အစိမ်းရောင်လမ်း
သစ်သီးပင်များအား မြေဆီလွှာဖုံးပစ္စည်းများဖြင့် ဖုံးအုပ်ပေးခြင်း

သစ်သီးပင်များအား မြေဆီလွှာဖုံးပစ္စည်းများဖြင့် ဖုံးအုပ်ပေးခြင်း

HanPhyoAung
HanPhyoAung 09/01/2018

အပင်များအား မြေဆီလွှာဖုံးပစ္စည်းများဖြင့် ဖုံးအုပ်ပေးခြင်း(Mulching) သည် မြန်မာ့ သစ်သီးပင်စိုက် တောင်သူများအနေဖြင့် ၎င်းဘာသာရပ်ဆိုင်ရာ ဝေါဟာရစကားလုံးအား မရင်းနှီးကောင်းမရင်းနှီးနိုင် သော်လည်း ၎င်းအားလုပ်ကိုင်ဆောင်ရွက်မှုအနေဖြင့် ရင်းနှီးကျွမ်းဝင်ပြီးသား အမှုကိစ္စသာဖြစ်ပါသည်။ အပင်ခြေ ပတ်ပတ်လည်တွင် ကောက်ရိုး၊ မြက်ခြောက်၊ မြေဆွေး၊ ပလပ်စတစ်အစ စသည်တို့ဖြင့် ဖြန့်၍ မြေဆီလွှာအား ဖုံးအုပ်ပေးထားခြင်းဖြစ်ပါသည်။ အပင်များအား Mulching လုပ်ပေးခြင်းသည် ဥယျာဉ်ခြံသီးနှံစိုက်ပျိုး ထုတ်လုပ်မှုတွင် လွယ်ကူအရိုးရှင်းဆုံးနှင့် အကျိုးရှိဆုံးနည်းလမ်းများထဲမှ တစ်ခုအပါအဝင် ဖြစ်ပါသည်။ ယနေ့ ကမ္ဘာတွင် သီးနှံပင်များအား Mulching လုပ်ပေးခြင်းသည် အာရုံစိုက်အရေးထားဆောင်ရွက်လာသော ကိစ္စလည်းဖြစ်ပါသည်။

အပင်များအား မြေဆီလွှာဖုံးပစ္စည်းများဖြင့် ဖုံးအုပ်ပေးခြင်း၏ ကောင်းကျိုးများသည် များပြားလှပေသည်။ အပင်များအား Mulching လုပ်ပေးခြင်းဖြင့်

၁) မြေကြီး၏ အစိုဓာတ်ကို ထိန်းထားပေးခြင်းကြောင့် အပင်အား ရေမကြာခဏပေးသွင်းရခြင်းကို
သက်သာစေခြင်း

၂) မြေကြီး၏ အပူချိန်ကို ထိန်းညှိပေးခြင်း (ဆောင်းအခါနွေးစေပြီး နွေအခါ အေးစေသည်။)

၃) ပေါင်းမြက်များ ပေါက်ရောက်ကြီးထွားမှုကို နှိမ်နင်းပြီးသားဖြစ်ခြင်း

၄) မြေကြီးမှ ရေငွေ့ပျံခြင်း (Evaporation) ကြောင့် အစိုဓာတ်ဆုံးရှုံးခြင်းကို ၁၀-၂၅% အထိ
တားဆီးပေးခြင်း

၅) မြေကြီး၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိတို့ကို တိုးတက်ကောင်းမွန်စေခြင်း

၆) မြေအတွင်း လေဝင်လေထွက်ကို ကောင်းစေနိုင်ခြင်း

၇) စီးကြောင်း (Runoff) များကြောင့် မြေဆီလွှာတိုက်စားမှုကို လျော့နည်းသက်သာစေခြင်း

၈) ပိုးမွှားရောဂါကျရောက်မှုအားလည်း လျော့ပါးသက်သာစေခြင်း

၉) သီးနှံများ ပုံမှန်ထက်စော၍ ပေါ်စေနိုင်ခြင်း

၁၀) မိုးသည်းထန်မှုကြောင့် မြေကြီးများ ကျစ်လစ်မာသွားစေခြင်းမှ လျော့နည်းစေခြင်း

၁၁) မြေဩဇာများ စိမ့်ဝင်ပျောက်ကွယ်ခြင်းကိုလည်း လျော့နည်းစေခြင်း

၁၂) မြေနှင့် ထိ၍ သီးသောသီးနှံများအား သန့်ရှင်းမှုရှိစေခြင်း စသောအကျိုးကျေးဇူးများကို ရရှိစေနိုင်
ပါသည်။

Mulching လုပ်ရာတွင် မြေဆီလွှာဖုံးပစ္စည်းအတော်များများကို အသုံးပြုနိုင်သော်လည်း ၎င်းတို့ကို အဓိကအားဖြင့် (၂) မျိုး (၂) စားသာ တွေ့နိုင်ပါသည်။ ၎င်းးတို့မှာ သြဂင်းနစ်မြေဆီလွှာဖုံးပစ္စည်းများ (Organicmulches) နှင့် အင်သြဂင်းနစ်မြေဆီလွှာဖုံးပစ္စည်းများ (Inorganic mulches) တို့ဖြစ်သည်။

သြဂင်းနစ်မြေဆီလွှာဖုံးပစ္စည်းများမှာ ကောက်ရိုး၊ မြက်ခြောက်များ၊ နွားချေးဆွေး၊ မြေဆွေး၊ သစ်ခေါက်များ၊ မြက်ဖြတ်စများ၊ အရွက်ခြောက်များ၊ မြေပဲခွံ၊ စပါးခွံ၊ ဖွဲပြာ၊ လွှစာမှုန့် စသည်တို့ဖြစ်သည်။ သြဂင်းနစ်မြေဆီလွှာဖုံးပစ္စည်းများသည် မြေကြီး၏ ဂုဏ်သတ္တိများကို တိုးတက်ကောင်းမွန်စေသည်။ ၎င်းတို့သည် တဖြေးဖြေးဆွေးမြေ့သွားပြီး မြေကြီးအား မွစေသော သဘာဝဆွေးမြေ့ပစ္စည်းများ (Organic matter) ကို ထောက်ပံ့ပေးသည်။ ၎င်းသဘာဝ ဆွေးမြေ့ပစ္စည်းများသည် အမြစ်စဉ်ကြီးထွားမှုနှင့် ရေစိမ့်ဝင် စီးဆင်းမှုနှုန်းကို ကောင်းစေပြီး မြေကြီး၏ အစိုဓာတ် ထိန်းသိမ်းထားနိုင်မှု (Water Holding Capacity) ကိုလည်း ကောင်းမွန်စေပါသည်။ ထို့အပြင် သဘာဝဆွေးမြေ့ပစ္စည်းများသည် အပင်အတွက် လိုအပ်သော အာဟာရဓာတ်များ၏ အရင်းအမြစ်များလည်းဖြစ်ပါသည်။ ၎င်းတို့သည် မြေတွင်းရှိ အကျိုးပြုသက်ရှိပိုးမွှားများနှင့် တီကောင်များ ခိုအောင်းကျက်စားရာ ဝန်းကျင်အဖြစ်လည်း ပံ့ပိုးပေးနေသည်။

အင်သြဂင်းနစ်မြေဆီလွှာဖုံးပစ္စည်းများမှာ ပလပ်စတစ်အစများ၊ ကျောက်စရစ်ခဲများ၊ အုတ်နီခဲများ စသည့် တို့ဖြစ်သည်။ ၎င်းတို့အား အပင်များဖြင့် မြေယာအလှဆင်ခြင်းလုပ်ငန်း(Landscaping) တို့တွင် အသုံးများသော်လည်း မြေကြီး၏ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိတို့ကိုမူ တိုးတက်ကောင်းမွန်မှု မရှိပေ။ အလွယ်တကူလည်း မဆွေးမြေ့နိုင်ပေ။

သစ်သီးပင်များအားMulching လုပ်မည်ဆိုသောအခါ သတိထားဆောင်ရွက်သင့်သည်မှာ

အပင်များအား Mulching မလုပ်မီ ပေါင်းမြက်များအား ဦးစွာပထမ ရှင်းလင်းထားဖို့ လိုပါသည်။

မြေဆီလွှာဖုံးပစ္စည်းများအား အပင်နှင့်ထိကပ်နေအောင် Mulching မလုပ်သင့်ပေ။ အပင်ခြေတွင် အစိုဓာတ် အလွန်အကျွံထွက်ခြင်းကြောင့် ရောဂါဖြစ်ပေါ်ပျံ့နှံ့မှုအား တားဆီးကာကွယ်ရန် အနည်းဆုံး အပင်ခြေမှ ၁-၂ လက်မ အထိခွာ၍ Mulching လုပ်ပေးသင့်သည်။

မြေဆီလွှာဖုံးပစ္စည်းများအား အပင်ခြေတွင် များများစုပုံ၍ အလွန်အကျွံ Mulching လုပ်ခြင်းသည် အပင်အတွက် အန္တရာယ်ရှိစေပါသည်။ ပုံ (၁) တွင်ပြထားသကဲ့သို့ ပင်စည်အားမှီ၍ Mulching မြင့်မြင့်ပုံခြင်းကိုမှု ရှောင်ရှားရမည် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် Mulching ၏ ထုအထူသည် ၂-၄ လက်မအတွင်း ဖြစ်ရမည်။ Mulching ထူထူလုပ်ခြင်းသည် ပေါင်းပေါက်မှုအား လျော့နည်းသက်သာစေသော်လည်း ၎င်းကြောင့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်စေနိုင်ပါသည်။ Mulching ထူခြင်းသည် အပင်၏ အမြစ်ဇုံတွင် အစိုဓာတ်များလာစေသောကြောင့် မြစ်ပုပ်ရောဂါ (Root rot) ကို ဖြစ်စေပါသည်။ ပင်စည်အခြေတွင် စုပုံ၍ Mulching လုပ်ခြင်းသည် ပင်စည်တစ်သျှူးသားများကို ဖိစီးမှုဖြစ်စေပြီး ပိုးမွှားရောဂါတို့ကိုလည်း အားပေးရာ ရောက်ပါသည်။ အချို့မြေဆီလွှာဖုံးပစ္စည်းများ (အထူးသဖြင့် မြက်ဖြတ်စများ) သည် မြေချဉ်ငံဓာတ် (pH) ကို သက်ရောက်ပြောင်းလဲမှု ရှိစေပါသည်။ ၎င်းတို့အား ကာလအတန်ကြာ အသုံးပြုလျှင် အပင်အတွက် အာဟာရဓာတ်ချို့တဲ့မှု၊ လွန်ကဲမှုများကို ဖြစ်ပေါ်လာစေနိုင်ပါသည်။

အပင်ငယ်များ၏ အခြေတွင် မြေဆီလွှာဖုံးပစ္စည်းများအား ခပ်မြင့်မြင့်ပုံပေးခြင်းသည်လည်း ကြွက်ကဲ့သို့သော သတ္တဝါများအတွက် ခိုအောင်းရာနေရာ ဖန်တီးပေးသကဲ့သို့ဖြစ်စေပြီး အပင်အား ၎င်းတို့၏ ဖျက်ဆီးမှုအား ခံရစေနိုင်ပါသည်။

အမှုန်အမွှားမြေဆီလွှာဖုံးပစ္စည်းများ (ဥပမာ- လွှစာမှုန့်) အား အသုံးပြုမည်ဆိုလျှင် ၎င်းတို့သည် တဖြည်းဖြည်းကျပ်ခဲလာပြီး မြေအတွင်းသို့ ရေနှင့်လေတို့ ဝင်ရောက်မှုအား တားဆီးပိတ်ပင်သလို ဖြစ်သွားတတ်သည်။ အကယ်၍ လွှစာမှုန့်အား အသုံးပြုမည်ဆိုလျှင် ကောင်းစွာဆွေးမြေ့နေသင့်ပေသည်။ ယင်းသို့မဟုတ်လျှင် ၎င်းတို့သည် ဆွေးမြေ့ရန် မြေကြီးမှ နိုက်ထရိုဂျင်ဓာတ်ကို လုယူသုံးစွဲသွားသောကြောင့် အပင်များအတွက်သုံးစွဲရန် နိုက်ထရိုဂျင်ဓာတ်ကို လျော့နည်းသွားစေပါသည်။

ချဉ်စူးစူးအနံ့ရှိသော မြေဆီလွှာဖုံးပစ္စည်းများ (Sour-smellingmulches) ကိုလည်း Mulching မလုပ်သင့်ပေ။ ၎င်းတို့သည် အပင်ငယ်များကို အဆိပ်ဖြစ်စေသည်။

ထို့ကြောင့် သစ်သီးပင်အား Mulching မလုပ်မီ လုပ်မည့်အပင်၊ မြေအနေထားနှင့် အသုံးပြုမည့် မြေဆီလွှာဖုံးပစ္စည်းများကို ကြည့်ရှု့စစ်ဆေး ထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်သည်။ အကယ်၍ ပင်စည်အခြေထိ Mulching လုပ်မိလျှင် ပင်စည်အခြေနှင့် အမြစ်ဇုံတို့နေရာအား ပေါ်သည့်အထိ ဖယ်ပေးရမည်။ အင်သြဂင်းနစ်မြေဆီလွှာဖုံးပစ္စည်းများထက် မြေ၏ဂုဏ်သတ္တိကို တက်စေသော သြဂင်းနစ် မြေဆီလွှာဖုံးပစ္စည်းများကို သုံးသင့်ပေသည်။ အမြစ်ဇုန်ဧရိယာတစ်ခုလုံး ဖုံးအုပ်မိအောင် အပင်ခြေမှ ၃-၆ ပေ အကွာထိ Mulching လုပ်ပေးသင့်သည်။ ပုံ (၂) တွင်ပြထားသကဲ့သို့ ကျယ်ကျယ်ဖြင့် ထုသိပ်မထူစေဘဲ Mulching လုပ်သင့်ပါသည်။ အပင်များအား မြေဩဇာများကျွေးသောအခါတွင်လည်း ၎င်းမြေဆီလွှာဖုံးပစ္စည်းများအား ဖယ်ရှားရန်မလိုပေ။ ၎င်းတို့အပေါ်မှ ကျွေးရုံဖြင့် အာဟာရဓာတ်များသည် ရေနှင့်အတူအမြစ်ဆီသို့ ရောက်သွားနိုင်သည်။ ရေသွင်းရေထုတ်လွယ်ကူသောနေရာတွင် Mulching ၏ ထုအား ၂ - ၄ လက်မအထိ ထားနိုင်သည်။ ရေသွင်းရေထုတ် မလွယ်ကူသောနေရာများတွင် Mulching ၏ ထုကို ခပ်ပါးပါးသာထားရှိ ဆောင်ရွက်သင့်ပါသည်။ ။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
(ရေးထားခဲ့တာတော့ ကြာပါပြီ။ ရေးတုန်းက မှတ်စုမှာ Reference ရေးဖို့ မေ့သွားခဲ့လို့ ကျမ်းကိုးမဖော်ပြနိုင်တာကို ခွင့်လွတ်ဖို့ စာဖတ်မိတ်ဆွေများအား မေတ္တာရပ်ခံပါတယ်။)

Win Naing

Win Naing

လွန်ခဲ့သော ၅ နှစ် က

ok

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

Ko Shwe Lin • ဖြေကြားချက် 2 ခု

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

ဇော်လင်းအောင် • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....