့်က အခုလိုရှင်းပြပါတယ်။
ဒေါက်တာသိဂီ င်္မြင့်။ ။ တောင်သူတွေတော်တော်များများကအရင်နှစ်ကစျေးနှုန်းကိုပဲမူတည်ပြီး၊ ခန့်မှန်းပြီးတော့ စိုက်ကြတယ်။ အဲ့ဒါကတော့ သူတို့အတွက် အသေချာဆုံးသူတို့သိတယ်။ သူတို့ကိုယ်တိုင်ရောင်းခဲ့တာ။ နောက်စျေးဘယ်လိုဖြစ်မလဲဆိုတဲ့ဟာကိုခန့်မှန်းတဲ့အခါမှာတော့ မသေချာမှုတွေ အများကြီးရှိပါတယ်။ အဲ့ဒီမသေချာမှုတွေကလည်းစွန့်စားမှုကို ဖြစ်စေတယ်ပေါ့။ တောင်သူတွေကိုယ်၌က ရင်းနှီးမြှပ်နှံနိုင်မှုကလည်းအရမ်းကြီးမမြင့်ဘူး။အဲလိုဆိုတော့ စွန့်စားမှုတွေကိုမလိုအပ်ပဲမလုပ်နိုင်ကြဘူး။ ဆရာမတို့နိုင်ငံမှာကသီးနှံစျေးကွက်တွေကမသေချာမှုတွေ အများကြီးပဲ။ အဲ့ဒီမသေချာမှုတွေကမစွန့်စားချင်လို့။
ခိုင်မျိုးအောင်။ ။တောင်သူတွေအနေနဲ့ စွန့်စားစရာမလိုဘဲဈေးကောင်းရရှိဖို့ သေချာတဲ့သီးနှံကိုရွေးချယ်စိုက်ပျိုးနိုင်ဖို့လိုပါတယ်။ ဒီအတွက် သီးနှံစျေးကွက်ဆိုင်ရာအချက်အလက်တွေ တောင်သူတွေ သိရှိအောင် ဖြန့်ဝေပေးနေတဲ့ နေရာဌာနတွေလည်းရှိနေပြီဖြစ်ပါတယ်။ဒီဌာနတွေထဲကတစ်ခုဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးနှင့် စျေးကွက်သတင်းအချက်အလက်အေဂျင်စီ (AMIA) မှ ပူးတွဲတည်ထောင်သူနှင့် မန်နေဂျာဒေါ်ဝတ်ရည်မွန်ကသီးနှံပေါက်စျေးတွေကိုပုံမှန်ထုတ်ပြန်ပေးနေတဲ့အကြောင်းအခုလိုပြောပါတယ်။
ဒေါ်ဝတ်ရည်မွန်။ ။စျေးနှုန်းစုဆောင်းတာကတော့ ကုန်စည်ဒိုင်တွေရှိတဲ့ ရန်ကုန်ရှိမယ်၊ မန္တလေးရှိမယ်။ ပခုက္ကူ၊ မုံရွာ၊ အောင်ပန်း၊ သီရိမင်္ဂလာဈေး၊နဲ့ မူဆယ်ပေါ့နော်။ အဓိကမြို့ကြီးတွေရဲ့ ကုန်စည်ဒိုင်တွေကဈေးနှုန်းတွေကို ကျွန်မတို့ စုဆောင်းတယ်။ တောင်သူတွေကိုကုန်စည်ဒိုင်ကဈေးနှုန်းအစစ်အမှန်တွေကိုထုတ်ပြန်ပေးတယ်။ ရန်ကုန်မှာဆိုဘာအဓိကျလဲ၊ အောင်ပန်းမှာဆိုရင် ဟင်းသီးဟင်းရွက်ပေါ့နော်၊ မန္တလေးမှာဆိုလိုရှိရင် အဓိက နှမ်းပေါ့။ အဓိကကျတဲ့ဟာတွေကိုပဲရွေးပြီးတော့မှ ညီမတို့က Facebook မှာတင်တယ်။ သိချင်တဲ့ ကုန်စည်ဈေးနှုန်းတွေကို Chat Box ကနေတစ်ဆင့်၊ Comment ကနေတစ်ဆင့်ပဲဖြစ်ဖြစ် မေးလို့ရှိရင် ညီမတို့ ပြန်ဖြေပေးတာရှိတယ်။
ခိုင်မျိုးအောင် ။ ။ တောင်သူတွေအနေနဲ့ ဈေးကွက်နဲ့ပတ်သက်ပြီးသိချင်တာရှိရင် AMIA ကိုဆက်သွယ်နိုင်တဲ့အကြောင်းသူကဆက်ပြောပါတယ်။
ဒေါ်ဝတ်ရည်မွန်။ ။တောင်သူတွေအနေနဲ့ပေါ့နော် ဈေးကွက်နဲ့ပတ်သက်ပြီးတော့ သိချင်တယ်ဆိုလို့ရှိရင် Facebook.com/AMIA Myanmar ဆိုတဲ့ စာမျက်နှာမှတစ်ဆင့်ကြည့်ရှုနိုင်တယ်။ ဖုန်းနံပါတ်အနေနဲ့ဆိုလိုရရှိရင်တော့ ၀၉-၂၆၂၉၈၄၀၅၇ ကိုလည်းဆက်သွယ်ပြီးတော့မှ မေးမြန်းနိုင်တယ်။
ခိုင်မျိုးအောင်။ ။ သီးနှံပေါက်စျေးကိုတော့ တစ်လလောက်သာကြိုတင်ခန့်မှန်းနိုင်တဲ့အကြောင်းဒေါ်ဝတ်ရည်မွန်ကဒီလိုပြောပါတယ်။
ဒေါ်ဝတ်ရည်မွန်။ ။ မနှစ်ကဈေးတွေရယ်။ ဒီနှစ်ဈေးတွေရယ်။ အရင်လကဈေးတွေရယ် ချိန်ပြီးတော့မှ ဖြစ်နိုင်ခြေတွေကို ပြန်ထုတ်ပေးတာဖြစ်တယ်။ တစ်လလောက်ပဲကျွန်မတို့ကြိုတင်ခန့်မှန်းချက်ထုတ်နိုင်တယ်။ နောက်နှစ်ဆိုတဲ့ဟာကိုခန့်မှန်းဖို့ကတော့ ခက်တယ်။
ခိုင်မျိုးအောင်။ ။ ဒီလိုသီးနှံဈေးကွက်ကိုကြိုတင်ခန့်မှန်းဖို့ခက်ခဲတဲ့စိုက်ပျိုးရေးမှာမျိုးဈေးကြီးမြင့်တဲ့ အခက်အခဲကိုပါ ကြုံတွေ့နေရကြောင်းတောင်သူဦးမောင်ဝင်းကခုလိုဆိုပါတယ်။
ဦးမောင်ဝင်း။ ။ နှမ်းရာသီရောက်ရောက်၊ ပဲရာသီရောက်ရောက် ဘယ်လိုရာသီပဲရောက်လာရောက်လာဦးတို့ဝယ်ရတဲ့ မျိုးစျေးသည် ပြန်ရောင်းရတဲ့စျေးနဲ့ကထက်ဝက်ကွာပါတယ်။ ကုလားပဲတစ်တင်းကို ၅၈၀၀၀၊ ၆၀၀၀၀ ဝယ်စိုက်ခဲ့ရပါတယ်။ ဦးတို့ ပြန်ထွက်လာတဲ့အချိန်မှာ ၃၂၀၀၀ ပဲဦးတို့ ရောင်းရပါတယ်။ တောင်သူတွေရဲ့လက်ထဲမှာရောင်းချစရာမရှိတော့တဲ့အချိန်မှာတော့ စျေးကတက်သွားပါတယ်။ မျိုးကိုအကြွေးစနစ်ကလေးနဲ့ ရောင်းချပေးမယ်ဆိုရင်တော့ မျိုးချိန်မှာစျေးကြီးတယ်ဆိုတဲ့စနစ်ပပျောက်သွားမယ်လို့ထင်ပါတယ်။
ခိုင်မျိုးအောင်။ ။ မျိုးဈေးကြီးတာထက် သီးနှံစျေးကောင်းရဖို့ကသာအဓိကဖြစ်တယ်လို့ ဒေါက်တာသိဂီ င်္မြင့်က အခုလိုပြောပါတယ်။
ဒေါက်တာသိဂီ င်္မြင့်။ ။ မျိုးဆိုတာကတော့လည်းသီးနှံစျေးထက်ပိုမြင့်မှာပဲ။ ပိုမမြင့်လို့ရှိရင် ဒါဟာမျိုးကောင်းမျိုးသန့်လို့ ပြောလို့မရဘူး။ မျိုးကိုထုတ်တာနဲ့ သီးနှံရိုးရိုးကိုထုတ်တာနဲ့ကလည်းကုန်ကျစရိတ်တွေ မတူဘူး။ မျိုးရဲ့စျေးကတော့ မြင့်မှာပဲ။ အဲ့ဒီမျိုးကောင်းမျိုးသန့်တွေကိုဝယ်သုံးတဲ့အခါမှာသီးနှံစျေးကကောင်းမယ်ဆိုတာသေချာရင် တောင်သူကဝယ်ရမှာကိုဝန်မလေးပါဘူး။ သူ့ သီးနှံကောင်းကောင်းထွက်မှ သူအမြတ်များများရမယ်။ ဒီဘက်မှာမျိုစေ့လုပ်ငန်းကိုလုပ်တဲ့သူတွေ အနေနဲ့လည်းအကြွေးရောင်းစရာမလိုဘူး၊ စိတ်ပူစရာမလိုဘူး။
ခိုင်မျိုးအောင်။ ။ ဒါပေမဲ့ သီးနှံဈေးကောင်းရဖို့အတွက် ဈေးကွက်ကိုချဲ့ထွင်နိုင်ဖို့လိုတယ်လို့ ဆက်ပြောပါတယ်။
ဒေါက်တာသိဂီ င်္မြင့်။ ။ သီးနှံစျေး ကျခြင်းတက်ခြင်းဆိုတာကရောင်းလိုအားနဲ့ ဝယ်လိုအားရဲ့ အားမျှမှုကနေဖြစ်တာ။ အဲ့ဒါကြောင့်မို့လို့ ကိုယ်ပြည်တွင်းစျေးကွက်တင် မဟုတ်ဘဲနဲ့ အပြင်ကိုရောင်းဖို့ လိုအပ်တယ်။
ခိုင်မျိုးအောင်။ ။ သီးနှံစျေးကောင်းရဖို့ အရေးပါတဲ့ ပြည်ပဈေးကွက်သို့ သီးနှံတင်ပို့ရောင်းချနေတဲ့ အခြေအနေတွေနဲ့ ပြည်တွင်းသီးနှံဈေးကွက်အပေါ် ပြည်ပဈေးကွက်ရဲ့ အကျိုးသက်ရောက်မှုအခြေအနေတွေကိုသိရှိနိုင်ဖို့နယ်စပ်ကုန်သွယ်ရေးမှာအရေးပါတဲ့ရှမ်းပြည်နယ်၊ မူဆယ်မြို့ကိုသွားရောက်လေ့လာခဲ့ပါတယ်။ မူဆယ် ဆန်ဈေးကွက်အကြောင်းကိုတော့ ဆန်စပါးကုန်စည်ဒိုင် (မူဆယ်)အသင်းရဲ့ ဥက္ကဌဦးသန်းဌေးဦးကအခုလိုရှင်းပြပါတယ်။
ဦးသန်းဌေးဦး။ ။ ဈေးကွက်အရတော့ မူဆယ်ပေါက်အနေနဲ့လည်းရောင်းချမှုအရအတွက် ကောင်းပါတယ်။ ဈေးနှုန်းကတော့ မူဆယ်အထိုင်ဈေးအနေနဲ့ ဒီ ၅ မတ် (Max) ဆန်ဆိုရင်လည်းအမြင့်ဆုံး ၂၆၅၀၀ လောက်အထိ ၅၀ ကီလိုတစ်အိတ်ကိုရောင်းချရပါတယ်။ ၁၀ မတ်ဆန်ပေါ့ ကရင်မလိုဆန်မျိုးဆိုရင်လည်း ၂၅၈၀၀ ဝန်းကျင်ပေါ့ ရောင်းရပါတယ်။ စျေးနှုန်းအလားအလာကတော့ လက်ရှိဈေးနှုန်းတွေကတော့ အောက်ဈေးတန်းလို့တော့ မှန်းလို့ရပါတယ်။ ဒီလိုပေါ်ပေါ်ချင်းမှာဒီတိုင်းပုံမှန်တိုင်းသွားမယ်ဆိုရင်တော့ ဒီဈေးထက်တော့မကျပါဘူး။ ပိုရောင်းကောင်းဖို့အလားအလာကောင်းတွေပဲအများကြီးရှိနိုင်ပါတယ်။ လက်ရှိဈေးနှုန်းမှာလည်းမူဆယ်ရောက်တဲ့ ပစ္စည်းတွေကရောင်းချမှုအားကောင်းပါတယ်။
ခိုင်မျိုးအောင်။ ။ အထွက်ကောင်းအောင် စိုက်ပျိုးရုံသာမကပြည်ပဈေးကွက်မှာအရည်အသွေးအရယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ သီးနှံတွေဖြစ်အောင်စိုက်ပျိုးဖို့လည်းလိုအပ်ပါတယ်။ ဒါကြောင့် ပြည်ပဈေးကွက်အတွက် အရည်အသွေးပြည့်မီတဲ့ နှမ်းနက်သီးနှံကိုစိုက်ပျိုးသင့်ကြောင်းလယ်ယာထွက်ကုန် ကုန်စည်ဒိုင် ဥက္ကဌဦးလှမောင်ကအခုလိုပြောပါတယ်။
ဦးလှမောင်။ ။ ကျွန်တော်တို့ နှမ်းနက်ကျတော့ တစ်ခြားနိုင်ငံကတအားကြိုက်တယ်။ တစ်ခြားနိုင်ငံကထွက်တဲ့နှမ်းနက်တွေက ကျွန်တော်တို့နှမ်းနက်ကိုမမီဘူး။ ကျွန်တော်တို့နှမ်းကျတော့ စားတဲ့နေရာမှာအရသာပိုရှိတယ်။ ဈေးချင်းတူရင် ကျွန်တော်တို့ နှမ်းကိုပိုပြီးမှ ကြိုက်တယ်။ ကျွန်တော်တို့ဘက်မှာ နှမ်းနက်ကိုပိုစိုက်သင့်တယ်။
ခိုင်မျိုးအောင်။ ။ ပြည်ပကိုတင်ပို့တဲ့အခါမှာသတ်မှတ်ထားတဲ့ သီးနှံအရည်အသွေးသတ်မှတ်ချက်တွေ ကိုတော့ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS)မှ စစ်ဆေးရေးမှူးချုပ် ဦးအောင်နိုင်စိုးကဒီလိုရှင်းပြပါတယ်။
ဦးအောင်နိုင်စိုး။ ။ ပြောင်းနဲ့ပတ်သက်လို့ ၁၀၀ ဂရမ်မှာဖုန်၊ သဲ၊ ခဲ က တစ်မှတ်ပဲပါခွင့်ရှိပါတယ်။ ပိုးထိုး၊ ပိုးကိုက်ကငါးမှတ်၊ အပျက်အစီးက ၆ မှတ် ပါခွင့်ရှိတယ်။ အဓိကကတော့ အစိုဓာတ် ၁၄ % ရှိရမှာဖြစ်တယ်။ ပဲနဲ့ ပတ်သက်လို့ဆိုရင်လည်း ၁၀၀ ဂရမ်မှာဖုန်၊ သဲ၊ ခဲကိုတစ်မှတ် ပေးပါတယ်။ ပိုးထိုးပိုးကိုက်ကိုတစ်မှတ်ပေးတယ်။ ဆန်နဲ့ပတ်သက်လို့ကတော့ အများကြီးရှိပါတယ်။ ၁၀၀ ဂရမ်မှာစပါးလုံးက ၄ လုံးပဲလက်ခံပါတယ်။ အစိုဓာတ်ကိုလည်း ၁၄ % သတ်မှတ်ထားပါတယ်။ သည့်ထက်ကျော်လို့ မရဘူး။ အဲ့ဒါတော့ လုံးဝခွင့်မပြုဘူး။ ဘာကြောင့်လဲဆိုတာ့ သည့်ထက်ကျော်သွားရင် မှိုဆိပ်များသွားတယ်။
ခိုင်မျိုးအောင်။ ။ ဦးအောင်နိုင်စိုးကသူရဲ့ သီးနှံအရည်အသွေးစစ်ဆေးမှု အတွေ့အကြုံအရတောင်သူတွေ စပါးကိုဘယ်လိုစိုက်ပျိုးရမလဲဆိုတာအခုလိုအကြံပြုပါတယ်။
တောင်သူတွေအနေနဲ့ကတော့ စိုက်ပျိုးတဲ့အချိန်မှာအကြံပေးတာကတော့ ဆန်ဆိုရင်လည်းတစ်အမျိုးတည်းပဲစိုက်၊ တစ်မျိုးတည်းပဲကကောင်းတယ်။ ဥပမာ- စပါးကဒီကဆင်းရွှေလီစိုက်တယ်။ ဟိုကရွှေဝါထွန်း၊ ဟိုကကျတော့ရွှေတဆုပ်၊ အဲ့လိုစပါးတွေ စုလိုက်ပြီးတော့ ကြိတ်လိုက်တော့ ဆန်တွေကမျိုးစုံထွက်ကုန်ကော၊ ဟိုရောင်းပန်းကျတော့ မကောင်းတော့ဘူးပေါ့။ အကုန်သောင်းပြောင်းစိုက်လိုက်ရင်တော့ ဆန်တွေကအရောင်လည်းမလှဘူး၊ ရောင်းပန်းလည်းမဝင်ဘူး။
ခိုင်မျိုးအောင်။ ။ တောင်သူတွေအနေနဲ့ ် ဒီလိုအရည်အသွေးသတ်မှတ်ချက်တွေကို ပြည့်မီအောင် စိုက်ပျိုးပြီး ပြည်ပဈေးကွက်မှာကောပြည်တွင်းစျေးကွက်မှာပါ ဈေးကောင်းရအောင် စုပေါင်းရောင်းချစနစ်နဲ့ ရောင်းချချင်တယ်လို့ တောင်သူဦးမောင်ဝင်းကပြောပါတယ်။
ဦးမောင်ဝင်း။ ။ ဦးတို့မှာတော့ ပွဲစားလာပေးတဲ့စျေးကိုပေးသလိုရောင်းရပါတယ်။ နောက်ပိုင်းတွေမှာတော့ စုပေါင်းရောင်းချစနစ်နဲ့ပဲသွားချင်တော့တယ်။ ပစ္စည်း quality မီအောင်လုပ်ပြီးတော့ ပွဲစားတွေကိုစျေးပြိုင်စနစ်နဲ့ ခေါ်မယ်။ စျေးသာတဲ့သူကိုရောင်းမှသာလျှင် ဦးတို့အနေနဲ့အသက်ရှုပေါက်ချောင်လိမ့်မယ်လို့တောင်သူတစ်ယောက်အနေနဲ့ ဦးမြင်မိပါတယ်။
ခိုင်မျိုးအောင်။ ။ ဒီလိုစုပေါင်းရောင်းချစနစ်ဟာတောင်သူတွေရဲ့ရောင်းအားပိုကောင်းလာနိုင်တယ်လို့ ဒေါက်တာသိဂီ င်္မြင့် ကအခုလိုရှင်းပြပါတယ်။
ဒေါက်တာသိဂီ င်္မြင့်။ ။ စျေးကွက်မှာဝယ်လိုအားနဲ့ ရောင်းလိုအားဆိုတာအမြဲတမ်းပြိုင်နေတာ။ ရောင်းတဲ့သူကစျေးကောင်းကောင်းရချင်တယ်။ ဝယ်တဲ့လူကစျေးနှိမ်ပေးချင်တယ်။ ဒါကသဘာဝပဲ။ ရောင်းတဲ့သူကစျေးကောင်းကောင်းရဖို့ဆိုရင် ရောင်းတဲ့လူကအားကောင်းရမယ်။ တောင်သူတစ် ယောက်ချင်းကတော့ အားကောင်းစရာအကြောင်းမရှိဘူး။ တစ်ယောက်အားနဲ့ မရရင် အများအားနဲ့ ရမယ်။ အများပူးပေါင်းလိုက်လို့ရှိရင် အားကောင်းလာမယ်။ ရောင်းတဲ့အခါမှာလည်းအားပိုကောင်းလာတော့ ကိုယ်လိုချင်တဲ့ စျေးမရရင် မရောင်းဘူး၊ အရည်အသွေးကိုပိုတက်အောင်လုပ်ပြီးမှ ရောင်းမှာလား၊ အခြောက်ခံပြီးမှ ရောင်းမှာလား၊ အကုန် ညီတူညာတူဒီစျေးကိုမမြင့်မြင့်အောင် အတူဝိုင်းလုပ်ပြီးတော့မှ ရောင်းမယ်ဆိုရင် စျေးတွေကပိုကောင်းလာနိုင်တယ်လေ။
ခိုင်မျိုးအောင်။ ။ သီးနှံတွေကိုတန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်ခြင်းဖြင့် သီးနှံကိုဈေးကောင်းရစေနိုင်ပြီးဈေးကျတာကိုလည်းကာကွယ်နိုင်မှာဖြစ်ကြောင်းဆက်ပြောပါတယ်။
ဒေါက်တာသိဂီ င်္မြင့်။ ။ ပြည်တွင်းမှာပဲဘာလုပ်တုန်း၊ ဖရဲသီးဖရဲသီးအတိုင်းမရောင်းဘဲနဲ့ ဖျော်ရည်တွေလုပ်ပြီးစည်သွတ်ပြီးတော့ ရောင်းနိုင်အောင် လုပ်မလား၊ ဒီဝယ်လိုအားတွေ ချဲ့ထွင်ဖို့လိုတယ်။ ကိုယ့်ပြည်တွင်းမှာပဲအဲ့ဒီပုပ်သိုးသွားမယ့်ဟာတွေ၊ ကြာကြာမစောင်နိုင်တဲ့ ပစ္စည်းတွေကိုထပ်ထပ်ပြီးကုန်ချောတွေထုတ်တဲ့စနစ် ဖွံ့ဖြိုးတိုးတက်လာဖို့လိုတယ်။ ကုန်ချောထုတ်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရလာမယ်။ ကုန်ချောဖြစ်လာတဲ့အတွက် စျေးတွေ ပိုရလာမယ်။ နောက်တစ်ခါ စျေးကျမယ့်ဟာကိုကာကွယ်ပြီးသားဖြစ်သွားတယ်။
လင်းဇော်နိုင်။ ။ တောင်သူတွေအနေနဲ့ ဈေးကွက်ကို ကြိုတင်ခန့်မှန်းပြီးသီးနှံကိုစိုက်ပျိုးခြင်း၊ အရည်အသွေးပြည့်မီအောင်စိုက်ပျိုးပြီးဈေးကွက်ကိုချဲ့ထွင်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ခြင်းတို့ဖြင့် သီးနှံဈေးကာင်းရရှိနိုင်တယ်ဆိုတာတင်ပြလိုက်ရပါတယ်ခင်ဗျား။
(Presenter)။ ။စားနပ်ရိက္ခာဖူလုံရေး၊ သားစဉ်မြေးဆက်ပေးအစီအစဉ်ကို ပြန်ကြားရေး ဝန်ကြီးဌာန UNESCO နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့ကပူးပေါင်းဆောင်ရွက်ပြီး မြန်မာ့အသံနဲ့ Australia ABC နိုင်ငံတကာဖွံ့ဖြိုးရေးဌာနတို့ကစီစဉ်ထုတ်လွှင့်လိုက် တာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အသက်မွေးဝမ်း ကြောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ Lift Fund က အဓိကကူညီပံ့ပိုးတာ ဖြစ်ပါတယ် ခင်ဗျာ။
Content provider
UNESCO-LIFT
ယူနက်စကိုနှင့်ပြန်ကြားဝန်ကြီးဌာန တို့မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ခဲ့သော “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အမည်ရှိ အစီအစဉ်များကို တီဗွီနှင့် ရေဒီယို များတွင် ထုတ်လွှင့်ပြသခဲ့ပြီး ယခုအခါ တောင်သူများပြန်လည်လေ့လာနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းပညာနှင့် အင်တာဗျူးအစီအစဉ်များကို ပြန်လည်ဖော်ပြထားပါသည်။ ယူနက်စကိုသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်ပြီးပညာရေး၊ သိပ်ပံနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အစီစဉ်မှ ထုတ်လွင့်ခဲ့သည့် တီဗီနှင့် ရေဒီယိုအစီစဉ်များကို အစိမ်းရောင်လမ်း အခမဲ့စိုက်ပျိုးရေးဖုန်းဆော့ဝဲပေါ်တွင် အစအဆုံးပြန်လည် ဖော်ပြထားပါသည်။
ဆက်စပ်မေးခွန်းများ
စပါးပင်တွေက ပုံထဲမှာပြထားသလို ဝါနေလို့ပါခင်ဗျ အစာကျွေးထားတာလဲ ရက် 20လောက်ပဲရှိပါသေးတယ် အစာတောင်းတာလား ပိုးကျတာလားမသိတာကြောင့် ဘယ်လိုကုသရမလဲဆိုတာ ပညာရှင်များနဲ့ အတွေ့အကြုံရှိဦးကြီးများကဖြေကြားပေးစေလိုပါတယ်ခင်ဗျာ
ဧကာ • ဖြေကြားချက် 7 ခု
ဒီနှစ်မှာ တောင်သူ လယ်သမားဦးကြီးတို့ မနှစ်ကလို စပါးဈေး မကောင်းရင် ဘာဆက်လုပ်ကြမလဲ ရှင်☘️🌾🌾🌾 စပါးဈေးသာ မကောင်းတာ မြေဩဇာ မြေဆီ ဈေးနှုန်းက မကျဘူး နိုင်ငံကလဲ မလှတော့ ပြည်သူတွေလဲ ဝမ်းဝ ခါးလှဖို့ လာဏ်မမြင်
Phyoe Thi Thi Htun • ဖြေကြားချက် 4 ခု
မုန်လာထုပ်ခု8လပိုင်းစစိုက်နေပြီဈေးကောင်းလေးမိနိုင်လားဗျ
khun zaw myo • ဖြေကြားချက် 3 ခု
သခွားမျိုးကောင်းတာရှိရင်လမ်းညွှန်ပေးပါ
ဉာဏ်လင်းမောင် • ဖြေကြားချက် 2 ခု
ဒေါင်းခြောက်နဲနဲရှီလို
Arafta • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....