စိုက်ပျိုးထုတ်လုပ်မှုအောင်မြင်ရေးအတွက် အဓိကအချက်များ (စပါးသီးနှံ)
“အောင်မြင်ရေးဆိုတာကို ဘာလဲ”ပြောဆိုဖို့ တော်တော်ခက်လှသည်။
တချို့လယ်သမားကြီးတွေအတွက်တော့ အောင်မြင်ရေးဆိုတာ တင်း ၁၀၀ ကျော်ရရှိခြင်းကို ဆိုလို တာ ဖြစ်ကောင်းဖြစ်မည်။ တချို့အတွက်တော့ ထွက်နေကျထက် အထွက်မလျော့တာ ဖြစ်ချင်ဖြစ် မည်။ အထွက်တင်း ဘယ်လောက်ပင်ဖြစ်ပါစေ ကျွန်တော်ယူဆသည့်အတိုင်း ဆိုလျှင် “သီးနှံစိုက် ပျိုးထုတ်လုပ်ရာမှာ မိမိမျှော်လင့်ရည်မှန်းထားသလို အထွက်ရရှိခြင်း၊ အကျိုးအမြတ်ဝင်ငွေ ရရှိခြင်း “ ပင် ဖြစ်ပါသည်။
“အောင်မြင်အောင် ဘယ်လိုစိုက်ပျိုးလုပ်ကိုင်ကြမှာလဲ”ကြားဖူးကြပါမည်။ အထူးသဖြင့် အသက်အ ရွယ်ကြီးရင့်သူများ ဖြစ်မည်။
“သိပ္ပံနည်းကျစပါးစိုက်ပျိုးနည်းစနစ်” ဆိုတာ ဒေသစပါးမျိုးများ စိုက်ပျိုးသည့်ခေတ်ကစခဲ့သည်။
ခေတ်သစ် အထွက်ကောင်းစပါးမျိုးများပေါ်လာပြီး တစ်မြို့နယ်လုံး စပါးအထူးအထွက်တိုး စိုက်ပျိုး သည့် ခေတ်နောက်ပိုင်းကာလများမှာတော့ စပါးအထွက်တိုးစနစ် (၁၀) ချက်ဖြင့် လိုက်နာလုပ်ကိုင် ခဲ့သည်။
မကြာသေးမှီကာလက စပါးစိုက်စနစ် (၁၄) ချက်ကိုတော့ တော်တော်များများသိပြီးဖြစ်မည်။ ခုတော့ စပါးအပါအဝင် သီးနှံ (၁၅) မျိုးမှာ GAP ဖြင့်သွားနေသည်။
ဖေါ်ပြပါ ခေတ်အဆက်ဆက် ဆောင်ရွက်လုပ်ကိုင်သင့်သည့် စိုက်ပျိုးနည်းစနစ်များကို ပစ်ပယ်ရန် မဟုတ်ပါ။ ကျွန်တော်ကတော့ စပါးစိုက်ပျိုးရာမှာ သတိမူအလေးထားရမည့် အဓိကအချက်များကို သာ ပြောလိုရင်းဖြစ်ပါသည်။
၁။ လုပ်ငန်းအချိန်ဇယားရေးဆွဲခြင်း
စပါးမစိုက်ပျိုးမီကြိုတင်၍ ဆောင်ရွက်ရန်၌လိုသည့်လုပ်ငန်းများ၊ ဆောင်ရွက်မည့်အချိန်၊ လိုအပ် ချက်များ၊ ကုန်ကျစရိတ်ခန့်မှန်း၊ ခန့်မှန်းအထွက်နှင့် ဝင်ငွေပါမကျန် ရေးဆွဲသင့်ပါသည်။
လုပ်ငန်းအချိန်ဇယား ရေးဆွဲဆောင်ရွက်ခြင်းသည် လုပ်ငန်းအဆင့်ဆင့်ကို အချိန်ကိုက်လုပ်ကိုင်နိုင် ပြီး ကုန်ကျစရိတ်ကိုလည်း လျော့နည်းစေမည်ဖြစ်ပါသည်။
၂။ စပါးမျိုးစေ့ ရွေးချယ်ခြင်း
မိမိရေမြေအခြေအနေနှင့် ကိုက်ညီသည့် စပါးမျိုးကို ရွေးချယ်ပါ။
ရွေးချယ်စိုက်ပျိုးမည့်စပါးမျိုးသည်-
- မျိုးစစ်မျိုးမှန်ဖြစ်ရမည်။
- သန့်စင်ရမည်။
- အစေ့အရွယ်အစားကြီးမားပြီး အကွဲအအက်၊ အစက်အပြောက်ကင်းရမည်။
- အရောင်တူ စပါးစေ့များဖြစ်ရမည်။
- ပိုးမွှားရောဂါ ကင်းရမည်။
၃။ တမန်း/ ထွန်ရေးကောင်းခြင်း
ထွန်ရေးကောင်းဖို့၊ တမန်းညက်ဖို့လိုသည်။
အရေးကြီးသည်မှာ စိုက်ခင်းတမန်းမြေမျက်နှာပြင် ညီဖို့လိုပါသည်။
၄။ စိုက်ချိန်မှန်ခြင်း
စိုက်ချိန်ဆိုတာ ပျိုးထောင်သည်ဖြစ်စေ၊ တိုက်ရိုက်မျိုးစေ့ချသည်ဖြစ်စေ၊ ကြဲပက်သည်ဖြစ်စေ မျိုးစေ့ မြေကျသည့်အချိန်ကို ဆိုလိုခြင်းဖြစ်သည်။
အထွက်နှုန်းမြင့်မားဖို့ စိုက်ချိန်မှန်တွင် စိုက်ရန်လိုပါသည်။
မြန်မာနိုင်ငံက တစ်နံတစ်လျား ရှည်လျားကျယ်ဝန်းလှပါသည်။ စိုက်ချိန်ဆိုတာက စပါးစိုက်ရေမြေ သဘာဝနှင့် စိုက်ပျိုးရာသီပေါ်မူတည်ပါသည်။
ဆည်ရေသောက်ဒေသ
မိုးစပါးရာသီ - သက်လတ်မျိုးများကို ဇွန်လလယ်မှ ဇူလိုင်လကုန်ကာလအတွင်း (ပျိုးထောင်စိုက် စနစ် သို့မဟုတ် အစိုသမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့်) စိုက်ပျိုးနိုင်သည်။
သက်လျင်မျိုးများကို ဇူလိုင်လလယ်မှ သြဂုတ်လ ပထမအပတ်ကာလအတွင်း
(ပျိုးထောင်စိုက်စနစ် သို့မဟုတ် အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့်) စိုက်ပျိုးနိုင်သည်။
နွေစပါးရာသီ - သက်လျင်မျိုးများကို ဇန္နဝါရီလနောက်ဆုံးအပတ် မှ ဖေဖော်ဝါရီလ နောက်ဆုံး အပတ်ကာလအတွင်း (ပျိုးထောင်စိုက်စနစ် သို့မဟုတ် အစိုတမန်းပြင်တိုက်ရိုက် မျိုးစေ့ချစနစ်ဖြင့်) စိုက်ပျိုးနိုင်သည်။
မိုးရေသောက်ဒေသ
မိုးစပါးရာသီ - သက်လတ်မျိုးများကို ဇွန်လလယ်မှ ဇူလိုင်လလယ်ကာလအတွင်း (ပျိုးထောင်စိုက် စနစ် သို့မဟုတ် အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့်) စိုက်ပျိုးနိုင်သည်။
နွေစပါးရာသီ - သက်လျင်မျိုးများကို ဒီဇင်ဘာလလယ်မှ ဇန္နဝါရီလလယ်ကာလအတွင်း (ပျိုး ထောင်စိုက်စနစ် သို့မဟုတ် အစိုသမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့်) စိုက်ပျိုးနိုင်သည်။
တောင်ပေါ်ဒေသ
မိုးစပါးရာသီ - မေလလယ်မှ မေလကုန်ကာလအတွင်း (ပျိုးထောင်စိုက်စနစ် သို့မဟုတ် အစိုသမန်း ပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့်) စိုက်ပျိုးနိုင်သည်။
နွေစပါးရာသီ - ဖေဖော်ဝါရီလပထမအပတ် မှ ဒုတိယအပတ်ကာလအတွင်း
(ပျိုးထောင်စိုက်စနစ် သို့မဟုတ် အစိုသမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့်) စိုက်ပျိုးနိုင်သည်။
၅။ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း
ပေါင်းမြက်များသည် နေရောင်ခြည်၊ အာဟာရဓါတ်နှင့် ရေကို လုယူစားသုံးပြီး စပါးအထွက်ကို လျော့နည်းစေသည်။ စပါးအရည်အသွေးညံဖျင်းစေပြီး ဈေးနှုန်းကို လျော့ကျစေသည်။ ပေါင်းမြက် ကို စောစောနှိမ်နင်းဖို့လိုပါသည်။
မြေပြုပြင်စဉ်ကာလကပင် ထွန်ရေးသမန်းကောင်းခြင်း၊ ရေထိန်းသိမ်းခြင်းတို့ဖြင့် ပေါင်းမြက်ကို ထိန်းချုပ်ထားနိုင်သည်။ ပျိုးပေါင်ပြင်စဉ်တွင် ပေါင်းမြက်များကိုဖယ်ရှားခြင်းဖြင့် နှိမ်နှင်းနိုင်သည်။
စပါးမစိုက်မီ (သို့မဟုတ်) စိုက်ပြီး ပက်ဖျန်းရသည့် ပေါင်းသတ်ဆေးဖြင့် နှိမ်နင်းနိုင်သည်။
လက်ဖြင့်ပေါင်းမြက်များကို ဖယ်ရှား နှိမ်နှင်းပစ်နိုင်သည်။
ပေါင်းလိုက်ကိရိယာဖြင့် ၃ ရွက်မှ ၄ ရွက်အဆင့်ရှိသည့် ပေါင်းပင်များကို နှိမ်နှင်းနိုင်သည်။ ပေါင်းပင် များကို နှိမ်နှင်းပြီးလျှင်တော့ ပြန်မရှင်သန်စေရန် နောက်တစ်နေ့တွင် ရေသွင်းပေးဖို့ တိုက်တွန်းလို သည်။
၆။ မြေသြဇာကျွေးခြင်း
မြေသြဇာမှာ အော်ဂဲနစ်ကော ဓာတုပါ သုံးသင့်သည်။
မြေသြဇာအာဟာရ ဟန်ချက်ညီညီ သုံးခြင်းသည် အကောင်းဆုံးပြန်ရချက်ကိုပေးသည်လို့ သိထား သင့်ပါသည်။ တစ်မျိုးကောင်းသုံးစွဲရန်မဟုတ်ပါ။
အော်ဂဲနစ်မြေသြဇာ
အော်ဂဲနစ်မြေသြဇာ သို့မဟုတ် သဘာဝမြေဆွေးများကို မြေမပြုပြင်မီ နှစ်ပတ်အလိုတွင် တစ်ဧက လျှင် နွားလှည်း ၅ စီးမှ ၁၀ စီးခန့် လယ်ကွက်အတွင်း ညီညာစွာထည့်ပေးသင့်သည်။
ဓါတ်မြေသြဇာ
နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ်ဓါတ်သုံးမျိုးသည် စပါးအပင်အတွက် မရှိမဖြစ် လိုအပ် သည်။ ကြိုတင်ပြီး မြေဆီဓာတ်ခွဲစစ်ဆေး၊ အရွက်အရောင်တိုင်းကဒ်နှင့် တိုင်းတာ ၊ လိုအပ်သည့် ပမာဏကို လိုအပ်သည့်အချိန်မှာထည့်၊ အဲဒါကတော့ အကောင်းဆုံးဖြစ်ပါမည်။ အဲဒီလိုမလုပ်နိုင် လျှင် ယေဘုယျကို ပြောပါမည်။
နိုက်ထရိုဂျင် (N) ဓါတ်သည် ပမာဏအများဆုံး လိုအပ်သည့် အာဟာရ ဖြစ်သည်။ စပါးအထွက် တိုးစေရန် ပျိုးပင်ရွှေ့ပြောင်းစိုက်ပြီး ၁၄ ရက်တွင် တစ်ဧကလျှင် ယူရီးယားဓာတ်မြေသြဇာကို ပထမ အကြိမ် ၅၆ ပေါင် ၊ ပျိုးပင်ရွှေ့ပြောင်းစိုက်ပြီး ၂၃ မှ ၂၇ ရက် အတွင်းတွင် ဒုတိယအကြိမ် ၅၆ ပေါင် နှင့် ပျိုးပင်ရွှေ့ပြောင်းစိုက်ပြီး ၃၃ မှ ၃၇ ရက် အတွင်းတွင် တတိယအကြိမ် ၅၆ ပေါင် အသီးသီး ထည့်ပေးရန်လိုပါသည်။
ဖော့စဖိတ် (P) လိုအပ်ချက်မှာ အထွက်နှုန်းနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ တစ်ဧကလျှင် ထရစ်ပယ်စူပါဖေါ့စဖိတ် ဓါတ်မြေသြဇာ ၁၁၂ ပေါင် ကို မြေခံအဖြစ် ထည့်ပေးသင့်သည်။
ပိုတက်စီယမ် (K) လိုအပ်ချက်မှာလည်း အထွက်နှုန်းနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ တစ်ဧက လျှင် ပိုတက်ဓာတ်မြေသြဇာ ၂၈ ပေါင်ကို မြေခံအဖြစ်ထည့်ပြီး၊ ပျိုးပင်ရွှေ့ပြောင်းစိုက်ပြီး ၂၃ မှ ၂၇ ရက်အတွင်းတွင် ဒုတိယအကြိမ် ၂၈ ပေါင်နှင့် ပျိုးပင်ရွှေ့ပြောင်းစိုက်ပြီး ၃၃ မှ ၃၇ ရက်အတွင်းတွင် တတိယအကြိမ် ၂၈ပေါင် အသီးသီးကို ယူရီးယားဓာတ်မြေသြဇာနှင့်အတူ ထည့်ပေးသင့်ပါသည်။ ကွန်ပေါင်းဓာတ်မြေသြဇာကို သုံးမည်ဆိုလျှင် အမျိုးအစားအလိုက် နိုက်ထရိုက်၊ ဖော့စ်ဖောရပ်၊ ပိုတက်စီယမ် ပါဝင်မှု အချိုးအစားကိုမူတည်ပြီး လိုအပ်ချက်နှင့်ကိုက်ညီအောင် သုံးစွဲရန်ဖြစ်ပါသည်။
၇။ ရေထိန်းသိမ်းခြင်း
ရေထိန်းသိမ်းမှုကောင်းဖို့လိုသည်။
ဘယ်အထိလဲ? စပါးမရိတ်သိမ်းမှီ ၇ ရက်မှ ၁၀ ရက်အလိုအထိပါ။
ရေကို ၂လက်မမှ ၃လက်မ အမြင့်ခန့် အမြဲသွင်းထားသင့်သည်။
ရေထိန်းသိမ်းမှုကောင်းလျှင် ထည့်သွင်းလိုက်သော မြေသြဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး တို့၏ အာနိသင်ကို အကျိုးရှိစေပြီး အထွက်ကောင်းစေသည်။ ထိုမျှမက အရည်အသွေးပါ ကောင်းစေပါ သည်။
၈။ ပိုးမွှားရောဂါကာကွယ်ခြင်း
ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံး ပိုးမွှားရောဂါနှိမ်နင်းနည်းဖြစ်ပါသည်။
ရိတ်ပြီးလျှင်ချက်ချင်း ထယ်ထိုးပါ။ ကြွက်တွင်းများရှိက ဖျက်ဆီးပစ်ပါ။
ပိုးမွှားရောဂါဒဏ်ကို ခံနိုင်သည့် မျိုးကို သုံးစွဲပါ။
နိုက်ထရိုဂျင်မြေသြဇာသည် ပိုးနှင့်ရောဂါအချို့ကို အားပေးစေနိုင်သောကြောင့် လိုအပ်သည်ထက် ပိုမသုံးစွဲရပါ။
၉။ ရိတ်သိမ်းခြင်း
ရိတ်ချိန်မှန်တွင်ရိတ်ရန်ဖြစ်သည်။
စောပြီးရိတ်သိမ်းလျှင် အထွက်နှုန်းနည်းခြင်း သို့မဟုတ် ဆန်ကြိတ်စဉ်အကျိုးအကြေများခြင်း တို့ကို ဖြစ်စေနိုင်သော မအောင်သည့်စပါးနှံ သို့မဟုတ် မရင့်မှည့်သည့် စပါးနှံပါဝင်မှုရာခိုင်နှုန်း များနိုင် သည်။
ရိတ်သိမ်းချိန်နောက်ကျလျှင် အပင်ယိုင်လဲခြင်းနှင့် အနှံကြွေခြင်းတို့ကြောင့် အလေအလွင့် များနိုင် သည်။ ထို့ပြင် ကြွက်၊ ငှက်၊ ပိုးတို့ ဖျက်ဆီးခံရပြီး သီးနှံများဆုံးရှုံးနိုင်သည်။
ရိတ်သိမ်းပြီးလျှင်ပြီးချင်း ချွေလှေ့အခြောက်ခံဖို့ လိုပါသည်။
မည်သည့်ရာသီ၊ မည်သည့်ဒေသမှာ မည်သည့်စပါးမျိုးကို မည်သည့်နည်းစနစ်ဖြင့် စိုက်ပျိုးသည်ဖြစ် စေ ကျွန်တော့အတွေ့အကြုံအရ ယခုဖေါ်ပြပါအချက် (၉) ချက်သည် အလေးထားလုပ်ကိုင်ရန် တကယ့် လိုအပ်ချက်ပါလို့ အသိပေးလိုက်ရခြင်း ဖြစ်ပါသည်။
ဆင်းသီဟ
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဇော်ကြီး
လွန်ခဲ့သော ၄ နှစ် ကLCC ကိုဘယ်မှာရနိုင်သလဲခင်ဗျာ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး