ကီးစတုန်းမျိုးစိတ်များ မိတ်ဆက် (၃) - GreenWorldအယူအဆ
သဘာဝဝန်းကျင်သည် သက်ငြိမ်ပန်းချီကားတစ်ချပ် ဆိုပါစို့။
' ပန်းချီကားထဲတွင် နေမင်းကြီးသည် လောကဓာတ်ကြီးတစ်ခုလုံးကို အလင်းရောင်ပေးလျက်ရှိသည်။ နေရောင်ခြည်အောက်တွင် စိမ်းစိုအုံ့ဆိုင်းနေသော သစ်တောကြီးတစ်ခု ရှင်သန်ပေါက်ရောက်နေသည်။ သစ်တောအလယ်ရှိ ရေအိုင်ငယ်လေးနံဘေးက မြက်ခင်းစိမ်းစိမ်းပေါ်တွင် သမင်၊ ဒရယ်၊ ချေ၊ စိုင်၊ ဆတ် စသော တိရစ္ဆာန်ငယ်များ အုပ်စုလိုက် ကျက်စားပျော်ပါးနေကြသည်။ တောအုပ်ထဲတွင်တော့ အနှီတိရစ္ဆာန်ငယ်လေးများထဲမှ တစ်ကောင်ကောင်ကို သားကောင်အဖြစ် ဖမ်းယူစားသောက်ရန်အတွက် အလစ်အငိုက်ကို ချောင်းနေသော ကျားတစ်ကောင် ရှိနေသည်'
ထိုပန်းချီကားသည် အနုပညာပစ္စည်းတစ်ခု ဖြစ်သော်လည်း တချိန်တည်းတွင် သိပ္ပံနည်းကျစွာပင် ဂေဟစနစ်တစ်ခုအတွင်းက အစာကွင်းဆက်ကို ထင်ဟပ်ဖော်ပြနေသည်။
နေရောင်ခြည်ထံမှ စွမ်းအင်ကို အသုံးချကာ အပင် (Plant) တို့က အစာချက်လုပ်ကြသည်။ အပင်များကို အရွက်စားတိရစ္ဆာန် (Herbivore) များက စားသောက်ကြသည်။ အရွက်စားသတ္တဝါများကို သားရဲတိရစ္ဆာန် (Predator) များက ဖမ်းယူစားသောက်ကြသည်။ ယင်းတို့သေဆုံးသွားသည့်အခါ မြေဆီလွှာအတွင်းသို့ ဆွေးမြည့်ဝင်ရောက်သွားကာ အပင်များအတွက် အာဟာရကို ပြန် လည်ဖြစ်ပေါ်စေပါသည်။

ထိုအစာကွင်းဆက်ကို သိပ္ပံပညာရှင်များက ပိရမစ်ပုံ မော်ဒယ်တည်ဆောက်ကြည့်ကြသည်။ ပိရမစ်၏ ကျယ်ပြန့်သော အောက်ခြေအပိုင်းသည် အပင်များ ဖြစ်သည်။ အရေအတွက်အားဖြင့် များပြားလှသည့်အတွက် ပိရမစ်၏ ကျယ်ပြန့်သော အပိုင်းဖြင့် တင်စားထားကြသည်။ တဖန် အစာကွင်းဆက်၏ အစ၊ အခြေခံအကျဆုံးအစိတ်အပိုင်းလည်းဖြစ်ရာ ပိရမစ်၏ အောက်ခြေပိုင်းဖြင့် ထင်ဟပ်ဖော်ပြခြင်းဖြစ်သည်။ အပင်များသည် ဂေဟစနစ်အတွင်း အစာကို ထိပ်ဆုံးမှ စတင်ထုတ်လုပ်သူများဖြစ်ရာ ၎င်းတို့ကို ထုတ်လုပ်သူ (Producer) များဟုလည်း ခေါ်သည်။
အပင်များကို အဓိကစားသုံးကြသည့် အရွက်စားသတ္တဝါများကိုမူ ပိရမစ်၏ အလယ်တွင်ထားရှိကာ ဖော်ပြကြသည်။ ယင်းတို့သည် အစာကွင်းဆက်အတွင်း အရေအတွက်အားဖြင့် အပင်များထက် နည်းသည်။ သားရဲတိရစ္ဆာန်များထက် များသည်။ တဖန် ၄င်းတို့သည် အောက်ခြေရှိ အပင်များကို စားကာ ရှင်သန်ကြီးထွားကြသည်။ တပြိုင်နက်တည်းတွင် ပိရမစ်၏ အပေါ်ဆုံးရှိ သားရဲတိရစ္ဆာန်များ၏ ဖမ်းယူစားသောက်ခြင်းကို ခံကြရသည်။
ပိရမစ်၏ ထိပ်ဆုံးတွင်ရှိသော သားရဲတိရစ္ဆာန်များကတော့ အရေအတွက် အနည်းဆုံးဖြစ်ပေသည်။
ယင်းမော်ဒယ်ကို အခြေခံကာ သိပ္ပံပညာရှင်များက အဖြေထုတ်ကြသည်မှာ မျိုးစိတ်အရေအတွက်၊ မျိုးစိတ်အတွင်းရှိ သတ္တဝါအရေအတွက်တို့ကို ၄င်းတို့အတွက် အစာရရှိနိုင်မှုက ဆုံးဖြတ်သည် ဟူသည့် အချက်ဖြစ်သည်။
အပင်များ ပေါက်ရောက်ရှင်သန်မှုပေါ်မူတည်၍ အရွက်စားသတ္တဝါများ ရှင်သန်ကြရသည်။ ဆိုလို သည်က အပင်အရေအတွက်က ၄င်းတို့၏ အရေအတွက်ကို ထိန်းချုပ်သည်။ အရွက်စားသတ္တဝါများသည် သားရဲတိရစ္ဆာန်များ၏ အစာဖြစ်ရာ၊ အရွက်စားသတ္တဝါအရေအတွက်က သားရဲတိရစ္ဆာန်များ၏ အရေအတွက်ကို ထိန်းချုပ်ထားသည်။ ဆိုလိုသည်က ပိရမစ်အတွင်း မျိုးစိတ်များရှင်သန်ပုံမှာ အောက်မှအထက်သို့ ထိန်းချုပ်ထားသည့် ပုံစံ (bottom up) ဖြစ်သည်။ ထို့ကြောင့် ဂေဟစနစ်အတွင်း မျိုးစိတ်များရှင်သန်ရေးအတွက် သားရဲတိရစ္ဆာန်များ၏ အခန်းကဏ္ဍ လုံးဝမရှိသကဲ့သို့ ဖြစ်နေသည်။
ယင်းအယူအဆအပေါ် သံသယရှိသူမှာ ပါမောက္ခဖရတ်စမစ် ဖြစ်သည်။ သူသည် အစာကွင်းဆက် ပိရမစ်အတွင်း အပေါ်မှအောက်သို့ ထိန်းချုပ်ထားမှု တစ်ခုခု ရှိနေသလားဆိုသည့်အချက်ကို စဉ်းစားနေခဲ့သည်။ ဂေဟစနစ်အတွင်း ဇီဝမျိုးကွဲများ စုံလင်စွာရှင်သန်နိုင်ရေးအတွက် သားရဲ တိရစ္ဆာန်များက အနည်းနှင့်အများ တာဝန်ယူထားသည်ဟု သူက ယူဆသည်။
ယခင်က သိပ္ပံပညာရှင်များ ယူဆထားသည့် ပိရမစ်ပုံစံအစာကွင်းဆက်မှာ ယုတ္တိရှိကာ ရှင်းလင်းလှသည်ဆိုသော်လည်း “အရွက်စားသတ္တဝါအရေအတွက်သည် အပင်များ ကုန်သွားလောက်အောင် များပြားမလာခြင်းက အဘယ်ကြောင့်နည်း” ဟူသည့် မေးခွန်းကို ရှင်းရှင်းလင်းလင်း မဖြေဆိုနိုင်ခဲ့ပေ။
မျိုးစိတ်တစ်ခု၏ အရေအတွက်ကို ယင်းမျိုးစိတ်၏ အစာရရှိနိုင်မှုက ထိန်းချုပ်သည်ဟု ဆိုလျှင် အရွက်စားသတ္တဝါများသည် ယင်းတို့၏ အစာဖြစ်သော အပင်များ ကုန်သွားသည်အထိ ပွားများလာရမည် ဖြစ်သည်။ အစာကုန်သွားသည့်အချိန်ရောက်မှ အရေအတွက်က ရပ်တန့်သွားရမည် ဖြစ်ပေသည်။
သတ္တဗေဒဌာန စာသင်ခန်းပြတင်းပေါက်မှ လှမ်းမြင်နေရသော သစ်ပင်ကြီးသည် အဘယ်ကြောင့် အမြဲတမ်းနီးပါး စိမ်းစိုနေရပါသနည်း။ အရွက်များဝေဆာနေရပါသနည်း။ တကယ်ဆိုလျှင် ၄င်းသစ်ပင်ကြီးပေါ်ရှိ အရွက်များ ကုန်ခါနီးအထိ အရွက်စားသတ္တဝါလေးများက စားသောက်ပစ်ရမည် မဟုတ်ပါလား။
ယခုတော့ဖြင့် သစ်ပင်ကြီးမှာ အရွက်၊ အပွင့်၊ အသီးတို့ဖြင့် ပုံမှန်ရှင်သန်စိမ်းလန်းနေသည်။ ကမ္ဘာကြီးသည် (လူတို့ပယောဂ မပါပါက) သစ်ပင်၊ သစ်တောများဖြင့် အဆက်မပြတ် စိမ်းလန်းနေသည်။ကမ္ဘာကြီးကို ထိုသို့စိမ်းလန်းနေအောင် ထိန်းကျောင်းပေးသည့် အရာတစ်ခုခုတော့ဖြင့် ရှိကို ရှိနေမည်ဟု ပါမောက္ခဖရတ်က ယူဆသည်။
ထိုယူဆချက်ကြောင့်ပင် စာသင်ခန်းထဲတွင် အလွန်ရိုးရှင်းသလောက် အလွန်ဆန်းကျယ်လှသည့် မေးခွန်းကို သူ့တပည့်များအား မေးမြန်းခဲ့ခြင်းဖြစ်သည်။
“သစ်ပင်တွေက ဘာကြောင့် စိမ်းလန်းနေရတာလဲ”
“သစ်ရွက်တွေကို စိမ်းစိုပြီး သစ်ပင်တွေထက်မှာ နေထိုင်ဖို့ ဘယ်သူတွေက ခွင့်ပြုထားတာလဲ”
သည်မေးခွန်းအတွက် ပါမောက္ခဖရတ်တွင် အဖြေရှိနေပါသည်။ သူ့အဖြေက ရိုးရှင်း လွယ်ကူလွန်းလှသည်။
“အရွက်စားသတ္တဝါတွေရဲ့ အရေအတွက်ဟာ သစ်ပင်တွေ၊ အရွက်တွေ ကုန်သွားတဲ့အောင် စားသောက်ပစ်နိုင်လောက်တဲ့အထိ များပြားမလာအောင် သားရဲတိရစ္ဆာန်တွေက ထိန်းချုပ်ထားလို့ ဖြစ်တယ်”
ပါမောက္ခဖရတ်၏ အယူအဆသည် ရှေ့က ပညာရှင်များ ယူဆခဲ့သည့် ပိရမစ်ပုံစံ အစာကွင်းဆက်ကို ပြောင်းပြန်ပြန်လှန်သည့် အယူအဆ (top down ပုံစံ) ဖြစ်သည်။
အပင်များကို အရွက်စားသတ္တဝါများက စားသုံးသည်။ အရွက်စားသတ္တဝါကို သားရဲတိရစ္ဆာန်များက စားကြသည်။ ထို့ကြောင့် အဆင့်တိုင်းတွင် အစာရရှိနိုင်မှုမှာ တဖြည်းဖြည်း လျော့ကျသွားပြီး အဆင့်တဆင့်ချင်းစီရှိ မျိုးစိတ်အရေအတွက်၊ သတ္တဝါအရေအတွက်က နည်းလာသည်။ သို့သော် သားရဲတိရစ္ဆာန်များက အရွက်စားသတ္တဝါများကို စားသုံးပေးနေခြင်းဖြင့် အရွက်စားသတ္တဝါများ၏ အရေအတွက်ကို ပြန်လည်ထိန်းချုပ်ထားသည်။ အရွက်စားသတ္တဝါများ အဆမတန် များပြားလာခြင်း မရှိသဖြင့် အပင်များက မျိုးသုဉ်းပျောက်ကွယ်မသွားဘဲ ဆက်လက်ရှင်သန်နေသည်။ အပင်များ ဆက်လက်ရှင်သန်မှသာလျှင် ပိရမစ်အတွင်းရှိ သက်ရှိများ ကောင်းစွာ ဆက်လက်ရှင်သန်နိုင်မည် ဖြစ်သည်။
ယင်းအချက်ကို တွေ့ရှိထားသည့် ပါမောက္ခဖရတ် က သူ၏ လုပ်ဖော်ကိုင်ဖက် နှစ်ဦး ဖြစ်သည့် နယ်လ်ဆင်ဟဲစတန် (Nelson Hairston)၊ လော်ရန့် စလိုဘော်ကင် (Lawrence Slobodkin) တို့နှင့် အတူ အယူအဆတစ်ရပ်ကို တင်ပြခဲ့သည်။
“အရွက်စားသတ္တဝါအရေအတွက်ကို ၄င်းတို့၏အစာဖြစ်သော အပင်အရေအတွက်ကသာမက ၄င်းတို့ကို ဖမ်းယူစားသောက်ကြသည့် သားရဲတိရစ္ဆာန်များ၏ အရေအတွက်ကပါ ထိန်းချုပ်ထားသည်” ဟူသော အယူအဆဖြစ်သည်။
ဂေဟစနစ်အတွင်း အပင်၊ အရွက်စားသတ္တဝါ၊ သားရဲတရိစ္ဆာန်များသည် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းရင်း ဂေဟစနစ်ကြီး ရှေ့ဆက်ရှင်သန်အောင် စွမ်းဆောင်နေကြသည်။ ထို့ကြောင့် သူတို့အားလုံးမှာ ဂေဟစနစ်အတွက် တူညီစွာ အရေးကြီးကြသည်။ သို့ရာတွင် တချို့မျိုးစိတ်များက ဂေဟစနစ်အတွက် ပို၍ အရေးကြီးနေသည်။
ပိရမစ်အတွင်းရှိ သားရဲတိရစ္ဆာန်မျိုးစိတ်သည် အကြောင်းတစ်ခုခုကြောင့် မျိုးသုဉ်းပျောက်ကွယ်သွားသည်ဆိုပါစို့။ ၄င်းတို့မရှိသဖြင့် ၄င်းတို့၏အစာဖြစ်သော အရွက်စားသတ္တဝါများမှာ အထိန်း အကွပ်မဲ့ ပွားများလာကြမည်ဖြစ်သည်။ ထိုသို့ပွားများလာသည့် အရွက်စားသတ္တဝါများသည် အပင်များကို အထိန်းအကွပ်မဲ့ စားသောက်ကြတော့မည် ဖြစ်သည်။ နောက်ဆုံးတွင် အပင်များ ကုန်ဆုံးသွားမည် ဖြစ်သည်။ အပင်များ မရှိတော့သည့်အခါ အရွက်စားမျိုးစိတ်များပါ အစာပြတ်လပ်ကာ သေဆုံးသွားကြရမည် ဖြစ်သည်။
ထို့ကြောင့် ဂေဟစနစ်တစ်ခုအတွင်း သားရဲတိရစ္ဆာန်များသည် ယင်းဂေဟစနစ် ရှင်သန်ရေးအတွက် အဓိကကျသည့်နေရာမှ ပါဝင်နေကြသည်။ တနည်းအားဖြင့် ကမ္ဘာမြေကြီး စိမ်းလန်းနေရသည့် အကြောင်းအရင်းများထဲတွင် သားရဲတိရစ္ဆာန်များသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။
ယင်းအယူအဆသည် နောင်အခါ Green World Hypothesis ဖြစ်လာသည်။ အယူအဆတစ်ရပ် ထွက်ပေါ်လာပြီးနောက်တွင် ယင်းအယူအဆ မှန်ကန်ကြောင်းကို သိပ္ပံနည်းကျ သက်သေထူရမည်မှာ ဓမ္မတာပင် ဖြစ်သည်။ ယင်းတာဝန်ကို မည်သူက ထမ်းဆောင်ပါမည်နည်း။
#ခိုင်ကြည်သစ်
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ဂေဟစနစ်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from Khaing Kyi Thit
အားလုံး