လူသားနှင့်တိရစ္ဆာန်များအတွက်အရေးပါတဲ့အန္တရာယ် - ပဋိဇီဝဆေးယဉ်ပါးမှု
ပြီးခဲ့တဲ့ မတ်လအစောပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ VIV Asia 2023 မွေးမြူရေးပြပွဲကို သွားရောက်လေ့လာခွင့်ရရှိခဲ့ပြီး၊ အဲဒီပြပွဲအတွင်းမှာ တွဲဖက်ကျင်းပတဲ့ အာရှတိရစ္ဆာန် ဆေးကုဆရာဝန်အသင်းများအဖွဲ့ချုပ် (Federation of Asian Veterinary Associations - FAVA) ရဲ့ ဟောပြောပွဲတစ်ခုကိုပါ တက်ရောက်ဖြစ်ခဲ့ပါတယ်။
ဟောပြောပွဲခေါင်းစဉ်က “Veterinarians as Game-changers in AMR Surveillance in Priority Bacterial Pathogens in the Asia-Pacific Region” ဖြစ်ပါတယ်။ အာရှပစိဖိတ်ဒေသက နိုင်ငံတွေမှာ ဦးစားပေးအဆင့် အရေးကြီးတဲ့ ဗက်တီးရီးယားရောဂါပိုးမွှားတွေရဲ့ ပဋိဇီဝဆေးဝါးတွေအပေါ် ယဉ်ပါးလာမှုကို စောင့်ကြည့်လေ့လာရာမှာ တိရစ္ဆာန်ဆေးကုဆရာဝန်တွေက ဘယ်လိုအခန်းကဏ္ဍကနေ ဘယ်လိုပါဝင်ရမယ်၊ ဘယ်လိုပါဝင်နိုင်မယ်ဆိုတာကို ဦးစားပေးပြီး ဒေသတွင်းက ပညာရှင်တွေက သုံးသပ်ဆွေးနွေးဟောပြောခဲ့တာပါ။

ပဋိဇီဝဆေးဝါးဆိုတာ
ပဋိဇီဝဆေးဝါးဆိုတာကတော့ လူနဲ့တိရစ္ဆာန်တွေမှာ ဗက်တီးရီးယားပိုးမွှားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေကိုကုသရာမှာ အသုံးပြုတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။ ပဋိဇီဝဆေးဝါးတွေကို နာမကျန်းတဲ့ လူနဲ့တိရစ္ဆာန်တွေမှာ အသုံးပြုတဲ့အခါ၊ အဲဒီဆေးတွေက ဗက်တီးရီးယားပိုးမွှားတွေကို ဆေးအုပ်စုတစ်မျိုးချင်းစီ၊ ဆေးတစ်မျိုးချင်းစီအလိုက် ကွဲပြားခြားနားတဲ့ နည်းလမ်းတွေနဲ့ ချေမှုန်းသုတ်သင်ကြတာ ဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားတွေကို ပဋိဇီဝဆေးဝါးတွေက သုတ်သင်ချေမှုန်းလိုက်တဲ့အခါ ရောဂါလက္ခဏာတွေ လျော့ပါးသက်သာပျောက်ကင်းလာမှာ ဖြစ်ပါတယ်။
ပဋိဇီဝဆေးယဉ်ပါးမှုဆိုတာ
ပြဿနာက ဗက်တီးရီးယားပိုးမွှားတွေဟာ သူတို့ကို တိုက်ခိုက်တဲ့ ပဋိဇီဝဆေးဝါးတွေကို ခံနိုင်ရည်ရှိလာပြီး ဆေးမတိုးတော့ဘဲ ဖြစ်လာနိုင်တဲ့ကိစ္စပါ။ အဲဒီလို ဖြစ်လာရင် ရောဂါပိုးတွေကို မချေမှုန်းနိုင်တော့ဘဲ လူနဲ့ တိရစ္ဆာန်တွေ အလွယ်တကူ သေဆုံးလာတော့မှာ ဖြစ်ပါတယ်။
ရောဂါပိုးမွှားက ပဋိဇီဝဆေးဝါးတွေကို ခံနိုင်ရည်ရှိပြီး ဆေးမတိုးတော့တဲ့ ဖြစ်စဉ်ကို “ပဋိဇီဝဆေးယဉ်ပါးမှု” လို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ အဲဒီဆေးယဉ်ပါးမှု ပြဿနာဟာ လူသားထုတစ်ရပ်လုံးအတွက် အန္တရာယ်ရှိတဲ့ကိစ္စဖြစ်တာကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးဟာ ပဋိဇီဝဆေးယဉ်ပါးမှု အခြေ အနေတွေကို မပြတ်စောင့်ကြည့်လေ့လာပြီး လိုအပ်တဲ့ပြုပြင်မှုတွေ ကြိုတင်ပြင်ဆင်မှုတွေကို မဖြစ်မနေလုပ်ဆောင်ကြဖို့ လိုအပ်လာပါတယ်။
ဂျပန်နိုင်ငံရဲ့ အတွေ့အကြုံ
FAVA ရဲ့ နည်းပညာဟောပြောပွဲမှာ လေ့လာသိရှိခဲ့ရတဲ့ အချက်အလက်တွေထဲက မြန်မာ့မွေးမြူရေး ကဏ္ဍနဲ့ မွေးမြူသူတွေအတွက် အသုံးလည်းတည့်ပြီး စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ အချက်အလက်တွေကို အလျဉ်းသင့်သလို ပြန်လည်မျှဝေတင်ပြပေးလိုပါတယ်။ ပထမဆုံးတင်ပြပေးလိုတာကတော့ ပဋိဇီဝဆေးယဉ်ပါးမှုနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတစ်ခုပါ။
FAVA ရဲ့ ဟောပြောပွဲထဲမှာ ပါဝင်ဆွေးနွေးဟောပြောပေးတဲ့ ပညာရှင်တွေထဲမှာ ဂျပန်နိုင်ငံ Rakuno Gakuen တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်တဲ့ Dr. Masaru Usui လည်း အပါအဝင် ဖြစ်ပါတယ်။ သူရဲ့ ဟောပြောပို့ချချက်တွေထဲက တစ်ခုကို အခုဆောင်းပါးမှာ တင်ပြပေးချင်တာပါ။
JVARM
ဂျပန်နိုင်ငံအစိုးရဟာ ပဋိဇီဝဆေးယဉ်ပါးမှုကို စောင့်ကြည့်လေ့လာနိုင်ဖို့အတွက် (Japanese Veterinary Antimicrobial Resistance Monitoring System – JVARM) ဆိုတဲ့ စနစ်တစ်ရပ်ကို ၁၉၉၉ ခုနှစ်ကတည်းက စတင်တည်ထောင်ထားရှိပါတယ်။ အဲဒီစနစ်က မွေးမြူရေးနဲ့ တိရစ္ဆာန်ကျန်းမာရေးကဏ္ဍမှာ ဘယ်ပဋိဇီဝဆေးဝါးတွေကို ဘယ်လိုသုံးစွဲနေတယ်၊ ဘယ်လောက်သုံးစွဲနေတယ်၊ ဘယ်ပဋိဇီဝဆေးဝါးကို ဘယ်ရောဂါပိုးတွေက ဘယ်လောက်ထိ ယဉ်ပါးနေပြီ စတာတွေကို အချိန်နဲ့တပြေးညီ သုတေသနပြု လေ့လာနေတာ ဖြစ်ပါတယ်။
တွေ့ရှိချက်တွေကိုလည်း မွေးမြူရေးနဲ့ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွေက သက်ဆိုင်သူတွေဆီ ပြန်လည်ဖြန့်ဝေပြီး အသိပေးနေတာ ဖြစ်ပါတယ်။
JVARM ဟာ ဆေးဝါးကုမ္ပဏီကြီးတွေနဲ့ချိတ်ဆက်ပြီး မွေးမြူရေးနဲ့ တိရစ္ဆာန် ကျန်းမာရေးနယ်ပယ်အတွက် ဘယ်ပဋိဇီဝဆေးဝါးတွေကို၊ ဘယ်လောက်ရောင်းချနေသလဲ ဆိုတဲ့ အချက်အလက်တွေကို စုဆောင်းရယူပါတယ်။
ကျန်းမာရေးကောင်းမွန်တဲ့ တိရစ္ဆာန်တွေဆီကနေ နမူနာပစ္စည်းတွေ ရယူပြီး တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်တဲ့ ရောဂါပိုးမွှား (zoonotic bacteria) တွေမှာ ပဋိဇီဝဆေးယဉ်ပါးမှုဘယ်လောက်ရှိနေပြီလဲ ဆိုတာရယ်၊ ပဋိဇီဝဆေးယဉ်ပါးမှုကို အလွယ်တကူ ထောက်လှမ်းသိရှိနိုင်ဖို့ သတ်မှတ်ထားတဲ့ ဗက်တီးရီးယားမျိုးစိတ်တွေ (indicator bacteria) တွေမှာ ပဋိဇီဝဆေးယဉ်ပါးမှု ဘယ်လောက်ရှိနေပြီလဲဆိုတာရယ်ကို ဓာတ်ခွဲစစ်ဆေးတိုင်းတာမှုတွေ ဆောင်ရွက်ပါတယ်။
နာမကျန်းတဲ့ တိရစ္ဆာန်တွေရှိလာတဲ့အခါ အဲဒီတိရစ္ဆာန်ကိုရောဂါဖြစ်စေတဲ့ ပိုးမွှား(Pathogens)တွေမှာ ပဋိဇီဝဆေးယဉ်ပါးမှု ဘယ်လောက်ထိရှိနေပြီလဲဆိုတာကို တိုးတာစစ်ဆေးမှုတွေ လုပ်ဆောင်ပါတယ်။
အဲဒီလို ပုံမှန်စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်ရင်း နှစ်အလိုက်ရရှိလာတဲ့ ပဋိဇီဝဆေးယဉ်ပါးမှုနှုန်းတွေကို နှိုင်းယှဉ်ပြီး ဘယ်ပဋိဇီဝဆေးဝါးကို အသုံးပြုသင့်တယ်၊ ဒါမှမဟုတ် အသုံးပြုတာကို ပိတ်ပင်သင့်တယ် စသည်ဖြင့် ဆုံးဖြတ်ပေးပါတယ်။
ဒါကတော့ JVARM ရဲ့ လုပ်ငန်းဆောင်တာတွေထဲက Dr. Masaru Usui တင်ပြခဲ့တဲ့ အချက်တွေ ဖြစ်ပါတယ်။
JVARM ရဲ့ စိတ်ဝင်စားဖွယ် အတွေ့အကြုံ
JVARM က ရရှိတဲ့ အချက်အလက်တွေ၊ ဓာတ်ခွဲစမ်းသပ်မှု ရလဒ်တွေထဲက Dr Masaru Usui တင်ပြခဲ့တဲ့ စိတ်ဝင်စားဖွယ် ကိစ္စလေးတစ်ခုက ဒီလိုပါ။ JVARM ဟာ အသားတိုးကြက်တွေက နမူနာရယူစမ်းသပ်တဲ့ E.coli ဗက်တီးရီးယားတွေဟာ (သက္ကရာဇ် ၂၀၀၀ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ) အချိန် ၁၀ နှစ်ကျော်ကာလအတွင်း ဘယ်ပဋိဇီဝဆေးဝါးတွေကို ဘယ်လောက်ယဉ်ပါးလာသလဲဆိုတာကို မှတ်တမ်းတင်ပြီး ပြန်လည်သုံးသပ်ကြည့်ခဲ့ပါတယ်။
အဲဒီလို ဆယ်နှစ်စာအချက်အလက်တွေကို စုစည်းကြည့်လိုက်တဲ့အခါ ထူထူးခြားခြား Cafazolin (ဆက်ဖာဇိုလင်) ဆိုတဲ့ ပဋိဇီဝဆေးဝါးကို E.coli တွေက ယဉ်ပါးလာမှုနှုန်းထားဟာ ထူးထူးခြားခြား မြင့်မားလာနေတာကို တွေ့ခဲ့ကြရပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက ဂျပန်နိုင်ငံမှာ Cefazolin ပဋိဇီဝဆေးဝါးကို အသားတိုးကြက်တွေမှာ လုံးဝသုံးစွဲခွင့် မပြုထားပါဘူး။
အချို့ပဋိဇီဝဆေးဝါးတွေကို မွေးမြူရေးမှာ အသုံးမပြုဖို့ ဘာကြောင့်တားမြစ်ထားတာလဲ
ဗက်တီးရီးယားတွေဟာ ပဋိဇီဝဆေးဝါးတစ်မျိုးကို ယဉ်ပါးလာပြီဆိုရင် တနည်းအားဖြင့် ခံနိုင် ရည်ရှိလာပြီဆိုရင် အဲဒီလို ဆေးယဉ်ပါးနိုင်တဲ့ စွမ်းရည်ရှိတဲ့ ဗီဇတွေကို အခြားဗက်တီးရီးယားတွေထံ မျှဝေပေးနိုင်ကြပါတယ်။ ဒါကြောင့် တိရစ္ဆာန်တွေမှာ ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားတွေက ပဋိဇီဝဆေးဝါးတစ်မျိုးကို ယဉ်ပါးလာမယ်၊ အဲဒီဗက်တီးရီးယားက တိရစ္ဆာန်ကနေတဆင့် ပတ်ဝန်းကျင်ကို ရောက်ရှိသွားမယ်ဆိုရင် အဲဒီပတ်ဝန်းကျင်မှာ လူမှာရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားတွေနဲ့ ထိတွေ့သွားမယ်ဆိုရင်၊ ဆေးယဉ်ပါးနိုင်တဲ့ စွမ်းရည်ကို ဖြစ်ပေါ်စေတဲ့ ဗီဇ တွေဟာ အဲဒီဗက်တီးရီးယားတွေ အချင်းချင်းကြားမှာ မျှဝေပေးကြတော့မှာ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ တိရစ္ဆာန်တွေမှာ စတင်ခဲ့တဲ့ ပဋိဇီဝဆေးယဉ်ပါးမှုဟာ လူသားတွေဆီပါ ရောက်ရှိလာမှာ ဖြစ်ပါတယ်။
အပြန်အလှန်အားဖြင့်လည်း လူတွေမှာရှိတဲ့ ဗက်တီးရီးယားတွေမှာ ပဋိဇီဝဆေးယဉ်ပါးမှု ဖြစ်ပေါ်ခဲ့မယ်ဆိုရင်လည်း တိရစ္ဆာန်တွေဆီကိုပါ ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာက ရောက်ရှိလာမှာ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံအတော်များများဟာ လူသားတွေမှာ ရောဂါကုသဖို့ အရေးတကြီးအသုံးပြုရတဲ့ ပဋိဇီဝဆေးဝါးတွေကို စာရင်းပြုစုပြီး အဲဒီပဋိဇီဝဆေးဝါးတွေကို တိရစ္ဆာန်တွေမှာ အတတ်နိုင်ဆုံး အသုံးမပြုဖို့ တားမြစ်ပိတ်ပင်ထားကြရပါတယ်။
Cefazolin ဆိုတာ လူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ အင်မတန်အသုံးဝင်ပြီး အင်မတန် အရေးကြီးတဲ့ ပဋိဇီဝဆေးဝါး ဖြစ်ပါတယ်။ တကယ်လို့ အဲဒီဆေးဝါးကို တိရစ္ဆာန်မွေးမြူရေးမှာ အသုံးပြုလို့ ဆေးယဉ်ပါးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမယ်ဆိုရင် လူသားတွေရဲ့ ရောဂါတွေကို အဲဒီဆေးဝါးနဲ့ ကုသတဲ့အခါ ထိရောက်မှုရှိမှာ မဟုတ်တော့ပါဘူး။ အဲဒီအခါ လူသားတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်လာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်အစိုးရက Cefazolin ကို မွေးမြူရေးတိရစ္ဆာန်တွေမှာ အသုံးမပြုဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။
ပေါ်ထွက်လာတဲ့ အရေးကြီးမေးခွန်း
အသားတိုးကြက်မွေးမြူရေးမှာ Cefazolin ကို အသုံးမပြုဖို့ တားမြစ်ထားပါလျက် အသားတိုးကြက်တွေဆီက နမူနာရယူထားတဲ့ E.coli ဗက်တီးရီးယားတွေဟာ အဲဒီ Cefazolin ဆေးဝါးကို ဘာကြောင့် ယဉ်ပါးလာကြရသလဲဆိုတာကတော့ JVARM က ပညာရှင်တွေအကြား ပေါ်ထွက်လာတဲ့ အရေးကြီး မေးခွန်းတစ်ခုပါ။
အဖြေက ဒီမှာ
ဒါပေမဲ့ ပညာရှင်တွေရဲ့ အသေးစိတ်လေ့လာမှုတွေကနေ နောက်ဆုံးမှာ အဖြေတစ်ခု ထုတ်နိုင်ခဲ့ကြပါ တယ်။
Cefazolin ပဋိဇီဝဆေးကို အသားတိုးကြက်မွေးမြူသူတွေက သုံးစွဲနေကြတာ မဟုတ်ပါဘူး။
မားရက်ခ်ရောဂါ (Marek’s Disease) ကို ကြိုတင်ကာကွယ်ဖို့အတွက် ကြက်ဥကနေ ကြက်သားပေါက်လေးတွေအဖြစ် အကောင်မပေါက်မီမှာကတည်းက ကြက်ဥထဲကို မားရက်ခ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကြရပါတယ်။ အဲဒီလို ကြက်ဥထဲကို ကာကွယ်ဆေးထိုးနှံလိုက်ချိန်မှာ ကာကွယ်ဆေးအပြင် ပြင်ပက မလိုလားအပ်တဲ့ ဗက်တီးရီးယားတွေ ကြက်ဥထဲကို ဝင်ရောက်သွားမှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် အဲဒီလို ဗက်တီးရီးယားတွေကို ကြို တင်ကာကွယ်သုတ်သင်နိုင်ဖို့အတွက် ပဋိဇီဝဆေးဝါးတွေ သုံးစွဲကြရပါတယ်။
အဲဒီရည်ရွယ်ချက်နဲ့ ဂျပန်နိုင်ငံက အသားတိုးကြက်သားပေါက် ထုတ်လုပ်သူတွေဟာ မားရက်ခ်ရောဂါကာကွယ်ဆေး ကြက်ဥထဲကို ထိုးနှံချိန်မှာ Ceftiofur (ဆက်ဖ်တီယိုဖာ) ဆိုတဲ့ ပဋိဇီဝဆေးဝါးကို အသုံးပြုကြပါတယ်။ ဒါပေမဲ့ တိရစ္ဆာန်ကိုကျွေးမွေးတဲ့အစာထဲမှာ ထည့်သွင်းသုံးစွဲတာ မဟုတ်သလို တိရစ္ဆာန်ကို တိုက်ရိုက်ပေးတဲ့ဆေးဝါးလည်း မဟုတ်တာကြောင့် အဲဒီဆေးဝါး အသုံးပြုကြောင်း တင်ပြထားတာ မရှိပါဘူး။ တနည်းအားဖြင့် အသိမပေးဘဲအသုံးပြုမှု (off-labelled) အဖြစ် အသုံးပြုနေတာ ဖြစ်ပါတယ်။
Cefazolin နဲ့ Ceftiofur ဟာ Cephalosporin (ဆက်ဖလိုစပိုရင်) ဆိုတဲ့ တူညီတဲ့ ပဋိဇီဝဆေးဝါးအုပ်စု တစ်ခုတည်းက ဆေးဝါးတွေ ဖြစ်ပါတယ်။ Cefazolin ဟာ Cephalosporin အုပ်စုရဲ့ ပထမမျိုးဆက် (first generation) ပဋိဇီဝဆေးဝါး ဖြစ်ပါတယ်။ Ceftiofur ကတော့ အဲဒီ Cephalosporin အုပ်စုရဲ့ တတိယမျိုးဆက် (third generation) ပဋိဇီဝဆေးဝါး ဖြစ်ပါတယ်။ ဒါကြောင့် Cefazolin ကို E.coli ဗက်တီးရီးယားတွေက ခံနိုင်ရည် ရှိလာနေတာ ဖြစ်ပါတယ်။
အဲဒီအဖြေကို သိရှိရပြီးတဲ့နောက် ဂျပန်နိုင်ငံက ကြက်ပေါက်မွေးမြူသူတွေဟာ Cefazolin အသုံးပြုမှုကို အစိုးရက ပိတ်ပင်တားမြစ်ခြင်းမရှိဘဲ မိမိတို့ဆန္ဒအလျောက် ရပ်ဆိုင်းလိုက်ကြပါတယ်။ Cefazolin အစား လူမှာအသုံးပြုမှုနည်းပါးပြီး အရေးသိပ်မကြီးတဲ့ အခြားပဋိဇီဝဆေးဝါးတစ်မျိုးကို ပြောင်းလဲအသုံးပြုခဲ့ကြပါတယ်။ အဲဒီအခါ Cefazolin အပေါ် E.coli ဗက်တီးရီးယားတွေရဲ့ ဆေးယဉ်ပါးမှုဟာလည်း သိသိသာသာလျော့ကျသွားတာကို တွေ့ခဲ့ရပါတယ်။
သင်ခန်းစာထုတ်ယူစရာများ
Dr. Masaru Usui ရဲ့ တင်ပြဆွေးနွေးခဲ့တဲ့ စာတမ်းကနေ စာရေးသူအနေနနဲ့ ပဋိဇီဝဆေးယဉ်ပါးမှုနဲ့ ပတ်သက်ပြီး သင်ခန်းစာအချို့ ထုတ်ယူမိပါတယ်။
- (၁) ပဋိဇီဝဆေးဝါးတွေကို တာဝန်သိသိနဲ့ စနစ်တကျသုံးစွဲကြဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လူသားတွေ ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးကြီးတဲ့ ပဋိဇီဝဆေးဝါးတွေကို မွေးမြူရေးနဲ့ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုမှာ အထူးသတိပြုသုံးစွဲကြဖို့ လိုအပ်ပါတယ်။
- (၂) တခါတရံမှာ ထင်မှတ်မထားနိုင်တဲ့ ပဋိဇီဝဆေးယဉ်ပါးမှုတွေ ဖြစ်ပေါ်နေနိုင်ပါတယ်။ ဂျပန်နိုင်ငံက အသားတိုးကြက်တွေမှာ Cefazolin ကို အသုံးမပြုဘူးဆိုပြီး off-labelled အသုံးပြုတာကြောင့် အဲဒီပဋိဇီဝဆေးကို ဗက်တီးရီးယားတွေက ယဉ်ပါးလာကြတာကို သာဓကပြုနိုင်ပါတယ်။
- (၃) ပဋိဇီဝဆေးယဉ်ပါးမှုဆိုတာ မပြတ်စောင့်ကြည့်လေ့လာနေရတဲ့ ကိစ္စဖြစ်ပါတယ်။ JVARM က အဲဒီလုပ်ငန်းကို ထိထိရောက်ရောက် ဆောင်ရွက်တာကြောင့်သာ လူသားတွေအတွက် အရေးကြီးတဲ့ Cefazolin ဆေးဝါးတွေကို ဗက်တီးရီးယားတွေက ယဉ်ပါးလာနေကြောင်း သတိပြုမိခဲ့တာ ဖြစ်ပါ တယ်။
- (၄) ပဋိဇီဝဆေးဝါးတစ်ခုကို ဗက်တီးရီးယားတွေက ယဉ်ပါးနေကြောင်းနဲ့ ဘာကြောင့်ယဉ်ပါးရကြောင်း သိရှိပြီးတဲ့နောက် တာဝန်ရှိတဲ့သူတွေက ချက်ချင်းဆိုသလို လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုကို မိမိတို့ ဆန္ဒအလျောက် တက်တက်ကြွကြွ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
- (၅) JVARM လို ပဋိဇီဝဆေးယဉ်ပါးမှုကို စောင့်ကြည့်လေ့လာသုံးသပ်တဲ့ စနစ်တစ်ခု မြန်မာနိုင်ငံမှာလည်း ဖြစ်ပေါ်လာဖို့ လိုအပ်ပြီး အဲဒီစနစ်ကို မွေးမြူရေးနှင့်ကုသရေး အာဏာပိုင်တွေ၊ ပုဂ္ဂလိကမွေးမြူရေး အသင်းအဖွဲ့တွေနဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်အသင်းလို ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး တည်ထောင်မယ်ဆိုရင် ဖြစ်နိုင်ချေ အများကြီး ရှိပါတယ်။
အခုတင်ပြခဲ့တဲ့ အချက်အလက်တွေဟာ မွေးမြူရေးကဏ္ဍနဲ့ မွေးမြူသူများအတွက် စိတ်ဝင်စားဖွယ်ဖြစ် လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းပြီး အကျိုးရှိနိုင်မယ်လို့ ယူဆတဲ့ အချက်အလက်များကိုလည်း ဆက်လက်ဆွေးနွေးသွားပါဦးမယ်။
သက်ခိုင်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025