တောင်သူပညာပေးဆွေးနွေးပွဲ အတွေ့အကြုံများ (၈) ငရုတ်အရွက်ဝါ အဖြေရှာ..
တောင်သူမိတ်ဆွေများအားလုံး မင်္ဂလာပါ။ တောင်သူပညာပေးဆွေးနွေးပွဲ အတွေ့အကြုံလေးများကို တဆင့်ပြန်လည်ပြီး ဖောက်သည်ချလာခဲ့တာ..
အခုဆိုရင် အမှတ်စဥ်(၈)ခုထိ ရောက်လာခဲ့ပါတယ်။
ဆောင်းပါးတခုချင်းစီမှာ သိစေချင်၊ မှတ်စေချင်တာလေး တခုခုကို စာဖတ်သူ အစိမ်းရောင်လမ်း မိတ်ဆွေများ သတိထားမိစေခြင်းငှာ ရေးသားဖော်ပြခြင်း ဖြစ်ပါတယ်။
သတိထားမိသလောက်ဆိုရင် တောင်သူပညာပေး ဆွေးနွေးပွဲတွေမှာ ဟိုး..အရင်ကထက် စိုက်ပျိုးရေးဆိုင်ရာ ပြဿနာတွေ များလာသလို...တောင်သူတွေရဲ့ စိတ်ဝင်စားမှုလည်း ပိုများလာတာ တွေ့ရပါတယ်။
ဒီတပတ် စာရေးသူ ရောက်ရှိရာနေရာကတော့.. တပ်ကုန်းမြို့နယ်၊ တံခွန်တိုင်ရွာ ဖြစ်ပြီး စပါး၊ ငရုတ်သီးနှံတွေ စိုက်ပျိုးထားတာ တွေ့ရပါတယ်။
ဆွေးနွေးပွဲလာ တောင်သူတွေထဲက တောင်သူတယောက်ကတော့ ငရုတ်ပင်လေးတွေ နုတ်ယူလာပြီး "ဒီအကြောင်းအရာလေးကို ဦးစား ပေးပြီး ရှင်းပြပေးပါ..ဆရာ" လို့ ဆိုလာပါတယ်။

ပုံမှန်ဆိုရင်တော့.. သမားစဥ်အတိုင်း..ပရိုဂျက်တာ၊ ပါဝါပွိုင့်ထဲက အတိုင်း.. တောက်လျှောက် ဟောပြောဆွေးနွေးတာပါ။
ဒီတစ်ခေါက်တော့.. အပြောင်းအလဲဖြစ်စေအောင်၊ တောင်သူကို အဓိက ဦးစားပေးပြီး ကြုံတွေ့နေရတဲ့ စိုက်ပျိုးရေးဆိုင်ရာ/ကွင်းပိုင်းဆိုင်ရာ ပြဿနာများကို အရင်မေးကြည့်ပါတယ်။
မေးခွန်းတွေ အားလုံးကို ကောက်ချက်ဆွဲလိုက်ရင်..
- ၁။ ငရုတ်ပင်တွေ အရွက် သေး/အရွက်တွန့် ပြဿနာ
- ၂။ ငရုတ်ပင် ခါးရိညှိုးသေ ပြဿနာ
- ၃။ ငရုတ်ပင်(ကုလားအော်) အရွက်ဝါ /အပင်ညှိုးခြင်း စတာတွေပဲ အဓိက ဖြစ်တာ တွေ့ရပါတယ်။
နံပါတ်-၁ ပြဿနာ - (စုပ်စားပိုးကြောင့် ရွက်သေးထိုးခြင်း) ကုသရန်ဆိုရင်..
- အဆီတာမီပရစ်(အဆက်-20)
- ပိုင်မက်ထရိုဇင်း+နိုက်တင်ပိုင်ရမ်(ပိုင်ဒီ/စက်ကင်းရှယ်)
- အီမာမက်တင်+သိုင်ယာမီသိုဇင်(အီသာပလပ်စ်)
အဲ့ဒါမျိုး ဆေးတွေကို ၇ ရက်ခြား အလှည့်ကျ ဖျန်းပေးနိုင်ပါတယ်။
နံပတ်-၂ ပြသနာက စကယ်ရိုရှန်မှိုရောဂါကြောင့် ခါးရိအမြစ်ပုပ် လက္ခဏာဖြစ်ပါတယ်။
သူ့ကို ကုသဖို့ဆိုရင်တော့..
- အဇိုဇီစထိုဘင် + ဖို့စ်တိုင်းအလူမိနိယံ ( ပေဇို+ဖိုးစီ မှိုသတ် ဆေး)ကို အပင်ခြေထိ ရောက်အောင်ဖျန်းပေးပါ။
ဒီအထိက.. ရှင်းလို့လွယ်ပါသေးတယ်။
"အနာနဲ့ဆေး.. တည့်အောင်ပေး၊ ပျောက်ရေးမခက်ပါ" ဆိုသလိုပါပဲ။
ဒါပေမဲ့ နံပါတ်-၃ ပြဿနာကတော့ ပြဿနာ တက်တော့တာပါပဲ။
အချိန်မတန်ဘဲ ဘာကြောင့်အပင်ဝါရသလဲ? အပင်အရွက် ဝါရခြင်း အကြောင်းတရားတွေကလည်း များသကိုး..နော့။
- အာဟာရချို့တဲ့လို့ ဝါသလား..
- ရောဂါရလို့ဝါသလား..
- ရေငတ်လို့ဝါသလား..
- အစိုဓါတ်များလို့ဝါသလား..
- ဓာတုဆေး တခုခု မှားယွင်းမှုကြောင့်ဝါသလား..
စသဖြင့် တချက်ချင်း စစ်မေး မေးကြည့်တော့လည်း... မြေသြဇာလည်း ကျွေးထားတယ်၊ အစိုဓာတ်လည်းရှိတယ်၊ ပိုးလည်းမကျ၊ ခါးလည်းမရိ..ဆိုတော့... အဖြေမထွက်ဘဲ..ဖြစ်နေပါတယ်။
ဒီနေရာမှာ ဒီပြဿနာကို ပြေလည်နိုင်မယ့် အဖြေတခုကတော့ ပေးကို ပေးရတော့မှာကိုး။
ဒီတော့.. ကဲ..ကိုယ့်လူ, ပြောနေ..စကားကြောရှည်မယ်။ ငရုတ်ခင်းကို လက်တွေ့သွားကြည့်ကြစို့.. ဆိုပြီး.. ဆိုင်ကယ်နဲ့ တောထဲထိ သွားကြည့်ကြပါတယ်။
ကုလားအော် ငရုတ်ခင်းပါ။ အပင်အားလုံးနီးပါး အရွက်တွေဝါနေပါတယ်။ (အစိုဓါတ်များပြီး၊ စိမ့်ကိုင်လို့ဝါသလို ဝါနေတာပါ)
ဒါပေမဲ့..ရေမြောင်းနဲ့ ဝေးတဲ့ နေရာမှာလည်း.ဝါနေတာပါပဲ။
ခါးကြပ်ပြီး အောက်ကစို၊ အပေါ်ကပူ.. အမြစ်ကအစာမစားနိုင်တာလို့ ဝါတာလား ဆိုရင်လည်း...
ခါးမကြပ်တဲ့အပင်လည်း ဝါနေပြန်ကော..။
တကယ်..စားတယ်ဗျာ...
ကဲ..ကိုထွန်း (ငရုတ်ခင်းပိုင်ရှင်)
ကျနော့ကို အမှန်အတိုင်း မချွင်းမချန်ပြောစမ်းဗျာ.
လွန်ခဲ့တဲ့ တပတ်အတွင်း ဘာဆေးတွေ ဖျန်းသလဲ.?
ဆေးထဲမှာတခုခု အမှားပါမယ်ထင်တယ် "..လို့ ဆိုပြီး...
' ကြံရာမရ.. ဆေးလွှဲချ' ..လုပ်လိုက်တော့.....
"ဆရာ ဟောပြောပွဲမှာ ပြောသလိုများ ဖြစ်နေမလားမသိဘူးဆရာ"..တဲ့။
"ဘယ်ဟာတုန်း..ကိုထွန်း" ဆိုတော့..
" ပေါင်းသတ်ဆေးဖျန်းတဲ့ ဆေးဖျန်းပုံးကို သီးသန့်ထားပါ။ ဆပ်ပြာနဲ့ ဆေးရင်လည်း.. ပေါင်းသတ်ဆေးအာနိသင် ကျန်တတ်ပါတယ် " ဆိုတာလေ..ဆရာ ပြောမှ ... ကျနော်သတိထားမိလိုက်တာက...
စပါးခင်း ပေါင်းသတ်ဆေးဖျန်းပြီး ငရုတ်ခင်းကို ဖျန်းလိုက်မိတယ်ဆရာ.." တဲ့..
အောင်မြတ်လေး..ကိုထွန်းရာ.. စောစောက ပြောပါတော့လား...
စပါးပေါင်းသတ်ဆေးတွေက... စပါးပင်တောင် ဝါသေးတာကိုး။ ငရုတ်ပင် ဘယ်ခံနိုင်မလဲဗျာ...
ဒါတောင်..အပင်ကြီးနေတာရယ်..၊ ဆေးအာနိသင် နည်းတာရယ်ကြောင့် သက်သာတာ..
နို့မို့.. သေပြီပေါ့။
အခုတော့ ...
အပင်ခြေကို ဂျစ်ဆန်မှုန့်ပက်၊
အပ်(up-အားဆေး) လေးနဲ့ အသက်ဆက်လိုက်ပါဦး...လို့....
ကဲ..နမူနာပါပဲဗျာ..
မိတ်ဆွေတို့လည်း.. ပေါင်းသတ်ဆေးဖျန်းတဲ့ ... ဆေးဖျန်းပုံးကို သီးသန့်ထားဖို့မမေ့ပါနဲ့..။
စေတနာများစွာဖြင့်
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ko. Myo
လွန်ခဲ့သော ၂ နှစ် ကဆရာ ကျွန်တော်သာမို 11 ငရုပ်ခင်းမှာအသီးတွေမှာနေရောင်ထိုးတဲ့ ဘက်တစ်ချန်းမှာမဲနေတယ် ရောဂါလား ဥတုကြောင့်လားဘာဆေးဖျန်းရမလဲ ဆရာဖြေပေးပါအုံး
Htet wia Aung
လွန်ခဲ့သော ၃ နှစ် ကငရုပ်ကအောက်လက်ဝါးတာတာဘာဖြစ်တာလဲဗျ
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကအမြစ်ဆွေး အမြစ်ခြောက် ရောဂါက မြေဆောင်ရောဂါဖြစ်လို့ မြေချဥ် မြေငံပြုပြင်ရေး၊မြေခံ မှိုသတ်ဆေး၊ထရိုင်ကိုဒါးမားထည့်ခြင်း၊သဘာဝမြေသြဇာ ဂျစ်ဆန် ထည့်သွင်းအသုံးပြုခြင်း၊ စိုက်စနစ်မှန်ကန်ခြင်း စတဲ့အချက်တွေ လုပ်ဆောင်ရပါမယ်။
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကကုလားအော်က. အပင်နုတော့ စုပ်စားကြိုက်ပါတယ်။ အပင်ဟိုမုန်းတွေဖျန်းရင် ပိုဆိုးစေပါတယ်။ အဓိက တော့ လှေးနဲ့မွှား ကြောင့်.အရွက်တွန့်တာပါ။ အဆီတာမိပရစ်၊ သိုင်ယာမိသိုဇင်၊စပီနိုဆက် ၊ စသဖြင့် အခြေအနေကြည့်ပြီး အလှည့်ကျဖျန်းပါ။
လင်းထက်နိူင်
လွန်ခဲ့သော ၃ နှစ် ကကုလားအော်အပင်မှာ အမြစ်ဆွေးခြင်း အကိုင်းခြောက်ခြင်း အရွက်များတွန့်ပြီးသေးခြင်းများမဖြစ်အောင်ဘယ်လိုကာကွယ်ထားရမလဲးဆရာ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....