အစိမ်းရောင်လမ်း
ရေဆိုးကနေ ရေသန့်ဖြစ်အောင်ပြောင်းထားတဲ့ စင်္ကာပူနိုင်ငံရဲ့ NEWater

ရေဆိုးကနေ ရေသန့်ဖြစ်အောင်ပြောင်းထားတဲ့ စင်္ကာပူနိုင်ငံရဲ့ NEWater

Khaing Kyi Thit
Khaing Kyi Thit 20/11/2023

စင်ကာပူနိုင်ငံလေးအတွက် သောက်သုံးရေကို Four national taps လို့ခေါ်တဲ့ ရေအရင်းအမြစ် ၄ ခုကနေ ရရှိပါတယ်။ အဲဒီထဲက လက်ရှိအချိန်မှာ အဓိကအကျဆုံး အရင်းအမြစ်ကတော့ မလေးရှားနိုင်ငံ ဂျိုဟာပြည်နယ်က ဝယ်ယူသုံးစွဲတဲ့ရေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ရေအရင်းအမြစ်က အမှန်သုံးစွဲမှုရဲ့ တစ်ဝက်လောက်ပဲ ရရှိနိုင်သလို လက်ရှိ ရေအရောင်းအဝယ် စာချုပ်တွေအရ ၂၀၆၁ ခုနှစ်အထိပဲ ရေရှိနိုင်မှာပါ။

ရေအရောင်းအဝယ်စာချုပ်အကြောင်းဖတ်ချင်ရင်တော့>>> စင်ကာပူနဲ့ မလေးရှားတို့ရဲ့ စိတ်ဝင်စားစရာ ရေအရောင်းအဝယ်စာချုပ်အကြောင်း

ဒါကြောင့် စင်ကာပူဟာ အခုကတည်းက အခြား ရေရှည်တည်တံ့နိုင်တဲ့ ရေအရင်းအမြစ်တွေ ရှာဖွေဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ NEWater ဟာ စင်ကာပူနိုင်ငံရဲ့အရေးကြီးတဲ့ ရေအရင်းအမြစ်တစ်ခု ဖြစ်လာနေပါတယ်။

NEWater ဆိုတာ

NEWater ဆိုတာ New (အသစ်) နဲ့ Water (ရေ) ဆိုတဲ့ စကားလုံးနှစ်ခုကို ပေါင်းစပ်ပြီး ခေါ်ဝေါ်တာပါ။ အများပြည်သူအသုံးပြုပြီး စွန်ပစ်လိုက်တဲ့ ရေဆိုး (waste water) ကို သောက်သုံးလို့ရတဲ့အထိ ပြန်လည် ပြုပြင်ထုတ်လုပ်ထားတဲ့ ရေ ဖြစ်ပါတယ်။

NEWater ကို ယေဘုယျအားဖြင့် recycled water လို့ အလွယ်နားလည်ကြည့်နိုင်ပေမယ့် စင်ကာပူကတော့ reclaimed water လို့ သေသေချာချာ ရွေးချယ်သုံးနှုန်းဖော်ပြပါတယ်။ 

Recyled ဆိုတာ အသုံးမလိုတော့လို့ စွန့်ပစ်လိုက်တဲ့ အရာတွေကို အခြားနည်းနဲ့ အသုံးဝင်အောင် ပြန်လုပ်ဆောင်တာမျိုး အဓိပ္ပာယ် ကောက်ယူနိုင်ပါတယ်။ Reclaimed ကတော့ စွန့်ပစ်လိုက်တဲ့ထဲ ပါသွားတဲ့ အဖိုးတန်ပြီး၊ အသုံးဝင်တဲ့အရာတွေကို နဂိုမူရင်းအတိုင်း တန်ဖိုးမပျက်၊ အသုံးဝင်ပုံမပြောင်းလဲဘဲ ပြန်လည်ရယူတာ ဖြစ်ပါတယ်။ NEWater ဟာ ရေဆိုးကို ပြန်သန့်စင်ထားတာ ဆိုပေမယ့် ရေသန့်အတိုင်း ပြန်လည်သောက်သုံးနိုင်အောင် သန့်စင် ထုတ်လုပ်ထားတဲ့ရေဖြစ်ကြောင်း reclaimed water ဆိုတဲ့ အသုံးအနှုန်းက ထင်ရှား စေပါတယ်။ တစ်ဖက်မှာလည်း NEWater ဆိုတဲ့ အမှတ်အသားက "ရေအသစ် (New water)" ၊ တနည်းအားဖြင့် ရေသန့် ပဲ ဖြစ်ကြောင်း ဖော်ပြနေတာပါ။ 

NEWater ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ရေရဲ့အရည်အသွေးနဲ့ ပတ်သက်ပြီး "အလွန့်အလွန် သန့်ရှင်းပြီး သောက်သုံးနိုင်သည်အထိ ဘေးကင်းစိတ်ချရသော ရေ “ultra-clean and safe to drink” လို့လည်း ဖော်ပြထားပါတယ်။ 

သမိုင်းကြောင်း

စင်ကာပူရဲ့ ကိုယ့်ရေ ကိုယ်သောက်နိုင်ရေး မျှော်မှန်းချက်ဟာ ၂၀၆၁ ခုနှစ်မှာ စတင်ပါမယ်။ ဒါပေမယ့် ဒီရည်မှန်းချက်ကို ရောက်ဖို့ စတင်ကြိုးပမ်းနေတာ ၁၉၇၀ ပြည့်လွန် ကာလတွေကတည်းကပါ။ ၁၉၇၂ မှာ ပထမဆုံး ရေအသုံးချရေး မာစတာပလန် master plan မူကြမ်း ထွက်လာပါတယ်။ အဲဒီ မာစတာပလန်ထဲမှာ Reclaimed water နဲ့ ပင်လယ်ရေကို ရေချိုဖြစ်အောင်လုပ်မယ့် Desalination တွေကို ထည့်သွင်းပြီး အဆိုပြုထားပါတယ်။ 

၁၉၇၄ မှာ ပထမဆုံးသော ရေဆိုး သန့်စင်စက်ရုံ ကို Jurong မှာ တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နှစ်အကြာမှာ စီမံကိန်းကို ရပ်ပစ်ခဲ့ရပါတယ်။ စင်ကာပူမှာ reclaimed water ထုတ်ဖို့ လုံလောက်တဲ့ နည်းပညာ မရှိသေးတာရယ်၊ အရင်းအနှီးကြီးပြီး တွက်ချေ မကိုက်နိုင်တာကို သိလာတာရယ်ကြောင့်ပါ။ 

၁၉၉၈ ခုနှစ်ရောက်မှ PUB နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနပေါင်းပြီး reclaimed water ထုတ်လုပ်ဖို့ နည်းပညာအရ ဖြစ်နိုင်ပြီလား၊ စင်ကာပူရဲ့ လက်ရှိစီးပွားရေးအခြေအနေနဲ့ တွက်ချေကိုက်လားစတဲ့ လေ့လာမှု (NEWater Study) တွေ ပြန်လည် လုပ်ဆောင်ပါတယ်။ 

PUB ဟာ ဌာနက ပညာရှင် နှစ်ယောက်ကို အမေရိကန်ပြည်ထောင်စုဆီ ရက်သတ္တပတ် နှစ်ပတ်ကြာ လေ့လာရေးစေလွှတ်ပြီး ရေဆိုးသန့်စင်သုံးစွဲရေး နည်းပညာတွေကို လေ့လာစေပါတယ်။ ပညာရှင် နှစ်ယောက်ရဲ့ လေ့လာမှုအရ၊ ၁၉၇၀ ခုနှစ်က အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် ရေဆိုးသန့်စင်သုံးစွဲမှု နည်းပညာတွေဟာ အများကြီး ပိုအဆင့်မြင့်လာသလို၊ ဈေးနှုန်းလည်း အလွန်သက်သာသွားပြီ ဆိုတာ တွေ့ခဲ့ရပါတယ်။ ဒါကပဲ NEWater အတွက် ခြေလှမ်း ပြန်စနိုင်စေခဲ့ပါတယ်။ 

၂၀၀၀ ပြည့်နှစ် မေလမှာတော့ Bedok မှာ ပထမဆုံး NEWater စမ်းသပ်စက်ရုံကို စတင်လည်ပတ်နိုင်ခဲ့ပါတယ်။ စက်ရုံက ထုတ်လုပ်တဲ့ ရေတွေကို ၂၀၀၂ ခုနှစ်အထိ စမ်းသပ်မှုတွေ ဆောင်ရွက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ အမေရိကန်ပြည်ထောင်စု ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ (US EPA) တို့ရဲ့ သောက်ရေ ထုတ်လုပ်မှု လမ်းညွှန်ချက်၊ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီခြင်း ရှိ၊ မရှိ တိုက်ဆိုင် စစ်ဆေးတယ်လို့ ဆိုပါတယ်။  

စမ်းသပ်မှု ရလဒ်တွေကို အကဲဖြတ်ဖို့ ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးပါတယ်။ လိုအပ်ချက်တွေကို အကြံဉာဏ် ရယူပါတယ်။ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီးနောက်မှာ အဲဒီအဖွဲ့က Bedok စက်ရုံရဲ့ NEWater ဟာ သောက်သုံးနိုင်တဲ့ အဆင့်ဖြစ်ကြောင်း ‌ထောက်ခံ‌ချက် ပေးပါတယ်။ 

Planned IPU 

NEWater ကို သောက်ရေအဖြစ် တိုက်ရိုက် အသုံးပြုနိုင်ပေမယ့် အဲဒီလို တိုက်ရိုက် မသုံးဘဲ planned indirect potable use (planned IPU) အဖြစ်သာ အသုံးပြုဖို့ တာဝန်ရှိသူတွေက စဉ်းစား‌ရွေးချယ်ခဲ့ကြပါတယ်။ planned IPU ဆိုတာကတော့ NEWater ကို အခြားအရင်းအမြစ်တွေက ရရှိတဲ့ ပုံမှန် သောက်သုံးရေ တွေနဲ့ ရောနှောပြီး၊ အဲဒီပုံမှန်ရေတွေမှာ ဆောင်ရွက်တဲ့ ရေသန့်စင်စနစ်တွေကို ထပ်မံဖြတ်သန်းစေပြီးနောက်မှ အများပြည်သူသုံးစွဲတဲ့ ရေလိုင်းတွေထဲ ပို့လွှတ် တာ ဖြစ်ပါတယ်။ 

ဘာကြောင့် ဒီလို လုပ်ရသလဲ ဆိုရင် အကြောင်းပြချက် ၃ ခု ရှိပါတယ်။ 

  • NEWater အဖြစ် သန့်စင်တဲ့အခါ သန့်စင်လွန်းအားကြီးတဲ့အတွက် အနည်းလိုသတ္တုဓာတ် (trace minerals) တွေပါ ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် အဲဒီ NEWater ချည်း သောက်ရင် သောက်သုံးသူအတွက် လုံလောက်တဲ့ trace minerals တွေ မရတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အခြား ပုံမှန်ရေတွေနဲ့ ရောပေးလိုက်ပြီး trace minerals ပါရအောင် လုပ်ပေးလိုက်တာပါ။ ဒါက ပထမအချက်ပါ။ 
  • Planned IPU သုံးတဲ့အတွက် စက်ရုံက NEWater တွေ ထွက်လာပြီးနောက် အကုန်လုံး တန်းသုံးစရာ မလိုတော့ဘဲ ရေလှောင်ကန်တွေထဲ ခဏလှောင်ထားလို့ ရသွားပါတယ်။ ဒါက ရေအသုံးပြုမှုကို စီမံခန့်ခွဲဖို့ ပိုလွယ်သွား စေပါတယ်။ ဒါက ဒုတိယအချက်ပါ။
  • တတိယ အချက်ကတော့ ပြည်သူတွေအနေနဲ့ NEWater ကို လက်ခံသောက်သုံးနိုင်အောင်ပါ။ သုံးပြီးသား ရေဆိုးတွေကို ပြန်သန့်စင်ထားတဲ့ ရေတွေချည်း သောက်နေရတယ် ဆိုတဲ့ ခံစားချက်မျိုး မဖြစ်ဘဲ၊ ပုံမှန်ရေအရင်းအမြစ်က လာတဲ့ သောက်ရေကို ယခင်အတိုင်း သောက်သုံးနေရတယ် ဆိုတဲ့ ခံစားချက်မျိုး ရနိုင်အောင် ဖြစ်ပါတယ်။ 

NEWater စက်ရုံများ

Bedok က ပထမဆုံး NEWater စက်ရုံနဲ့ Kranji က ဒုတိယစက်ရုံတို့ဟာ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလမှာ အပြည့်အဝ စတင်လည်ပတ်ပါတယ်။ Seletar မှာ တတိယစက်ရုံကို ၂၀၀၄ ဇန်နဝါရီမှာ ဖွင့်လှစ်နိုင်ခဲ့ပြန်ပါတယ်။ 

၂၀၀၇ ခုနှစ်မှာ စတုတ္ထမြောက်စက်ရုံကို Ulu Pandan မှာ ဖွင့်ခဲ့ပါတယ်။ ထူးခြားတာက ဒီစက်ရုံ တည်ထောင်လည်ပတ်မှု အစ အဆုံး၊ ပုဂ္ဂလိက ကုမ္ပဏီက ဆောင်ရွက်တာ ဖြစ်ပါတယ်။ Keppel Seghers ကုမ္ပဏီက ပိုင်ဆိုင်တဲ့ အဲဒီစက်ရုံဟာ တစ်ရက်ကို NEWater ဂါလံပေါင်း ၃၂ သန်းနှုန်းနဲ့ နှစ်ပေါင်း ၂၀ ကြာအောင် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ 

၂၀၀၈ ခုနှစ် ဇန်နဝါရီလမှာ‌တော့ တစ်ရက် ရေဂါလံ သန်း ၅၀ ထုတ်လုပ်ပေးနိုင်မယ့် စက်ရုံကို တည်ဆောက်လည်ပတ်ဖို့ Sembcorp Industries ကုမ္ပဏီကို တာဝန်ပေးခဲ့ပါတယ်။ ပဉ္စမမြောက်နဲ့ အကြီးဆုံး NEWater စက်ရုံဖြစ်တဲ့ အဲဒီစက်ရုံကို ၂၀၁၀ မေလက Changi မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

စင်ကာပူရဲ့ NEWater ဇာတ်လမ်းကို မေးမြန်းမိခဲ့သမျှ၊ လေ့လာဖတ်ရှုမိသမျှ စာဖတ်သူမိတ်‌ဆွေများထံ ပြန်လည်မျှဝေရင်း သတိပြုစရာတချို့ကို တွေ့မိပါတယ်။ 

  • ပထမတစ်ချက်ကတော့ စင်ကာပူရဲ့ ရေရှည်ရည်မှန်းချက်နဲ့ ကြိုတင်ပြင်ဆင်မှု၊ စိတ်ရှည် သီးခံမှုပါ။ ကိုယ့်ရေ ကိုယ်သောက်နိုင်ရေး၊ သောက်သုံးရေအတွက် ပြည်ပအမှီအခို ကင်းရေးကို ၂၀၆၁ မှာ စတင်မှာ ဖြစ်ပေမယ့်၊ အဲဒီ ရည်မှန်းချက်အတွက် အနှစ် ၉၀ လောက်စောပြီး ၁၉၇၀ ကတည်းက တဖြည်းဖြည်း တစ်ဆင့်ချင်း ပြင်ဆင်လာတာ တွေ့ရမှာပါ။ 
  • အနှစ် ၉၀ ဆိုတာ လူတစ်ယောက်ရဲ့ ပျမ်းမျှ သက်တမ်း မကပါဘူး။ မျိုးဆက် ၃-၄ ဆက် လောက် ဖြတ်သန်းရမယ့် ကာလတစ်ခုစာ ကြာမှ အောင်မြင်မယ့် ရည်မှန်းချက်ကို ချမှတ်ပြီး မယိမ်းမယိုင် အကောင်အထည်ဖော်လာတာက တန်ရုံ စိတ်ရှည်မှု၊ တန်ရုံ အကြံကြီးမှု မဟုတ်ပါဘူး။ "အခုရေတွင်းတူးပြီး၊ အခုရေကြည် သောက်ချင်လို့ရဘူး" ဆိုတဲ့ မြန်မာ့ဆိုရိုးစကားကိုတောင် အမှတ်ရမိပါသေးတယ်။ 
  • ဒုတိယအချက် သတိထားမိတာကတော့ အမျိုးသားအကျိုးစီးပွား အတွက် ထားရှိတဲ့ ရေရှည်ရည်မှန်းချက်ကို မပြောင်းမလဲ တစိုက်မတ်မတ် ကြိုးပမ်းအကောင်အထည်ဖော်တဲ့ ကိစ္စပါ။ နိုင်ငံရေးခေါင်းဆောင်တွေ ဘယ်လိုပြောင်းပြောင်း အမျိုးသားအကျိုးစီးပွား ဦးတည်ချက်ဖြစ်တဲ့ ကိုယ့်ရေ ကိုယ်သောက်သုံးနိုင်ရေး ရည်မှန်းချက်က မပြောင်းလဲဘဲ ခေါင်းဆောင်အဆက်ဆက်က ဦးတည်အကောင်အထည် ဖော်လာတာက အတုယူစရာလို့ မြင်ပါတယ်။ 
  • တတိယအချက် သတိပြုစရာ ကောင်းတာက အတွေးအကြံတစ်ခုဟာ ဘယ်လောက်ကောင်းကောင်း၊ လက်တွေ့အသုံးချနိုင်အောင် အချိန်ကာလ တစ်ခုအထိ စောင့်ရတတ်တယ် ဆိုတဲ့အချက်ပါ။ Water reclamation ဟာ စင်ကာပူအတွက် သိပ်ကို အသုံးတည့်တဲ့ အကြံအစည် တစ်ခုပါ။ ဒါကေမယ့် အကြံရတဲ့အချိန်နဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့အချိန်ဟာ နှစ်ပေါင်း အစိတ်လောက် ကွာခြားပါတယ်။ အဲဒီနှစ်အစိတ်အတွင်းမှာ စင်ကာပူရော၊ ကမ္ဘာကြိးကပါ ပြောင်းလဲနေတာပါ။ အဲဒီအပြောင်းအလဲတွေက မူလက အကြံအစည်ကောင်းကို အထမြောက်လာစေတာပဲ ဖြစ်ပါတယ်။ 
  • စတုတ္ထအချက်အနေနဲ့ သတိပြုမိတာကတော့ လူမှန်နေရာမှန် ဖြစ်ရေး ဆိုတဲ့ အချက်ပါ။ အမေရိကကို လွှတ်လိုက်တဲ့ စင်ကာပူ ပညာရှင်နှစ်ယောက်ဟာ စင်ကာပူရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်တဲ့ အတွေ့အကြုံ၊ အသိအမြင်၊ အယူအဆ၊ နည်း‌လမ်းတွေကို နှစ်ပတ်အတွင်း သယ်ဆောင်လာနိုင်ခဲ့ပါတယ်။ တကယ်လို့ အဲဒီပညာရှင်နှစ်ယောက်နေရာမှာ ပညာရပ်ကျွမ်းကျင်မှု မရှိတဲ့ မိုးကျရွှေကိုယ် အရာရှိနှစ်ယောက်ကို ရွေးချယ်မိရင် ဘာတွေဖြစ်မလဲ မပြောတတ်ပါဘူး။ ဒါကလည်း သတိပြုစရာ ကောင်းတဲ့အချက်ပါ။ 

 

တကယ်တော့ NEWater ကို ဘယ်လိုထုတ်လုပ်သလဲ၊ ဘယ်လို အသုံးပြုသလဲ၊ လူထုက လက်ခံလာအောင် ဘယ်လို ပညာပေးစည်းရုံးသလဲ ဆိုတာတွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဒီအကြောင်းတွေကိုတော့ နောက်ဆောင်းပါးတစ်ပုဒ်မှာ ဆက်လက်ဆွေးနွေးပါဦးမယ်။ 

အခု လောလောဆယ်တော့ စာဖတ်သူမိတ်‌ဆွေရဲ့ ရင်ဘတ်ထဲမှာ သောကအပူတချို့ ရှိနေခဲ့မယ်ဆိုရင်၊ အဲဒီသောကအပူတွေကို စင်ကာပူ NEWater နဲ့ ငြှိမ်းသတ်လိုက်သလို (ဒီစာလေးကို ဖတ်တုန်းခဏဖြစ်ဖြစ်) ငြိမ်းအေးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ 

ခိုင်ကြည်သစ် 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
Min Si Thu

Min Si Thu

လွန်ခဲ့သော ၂ နှစ် က

နောက်လဲဒီလိုဗဟုသုတလေးတွေရေးတင်ပေးပါဦးခင်ဗျ

You

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....