ပဲတီစိမ်းအပင်ကွက်ကြားသေ ဘာကြောင့်ဖြစ်၊ ဘယ်လိုရှင်း...
ပဲတီစိမ်းစိုက်တောင်သူများ အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ခရမ်း၊ သုံးခွ၊ သက္ကလ နယ်မြေများ၊ ဧရာဝတီတိုင်း အချို့ဒေသများ၊ ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ် ဒေသများမှာ ပဲပင်များ တဖြည်းဖြည်း ညှိုးခြောက်ပြီး အကွက်လိုက်သေသွားတဲ့ ပြဿနာတွေ အများဆုံးတွေ့ရပါတယ်။
သိသာထင်ရှားစေတာကတော့...
မျိုးစေ့နှုန်း တစ်တင်းနှုန်းနဲ့အထက် သုံးနေရခြင်းဟာ အပင်ကွက်ကြားသေလို့ ကာမိအောင် မျိုးစေ့ ပိုကြဲနေရခြင်းပါ။
ကဝမြို့နယ်က ခေတ်မီလယ်သမားတဦးဖြစ်တဲ့ ကိုခိုင်ဇော်ကတော့...
"မျိုးစေ့နှုန်းက အရင်က ၈ ပြည် - ၁၀ ပြည်(၈ လုံးကိုက် -ပြည်) ကြဲရာကနေ ခုက အပင်တွေ အသေများလာတော့ ဒီနှစ် ၁၆ ပြည်လောက်ကြဲနေရတယ်" လို့ ဆိုလာပါတယ်။

အုန္နဲရွာက နောက်ထပ်တောင်သူကြီးတယောက်ဖြစ်တဲ့ ဦးခင်ဝမ်းကလည်း...
စာရေးသူ ကွင်းဆင်းရင်းနဲ့ သူ့တဲ အလည်ရောက်ရင်း စကားစပ်မိတော့...
" ပဲပင်လေးတွေက စထွက်လာတုန်းတော့ စိမ်းစိုလှပနေပြီး ၁၅-၂၀ ရက်သားရောက်ရင်တော့ အရွက်လေးတွေ ဝါ၊ အောက်ရွက်တွေခြောက်၊ တဖြည်းဖြည်း သေကုန်ရော. ဆရာရေ..အဲဒါဘာဖြစ်လို့ပါလဲဆရာ" တဲ့။
"မှိုသတ်ဆေး တွေရော မဖျန်းဘူးလား..ဦးလေး..." ဆိုတော့..
"ဘယ်နေမလဲ..ဆရာ...
မှိုသတ်ဆေးတွေ စုံနေအောင်ဖျန်းတာ၊ အသေမရပ်ဘူးဆရာရေ..."တဲ့။
စာရေးသူလည်း... သာမန် ခါးရိ/ညှိုးသေ လို့မှတ်ပြီး... မှိုသတ်ဆေးတွေ ညွှန်တော့မလို့...
တောင်သူ့အသံ ကြားလိုက်တော့မှ..ဒီပြဿနာဟာ.. မြေဆီလွှာရဲ့ ပြဿနာ ဖြစ်နိုင်တယ်..လို့ တွေးမိသွားတယ်။
ဆိုတော့ကာ... ကဲ..ဦးခင်ဝမ်းရေ..
ကျနော်ထင်တာမမှားဘူးဆိုရင်..ဦးလေး မြေကြီးတွေ
ပျက်နေပြီ။ လာ..ကျနော်ပြမယ်..ဆိုပြီး
စာရေးသူပါလာတဲ့ pH မီတာလေးနဲ့ အစိုဓာတ်များတဲ့နေရာ ၅ နေရာ တိုင်းကြည့်ပါတယ်။

ပျမ်းမျှ.... ၃.၈ ပဲရှိတယ်။ တွေ့လား ဦးခင်ဝမ်း... မြေကြီးက အက်ဆစ်ဆန်နေပြီ။
မြေချဉ်ခြင်းနှင့် ပဲပင်သေ ပြဿနာ...
တောင်သူ ။ ။ မြေတွေချဉ်တာနဲ့ ပဲပင်သေတာ ဘယ်လို သက်ဆိုင်တာလဲဆရာ..
ဒို့ဦးလေး။ ။ ဒါ..မေးသင့်တဲ့မေးခွန်းပါပဲ...
အရင်ဦးဆုံး မြေချဉ်/ငန် pHအကြောင်း နည်းနည်းရှင်းပြမှဖြစ်မယ်။
pH မှာကိန်းဂဏန်းအရ ၀-၁၄ အထိ ရှိတယ်။ pH-7 ဆိုရင် သမမျှတမှု သင်္ကေတ(Neutral point)..ဖြစ်ပြီး pH -7 ထက် များရင်တော့ မြေငန်၊ pH-7 ထက် နည်းရင်တော့ မြေချဉ်တယ်လို့ မှတ်ပါ။
အနည်းဆုံး pH 6 နဲ့ 8 အကြားမှာ ရှိနေမှ မြေမှန်တယ်လို့ ယူဆနိုင်ပါတယ်။
ဆိုတော့ကား..
အခုနက မေးခွန်းပြန်ကောက်ရရင်..
မြေချဉ် (pH-5 အောက်) ရင် မြေကြီးထဲမှာရှိနှင့်ပြီးသား မြေဆောင်မှိုရောဂါ(Soil borne diseases)တွေကို ပိုမိုပွားများစေပါတယ်။
နောက်တခုက မြေချဉ်ရင် မြေကြီးထဲ ဖော့စ်ဖရပ်၊ ပိုတက်စီယံ၊ ကယ်လ်စီယံ စတဲ့ ဓာတ်ဖိုအိုင်းယွန်းတွေကို အပင်က မစားနိုင်အောင် ထိန်းချုပ်ခံရခြင်းပါ။
တောင်သူ။ ။ သြော်..ဒါကြောင့် ပဲပင်တွေက အာဟာရချို့တဲ့သလို စဖြစ်လာတာကိုးဆရာရဲ့။
"ဒါပေမဲ့..မှိုသတ်ဆေးဖျန်းရက်နဲ့ ဘာလို့ ဆက်သေရတာလဲ ဆရာ၊ အဲဒါလည်း ရှင်းပေးပါဦး"
ဒို့ဦးလေး။ ။ မြေဆောင်မှိုရောဂါတွေမှာ မှိုသတ်ဆေးနဲ့ နှိမ်နင်းရခက်တဲ့ ရောဂါတွေရှိတယ် ဦးခင်ဝမ်းရဲ့။
ဥပမာ.. ဖျူဆေရီယံ ခါးရိရောဂါနဲ့ Rhyzoptonia လို့ ခေါ်တဲ့ အမြစ်ခြောက်ဆွေး ရောဂါတွေဟာ ကြိုတင်ကာကွယ်နည်းနဲ့သာ အဆင်ပြေပြီး၊ ကုသဖို့ခဲယဉ်းတဲ့မှိုအမျိုးအစားတွေ ဖြစ်ပါတယ်။
တောင်သူ။ ။ မှိုသတ်ဆေးတွေက မစွမ်းဘူးလားဆရာ...။
ဒို့ဦးလေး ။ ။ မှိုဆေးတွေက မစွမ်းလို့တော့မဟုတ်ပါဘူး၊ မှိုရောဂါတွေက ရေသောက်မြစ်ကနေတဆင့် ရေကြောစည်းထဲ ဝင်တိုက်ခိုက်တာရယ်၊ မှိုသတ်ဆေးက ရောဂါရှိတဲ့ဆီကို မရောက်နိုင်တာလည်းပါလို့ မထိရောက်တာပါ။
ကိုခိုင်ဇော်။ ။ ဒါဆိုရင် ဒီပြဿနာရဲ့ သော့ချက်က မြေကြီးပြင်ဖို့အဓိကပေါ့ဆရာ...နော။
ဒို့ဦးလေး ။ သိပ်မှန်တာပေါ့ ကိုခိုင်ဇော်ရေ။ ကျနော်အဓိကပြောချင်တာ အဲဒါပဲ။
တောင်သူအများစုက #မြေကိုမပြင်ဘဲ #အပင်ကိုပြင်နေသမျှ လိုရာပန်းတိုင်နဲ့ ဝေးနေဦးမှာပဲဗျ။
ပဲပင်ကွက်သေတွေကို ဘယ်လိုကျော်လွှားရမလဲ
တောင်သူ။ ။ ကျနော့ကို ရှင်းအောင်ပြောပြခဲ့ပါဆရာ။ လာမယ့်နှစ် ဒီလိုမဖြစ်အောင် ဘယ်လို ကာကွယ်လုပ်ဆောင်ရမလဲ..ဆိုတာ..
ဒို့ဦးလေး ။ ။ သတ္တဝါတိုင်းမှာ အမေ တွေရှိကြသလို၊ ပြဿနာတိုင်းမှာလဲ..အဖြေတွေရှိပါတယ် ဦးခင်ဝမ်းရယ်။
လိုက်နာဆောင်ရွက်ဖို့ပဲ လိုပါတယ်။
တောင်သူ။ ။ မလုပ်လို့မရတော့ဘူးဆရာ.. အနာတခြား၊ ဆေးတခြားဖြစ်ပြီး ကြာရင် လယ် သမားတွေ ဆေးဖိုးနဲ့ မွဲလိမ့်မယ်။
ဒို့ဦးလေး။ ။အကြောင်းမကောင်းခဲ့လို့ အကျိုးမကောင်းတာဆိုတော့ ဖြစ်ရခြင်းအကြောင်းရင်းတွေကို ဖြေရှင်းလိုက်ရုံပါပဲ။ ဆိုတော့...
- သဘာဝမြေဆွေးများများ(ချနိုင်သလောက်များများ)ထည့်ပါ။
- ၁ ဧက အတွက် မဖောက်ထုံး ၅၀ ကီလို ၁၀ အိတ်နှုန်း ၃ နှစ်ဆက်တိုက်ထည့်ပါ။
- ထယ်ရေး၊ ထွန်ရေး နက်နက်ညက်ညက် ပြုပြင်ပါ။
မျိုးကောင်းမျိုးသန့် အသုံးပြုပါ
မစိုက်မီ မျိုးစေ့ကို ဆေးလူးစိုက်ပါ။
#အင်ဒေါင်း(မက်တလက်ဇီး+အေမီဒါ)
(မက်တလက်ဇီးသည်၊အမြစ်ပုပ်ရောဂါအတွက်အကောင်းဆုံး လူးနယ်ဆေးဖြစ်ပြီး မြေကြီးအတွင်း ကြာရှည်စွာနေနိုင်ပါသည်။)
သို့မဟုတ်
ထရိုင်ကိုဒါးမား/ ရိုင်ဇိုဘီယံ လူးနယ်စိုက်ပါ။
ပေါင်းသတ်ဆေး ဓာတ်ကြွင်းများက၊ မြေကြီးကို ပိုချဉ်စေ/ပိုပျက်စေပါတယ်။
မြေကြီး အတွင်း၊ ဓာတ်ကြွင်းများလျော့ပါးစေရန် အီးအမ် ဘိုကာရှီကဲ့သို့ မြေတွင်းအကျိုးပြု မိုက်ခရုပ်များ မွေးမြူပါ။
ကဲ..ဘယ်နှယ့်လဲ... ဦးခင်ဝမ်း..လုပ်နိုင်ပါ့မလား။
တောင်သူ။ ။ ဖြစ်အောင်လုပ်ရမှာပေါ့ ဆရာရယ်။
အခုလို စိတ်ရှည်လက်ရှည် ရှင်းပြပေးတာကိုပဲကျေးဇူးတင်ပါတယ်..ဆရာ..
ဒီဆောင်းပါးရေးဖြစ်အောင် အစစ ကူညီပေးခဲ့တဲ့ ကဝမြို့နယ်၊ အုန္နဲရွာမှ ကိုခိုင်ဇော်နဲ့ ဦးခင်ဝမ်းကိုကျေးဇူးတင်ပါကြောင်းနဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
San Lwin
လွန်ခဲ့သော ၁ နှစ် ကဆက်သွယ်လိုပါက ၀၉၇၄၀၈၅၁၈၂၀ ဖုန်းဆက်ပါ။
San Lwin
လွန်ခဲ့သော ၁ နှစ် ကဆောင်ပါးရှင်း ဖော်ပြဖားတဲ့ နညိးလမ်းလည်းကောင်းပါတယ်။ ဒါပေမဲ့တောင်သူက လိုက်လုပ်ဖို့ ခက်မယ်။ Slag Fertilizer (ဖြုန်းမြေသြဇာ) တစ်မျိုးဖြစ်တဲ့ ရွှေမြေသီး ကယ်လဆီယမ်ဆီလီကာ မြေသြဇာကို ၅၀ ကီလို ၁ ဧက ၄ အိတ်သုံးပါက ပထမရာသီမှာပဲ အပင်အသေအပျောက် ၈၀ ရာခုနှုန်းထိသက်သာပြီး သီးနှံပါအထွက်တိုးပါမယ်။
Hnin ei
လွန်ခဲ့သော ၁ နှစ် ကသေတဲ့အပင်ကိုရှင်သန်အောင်လုပ်လို့မရတော့ဘူးနော်
ChanNyeinThiha
လွန်ခဲ့သော ၂ နှစ် ကအ့လိုအပင် အသေပျောက်တွေဖြစ်နေရင် ကုသလို့ မရနိုင်ဘူးလား ဆရာ
u mg mg
လွန်ခဲ့သော ၂ နှစ် ကဆရာကြီးခင်ဗျာ ကွန်တော်လယ်ထဲက ပဲတီစိမ်း ဟာ အသီးစုံမှခြောက်ပြီးသေတာ ဘာကြောင့်လဲ ဘာလုပ်ရမလဲ ဆရာ
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး