ရန်ကုန်တိုင်းအပါအဝင် ဒေသအချို့ မနက်ဖြန်ကစ မိုးရွာနိုင်ပြီး အပူချိန်များလည်း လျော့ကျလာနိုင်
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့အတူ မနက်ဖြန် (နေရာအချို့ ဒီညနေပိုင်းကစ) ကစလို့ ရန်ကုန်တိုင်းအပါအဝင် ဒေသအချို့မှာ မိုးအနည်းငယ်ရွာသွန်းမှုတွေ ရှိလာနိုင်ပြီး အပူချိန်တွေလည်း လျော့ကျလာတော့မှာဖြစ်တယ်လို့ နိုင်ငံတကာမိုးလေဝသမိုဒယ်ထုတ်ပြန်ချက် တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ မိုးရွာသွန်းမှုတွေဟာ ဘယ်ဒေသတွေမှာ ဘယ်ရက်တွေမှာ ဖြစ်လာမှာလဲ၊ လက်ရှိလေဖိအား နည်းရပ်ဝန်းအခြေအနေနဲ့ မုန်တိုင်းဖြစ်လာရင် သက်ရောက်နိုင်မယ့်အခြေအနေတွေက ဘယ်လိုရှိနေပြီလဲ ဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ လေဖိအားနည်းရပ်ဝန်းရဲ့နောက်ဆုံးအခြေအနေက ဘယ်လိုဖြစ်နေပြီလဲဆိုတာ ပြောပြပေးပါဦးဆရာ?
“ လောလောဆယ်မှာ သူက အားတော့ပိုကောင်းလာတယ်။ တစ်နာရီကို မိုင် ၃၀ ကျော်လောက်ထိ ဖြစ်လာတယ်။ ဒါပေမဲ့ သူ့ရဲ့တည်နေရာက မြောက်လတ္တီကျု ၁၀ ဒီဂရီရဲ့အောက်မှာပဲရှိနေသေးတယ်။ ဆိုတော့ မြောက်လတ္တီကျု ၁၀ ဒီဂရီရဲ့အထက်ကိုရောက်ပြီဆိုမှ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကိုရောက်မှာ။ ဒါကတော့ ဖော်မြူလာပဲ။ ဒါကတော့ လက်ရှိလေဖိအားနည်းရပ်ဝန်းရဲ့တည်နေရာနဲ့ သူဘယ်လိုဆက်ဖြစ်နိုင်လဲဆိုတဲ့အကြောင်းလေး ကျွန်တော်ပြောပြတာပါ”
“ အဲ့တော့ အခုလောလောဆယ်မှာ ဟာရီကိန်းမိုဒယ်ဆိုတဲ့ ဒီလမ်းကြောင်းတွေကို ခန့်မှန်းတဲ့ အဓိကမိုဒယ် သုံးခုရှိတယ်။ အဲ့ဒါတွေက ECMWF ရယ်၊ GFS ရယ်၊ ပြီးတော့ ကျွန်တော် ဟိုးတစ်နေ့က ပြောတဲ့ ကနေဒါက CMC လို့ခေါ်တဲ့မိုဒယ်ရယ်။ အဲ့ဒီသုံးခုမှာ နှစ်ခုက စစ်တွေနဲ့ကျောက်ဖြူကြားဆိုပြီး ပြနေတယ်။ ECMWF ကတော့ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနယ်စပ်လို့ပြတယ်။ အကုန်လုံးက အရှေ့မြောက်ဘက်ကိုပဲ လာမယ်။ အဲ့သလိုတော့ အခြေအနေရှိတယ်။ (ဆရာဦးဝင်းနိုင်အနေဖြင့် ECMWF က ပိုမှန်တတ်သည်ဟု မှတ်ချက်ပြု)
အဲ့တော့ သုံးခုမှာ နှစ်မဲတစ်မဲဖြစ်နေတာပေါ့။ ဆိုတော့ ဘယ်ဘက်ကို ပေါင်းသွားမလဲဆိုတာတော့ မသိသေးဘူးပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ ရခိုင်ကမ်းရိုးတန်းရဲ့တစ်နေရာကိုဝင်ဖို့ကတော့ ကျိန်းသေသလောက် ရှိတယ်”
အရင်လမ်းကြောင်းတွေတုန်းက ဝင်နိုင်မယ်မှန်းခဲ့တဲ့ ဧရာဝတီကတော့ ဘယ်လိုပဲဖြစ်ဖြစ် လွတ်သွားပြီလား?
“ တည့်တည့်ကတော့ မတိုက်တော့ဘူး။ သို့သော် အဲ့ဒီမှာ ပြန်ပြီးတော့ စဉ်းစားစရာတစ်ချက်ရှိတယ်။ အခုက မုန်တိုင်းအရွယ်အစားကကြီးတယ်။ သူ့အရွယ်အစားကတင် ရခိုင်ကမ်းရိုးတန်းကြီးတစ်ခုစာထက်ကို နည်းနည်းပိုကြီးနေတယ်။ နောက်ပြီးတော့ မုန်တိုင်းရဲ့ဗဟိုလေတိုက်နှုန်းကလည်း တစ်နာရီကို ၁၃၅ မိုင်နှုန်း လောက်ကိုရှိနေတယ်။ အဲ့ဒီတော့ မုန်တိုင်းရွေ့လာတဲ့အချိန်ကျရင် လေတိုက်နှုန်းကော၊ မုန်တိုင်းထဲမှာပါတဲ့ တိမ်တိုက်ရဲ့ထုထည်ကော အပြင်းဆုံးသက်ရောက်မှာက မုန်တိုင်းရဲ့ညာဘက်ခြမ်း။ ဥပမာ - ကျောက်ဖြူကို ဝင်မယ်ဆိုရင် ကျောက်ဖြူကို ဗဟိုထားပြီး အောက်ဘက်ကိုကြည့်မယ်ဆိုရင် ဒီဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ကော၊ ရန်ကုန်တိုင်းကော၊ ပဲခူးတိုင်းကော၊ မကွေးတိုင်းကော ဒီဟာတွေအကုန်လုံးသည် မုန်တိုင်းရဲ့ ညာဘက် ခြမ်းမှာပါနေတယ်။ နေပြည်တော်လည်းပါတယ်။ ရှမ်းတောင်၊ ကယား၊ ကရင်၊ မွန် ပြည်နယ်တွေလည်း ပါတယ်။ ဒီဟာတွေအကုန်လုံးက ညာဘက်ခြမ်းမှာရှိနေတဲ့အတွက် လေတိုက်နှုန်းက ဘယ်ဘက်ခြမ်းထက်ပိုပြင်းမယ်။ နောက်တစ်ခုက မုန်တိုင်းရဲ့ထုထည် တိမ်တိုက်တွေရဲ့သက်ရောက်မှုပိုများမယ်။ ဒါတွေကို ခြုံပြီး ပြောရရင်တော့ လေပြင်းမယ်၊ မိုးပြင်းမယ်ပေါ့ဗျာ”
ဆိုတော့ မိုးတွေက ဘယ်တော့စရွာနိုင်မလဲဆရာ ?

“ မိုးရွာမယ့်အနေအထားတွေကို ကြည့်တဲ့အခါကျတော့ ဒီနေ့ ညနေ ၆ နာရီလောက်ကစပြီး တနင်္သာရီ တောင်ပိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ နောက်ပြီးတော့ မန္တလေးမြို့ရဲ့တောင်ဘက် နေပြည်တော်အထိပေါ့။ နောက်ပြီးတော့ ရှမ်း ပြည်နယ်အရှေ့ခြမ်း အဲ့ဒီနေရာတွေမှာက လက်မဝက်လောက် မိုးလေးတွေ စရွာတော့မယ်။ ပြီးတော့ မနက်ဖြန် နောက်ထပ် ၂၄ နာရီအတွင်းဆိုရင် တနင်္သာရီတိုင်းတစ်ခုလုံးပါလာတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ် မိုးပါးတယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ နောက် မန္တလေးတိုင်း ရှမ်းပြည်နယ် အဲ့ဒီနေရာတွေမှာ လည်း လက်မဝက်၊ တစ်လက်မလောက်နီးပါးထိ မိုးရွာလာမယ်။ အပူချိန်တွေလည်း ကျသွားတော့မယ်”

“ အဲ့ဒီတော့ လာမယ့် ၇၂ နာရီ၊ နောက်လာမယ့် ၃ ရက် သွားမယ်ဆိုရင် ရန်ကုန်တိုင်းမှာတင်ကိုပဲ စုစုပေါင်း မိုးရေချိန်က တစ်လက်မကျော်ထိရွာပြီ။ နောက် ပဲခူးတိုင်းတို့၊ နေပြည်တော်တို့ အဲ့ဒီနေရာတွေမှာလည်း တစ်လက်မခွဲလောက်ရွာပြီ။ နောက် ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေးတိုင်း၊ နောက်ရှမ်းပြည်နယ်တစ်ခုလုံး၊ ဧရာဝတီတိုင်းတစ်ခုလုံး၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ အနောက်ခြမ်းတစ်ခုလုံး၊ နောက် မကွေးတိုင်းက ပါးပါး၊ ရခိုင် ပြည်နယ်တော့ ရခိုင်ရိုးမပေါ်လောက်ပဲ”

“ အဲ့တော့ နောက် ၃ ရက်ကနေ ၅ ရက်အတွင်းကျရင်တော့ ကချင်ပြည်နယ်ကလွဲလို့ ကျန်တဲ့တိုင်းနဲ့ပြည်နယ် အကုန်လုံး မိုးများပြီ။ များပြီဆိုတာက ၄ လက်မ၊ ၅ လက်မလောက်ထိကို ရွာမှာ”

“ နောက် ၅ ရက်ကနေ ၁၀ ရက်အတွင်းဆိုရင်တော့ တစ်နိုင်ငံလုံး မိုးရွာနိုင်တယ်။ မိုးများနိုင်တဲ့ဒေသတွေကတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တွေဖြစ်မယ်။ နည်းနိုင်တာဆိုလို့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းပဲရှိမယ်။ ဒါတောင် စစ်ကိုင်းတိုင်းဆို နေရာကွက်ပြီး မိုးများနိုင်သေးတယ်”
ဒါဆို မနက်ဖြန်ကစပြီး တစ်နိုင်ငံလုံး အပူချိန်တွေ ကျသွားတော့မှာလား?
“ အကုန်လုံးတော့မကျသေးဘူး။ မနက်ဖြန်ဆိုရင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒါတွေပဲပါမယ်။ မွန်ပြည်နယ်တောင် မပါသေးဘူး”
(မှတ်ချက်။ ။ မုန်တိုင်းများ၏သဘောသဘာဝအရ နေ့စဉ်လမ်းကြောင်းပြောင်းလဲသွားမှုများ အနည်းငယ်ရှိတတ်ပါသည်။ Green Way_အစိမ်းရောင်လမ်းအနေဖြင့် ယင်းကဲ့သို့နေ့စဉ်ပြောင်းလဲမှုများရှိမရှိအပေါ် ဆရာဦးဝင်းနိုင်ထံ ဆက်သွယ်မေးမြန်းပြီး ဆက်တိုက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။)
Photos Crd_U Win Naing
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ဦး ကျော် စိုး
လွန်ခဲ့သော ၃ နှစ် ကဧရာဝတီ တိုင်း ၊ကြံခင်းမြို့နယ်ဘက်မှာမိုးမရွာသေးပါ ဘယ် တော့လောက်ရွာမယ်လေတိုက်နှုန်းလေးတွေသိချင်ပါတယ်ခင်ဗျ
SKD SHRING
လွန်ခဲ့သော ၃ နှစ် ကတင်ဆက်တာ နှေးလွန်းတယ်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....