အစိမ်းရောင်လမ်း
ကျွန်တော် သိတဲ့ အီသလင်း

ကျွန်တော် သိတဲ့ အီသလင်း

သရက်သီးက ချိုလည်း မချိုဘူး …တဲ့ ဆေးသုံးပြီး အုပ်ထားတာနဲ့တူတယ် … တဲ့ …။ မစားနဲ့ မကောင်းဘူး အန္တာရယ်ရှိတယ်  စသဖြင့် ပြောသံတွေ ကြားခဲ့မြင်ခဲ့ ကြုံခဲ့ဖူးပါတယ် …။ သရက်သီး စောစော စျေးကွက်မှာ တင်ရောင်းနိုင်အောင် အသီးစိမ်းကို အီသရယ် သုံးပြီး မှည့်အောင်လုပ်ထားတာ အားလုံးနီးပါးသိထားပြီး ဖြစ်မှာပါ …။ သရက်တင်မက ငှက်ပြောမှာလည်း သုံးတာ တွေ့ဖူးပါတယ် ။ အခု ရိတ်သိမ်းလွန်နည်းပညာ ဘာသာရပ်ကို ပါရဂူဘွဲ့ တက်ရောက်သင်ကြားနေစဉ် လေ့လာခဲ့ရတဲ့ ကျွန်တော်သိတဲ့ အီသလင်း (အီသရယ်) အကြောင်း ရေးပြ ပြောပြချင်ပါတယ် …။

အသီးတွေ မှည့် ခြင်းနဲ့ အီးသလင်း အကြောင်း၊ အီသလင်းရဲ့ ဂုဏ်သတ္တိ၊ ကောင်းကျိုး မကောင်းကျိုး၊ အသီးတွေ တာရှည်ခံအောင် အရည်အသွေး မပျက်အောင် ဘယ်လို လုပ်တယ် ဆိုတာ ပုံနဲ့ တကွ ရေးပြတင်ပြပေးချင်ပါတယ် (မှားခဲ့တာတွေ့ရင် ထောက်ပြစေချင်ပါတယ်)

အီသလင်းဆိုတာ အပင်က ထုတ်တဲ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ် …။ သူ့ကို စတွေ့ခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ … ၁၉၀၁ တုန်းက Neljubov ဆိုတဲ့သူက တွေ့ခဲ့တာပါ။ သူက ပဲပင်တွေကို အညှောင့် ဖောက်ရာကနေ ပဲပင်ပေါက်တွေ ပုံမှန် မဟုတ်တာကို စတွေ့ခဲ့တာ၊ ပဲပင်ပေါက်တွေက တို၊ တုတ်ပြီး ကွေးနေတာတွေ့လို့ သူကထူးခြားနေပြီ ဘာဖြစ်လည်း ပေါ့ … နောက်ပိုင်းမှာ ဒါကို အီသလင်းကြောင့် ဖြစ်တယ်ဆိုတာ သိလာတယ်၊ မှတ်တမ်းထဲမှာတော့ Triple responses လို့ အင်္ဂလိပ်လို ခေါ်တယ်။

တစ်ချက်ခုတ် နှစ်ချက်ပြတ်၊ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်တယ် …၊ ဒါတွေက Double responses လို့ နားလည်ရင်…၊ ကောင်းတဲ့ အချက်ကို တပြိုင်ထဲရစေမယ်ဆို triple response လို့ခေါ်နိုင်ပါတယ်၊ တုတ်နဲ့ရိုက်လို့ မြွေသေတယ် ဒုတ်ကျိုးတယ်ဆို … ဖြစ်ရပ်နှစ်ခုဖြစ်တာဘဲ …၊ အကောင်းတဖက် အဆိုးတဖက်ဖြစ်ခဲ့ရင် ဒါကျရင် Double response လို့ မသုံးဘူးနော် …၊ အခု အီသလင်းကြောင့် ပဲပင်ပေါက် တိုတုတ်ကွေးလာတာ စျေးကောင်းရစေတဲ့ အချက်မို့ ကောင်းတယ်လို့ ပြောတာပါ …၊ (စျေးထဲက ပဲပင်ပေါက် တုတ်တုတ်တိုတိုတွေက အီသလင်းသုံးပြီး အမြစ်ဖောက်ထားတာပါ။ ဒီမှာတင် အဖြေက ပေါ်နေပါပြီ အီသလင်းကြောင့် စားတဲ့ အခါ အန္တာရယ် မရှိဘူးဆိုတာ)

တစ်ဆက်တည်းမှာဘဲ အီသလင်းရဲ့ အကျိုးသက်ရောက်မှုတွေကတော့ အများကြီးပါ … မြန်မာလို ဘာသာပြန်ရင် မူရင်းနဲ့ကွဲလွဲနေမှာစိုးလို့ မူရင်း စာသားအတိုင်းထည့်လိုက်တာပါ …။

Ethylene plays an active role in seed germination, tissue differentiation, formation of root and shoot primordia, root elongation, lateral bud development, flowering initiation, anthocyanin synthesis, flower opening and senescence, pollination, fruit degreening and ripening, the production of volatile organic compounds responsible for aroma formation in fruits, leaf and fruit abscission, the response of plants to both biotic and abiotic stress, and plant-microbial interactions that are important for plant’s growth and survival (Abeles et al., 1992; Grichko and Glick, 2001a).

၁၉၉၁ စတင်တွေ့စဉ်က အီသလင်းကို အပင် ဟော်မုန်းဆိုပြီး မသိကြသေးဘူး မသတ်မှတ်ကြသေးဘူး …၊ ၁၉၃၄ ကျတော့ မှ အပင် ဟော်မုန်းလို့ သတ်မှတ်ခဲ့ကြတာ၊ အောက်စင်၊ ဂျဘရယ်လင်၊ ဆိုက်တိုကိုင်နင် စတာတွေက အပင်ဟော်မုန်းလို့ ကြားဖူးပါကြမှာပါ ..၊ အခု အီသလင်းက အခြားဟော်မုန်းနဲ့ အဓိက ကွဲပြားကွာခြားတာက အပင်ဟော်မုန်းတွေထဲမှာ ဓာတ်ငွေ့ အဖြစ်နဲ့ တည်ရှိနေတဲ့ တစ်ခုတည်သော ဟော်မုန်းပါ …။

အီသလင်းဆိုတာ ဟိုက်ဒြိုဂျင်နဲ့ ကာဗွန်ပေါင်းထားတဲ့ အရောင်မရှိတဲ့ ဓာတ်ငွေ့တစ်မျိုးပါ …၊သူ့ရဲ့ မော်လီကျူးဖွဲ့စည်းပုံကို C2H4 လို့ လေ့လာတွေ့ရှိပြီး အနံံ့ရှိတဲ့ မီးလောင်နိုင်တဲ့ ဓာတ်ငွေ့မျိုး ပေါ့ ..။ စောစောက ပြောတဲ့ ဂုဏ်သတ္တိ သုံးမျိုး အပြင် အခုသိလာတဲ့ အထိ အပင်ရဲ့ အဓိက နေရာ တော်တော် များများကို လွမ်းမိုးထားတယ် …။ အီသလင်းက အသီမှည့် တဲ့ ကိစ္စတွေမှာ အဓိက ပါဝင်နေတာ … ပါ။

အသီးမှည့်တယ်ဆိုလို့ အသီးတွေကို သတိထားမိကြမှာပါ …၊ တစ်ချို့ အသီးတွေကျ အစိမ်းကိုခူးပြီး အုပ်ရင် မှည့်လာတယ် … ဥပမာ သရက်၊ သဘောင်္၊ ငှက်ပြော …၊ တစ်ချို့ အသီးတွေကို အစိမ်းခူပြီး အုပ်ရင် မမှည့်ဘူး ဥပမာ သံပုရာသီး လီမွန်၊ မင်းဂွတ်၊ စပျစ်…။ ပထမအုပ်စု ကိုလေ့လာကြည့်တော့ မှည့်လာတော့မယ်ဆိုရင် အီသလင်းထုတ်တာများလာတာတွေ့တယ်၊ နောက်အုပ်စုက အီသလင်းထုတ်တာ များမလာဘူး …။ အပင်ပေါ်မှည့်ခါနီး တိုင်းကြည့်လည်း အီသလင်း ဓာတ်များလာတာ မတွေ့ဘူး …၊ ဒီမှာတင် အသီးကို အီသလင်း ထုတ်လုပ်နိုင်တဲ့ အပေါ် မူတည်ပြီး အုပ်စု ၂ စု ခွဲလိုက်ကြတယ်၊ မြန်မာလိုတော့ ဘယ်လို ခေါ်ကြတယ် မသိသေးဘူး …၊ ပထမအုပ်စု ဖြစ်တဲ့ အီသလင်း ထုတ်နိုင်တဲ့ အသီးတွေကို Climacteric fruits လို့ ခေါ်ပြီး နောက်အုပ်စုက အီသလင်း မထုတ်နိုင်တာမို့ Non-Climacteric fruits  လို့ ခေါ်တယ်  (ပုံ - ၁)။  (အများကြီးတဲ့ မှတ်မိဘူး …၊ ငါလည်း မမှတ်မိပါဘူး …၊ ဘယ်ဟာ ဘယ်မှာရှိတယ်ဆိုတာဘဲ မှတ်ထားတာပါ၊ မေးတဲ့ အခါ ဒါကို ပြန်ကြည့်ရတာဘဲလေ …၊ လုူကြီးမင်းတို့ သိချင်ရင် Dr. Google ကို မေးလို့ ရတယ် အဝိုင်းလည်နေတာ လို့ ပြောမှာစိုးလို့ နာမည်တွေကို တင်ပေးလိုက်ပါတယ်)။

ဒီမှာတင် မေးခွန်းက စတော့တာဘဲ …၊ အဲလို အီသလင်းထုတ်တာ မထုတ်တာ ဘာလို့လည်း၊ ထုတ်တော့ ဘာဆက်ဖြစ်လည်း … မထုတ်တဲ့ အသီးကိုရော ခူးပြီး မှည့်အောင် လုပ်လို့ မရဘူးလား … စုံနေတာဘဲ …၊ ကျွန်တော် ထင်ပါတယ် ဒါဖတ်ပြီး မေးချင်တာ တွေ များနေမှာပါ။

သရက်နဲ့ စထားတာမို့ သရက်က မှည့်လာရင် အီသလင်းထုတ်တဲ့ အတွက် သူနဲ့ ပတ်သက်တာ ဆက်ပြောမယ်လေ …။

အဲတော့ အီသလင်း ဘယ်လိုထုတ်လည်း … အီသလင်းက အသီးကို ဘယ်လို မှည့်စေလည်း ဒါကို ပြောဖို့ လိုလာပြီ … အင်း … နဲနဲတော့ ရင်လေးတယ် … ဘာသာပြန်ပြလို့ မရတဲ့ သိပ္ပံဆိုင်ရာ အသုံးတွေ ဘယ်လို နားလည်အောင် ပြောရမလည်း ….၊

ဒီတော့ ကျွန်တော် ရေးပြတာလေးကို နားမရှင်းဘူး မှားနေတယ် ဒီဟာကို ဒီလိုလေး ရေးရင် ပိုကောင်း ပိုပြည့်စုံမယ်လို့ ပြင်ပေးဖို့ ဖိတ်ခေါ်ပါတယ် …၊

ပံု ၁။ Climacteric and non-climacteric fruits

အီသလင်းကို အပင် ဆဲလ်ရဲ့ ဆိုက်တိုပလာဆမ် (ဘာပြောတာလည်းလို့ မလုပ်ပါနဲ့ နော်၊ Cytoplasm or Cytosol ကို ပြောတာပါ) မှာ ချက်လုပ်တာပါ၊ အပင် ဆဲလ် အတွင်းပိုင်းကို ပြောတာပါ။ အဓိက အဆင့် ၂ ဆင့် ဘဲ ပါတယ်၊ ဒါကို စတင် ဖော်ထုတ်ခဲ့သူက Yang ဆိုတဲ့သူပါ။ methionine လို့ခေါ်တဲ့ အမိုင်နို အက်ဆစ် တစ်မျိုးကနေ  S-adenosyl-L-methionine (SAM) လို့ ခေါ်တဲ့ ဓာတ်ပေါင်း တစ်မျိုး ကို ဖွဲ့ဆည်းတယ် …၊ အဲဒီကမှ တဆင့် အီသလင်းကို ချက်လုပ်တယ်၊ အဓိက ပါတဲ့ အင်ဇိုင်း ၂ မျိုးထဲပါ၊ ဒါကို ဘာလို့ ပြောရလည်းဆိုရင် အီသလင်း များချင်ရင် အဲဒီအင်ဇိုင်းကို နှိုးဆွ ပေးလိုက်၊ နဲချင်တယ် နှေးချင်တယ် မထုတ်စေချင်ရင် အဲဒီ အင်ဇိုင်းကို အလုပ်မလုပ်နိုင်အောင် တားလိုက်ဖို့ ပေါ့၊ ပုံထဲမှာ (-) က တားတာကို ပြောတာ၊ (+) က အားပေးတာကို ပြောတာပါ (ပုံ -၂)။

ပုံ (၂) အီသလင်း ချက်လုပ်ပုံနှင့် ပါဝင်သော အင်ဇိုင်းများ …[S-adenosyl-L-methionine (SAM)] ။

ဒီလောက်နဲ့ ကို ခေါင်းရှုတ်နေပြီထင်တယ်၊ မရှုတ်နဲ့ အုံး အခုမှ အစ … ၊ နာမည်တွေ မှတ်မနေနဲ့လေ၊ အဆင့် ၂ ဆင့် အင်ဇိုင်း ၂ မျိုး လိုတယ် …. ဒါဆို ရပြီလေ။

အိုကေ အီသလင်း ဇာတိ ဂုဏ်သတ္တိ (သူ့ action ကို ပြောတာပါ) ဘယ်လိုပြလည်း …၊ ဘယ်အချိန်ပြလည်း၊ လူမိုက်တစ်ယောက် တစ်ချိန်လုံး အမြဲတမ်း မိုက်မနေဘူး၊ သူခိုးကလည်း အမြဲတမ်း ခိုးနေမှာမဟုတ်ဘူး၊ အင်း လူလိမ်ကတော့ တစ်ချိန်လုံး လိမ်နေမှာ သေချာတယ် …၊ အမြဲလိမ်ဖို့ လုပ်နေတဲ့ လူလိမ်တောင် အလိမ်ခံမဲ့သူရှိမှ လိမ်လို့ရမှာ …။ အပင်နဲ့ လူ အဲမှာ ကွာတာ သွားတွေ့တယ်၊ လူက ဟန်ဆောင်တယ် အပင်က ဟန်မဆောင်ဘူး …၊ ဒီတော့ အီသလင်းကို လေ့လာတော့ သူက ဒီအတိုင်းနဲ့တော့ သူ့ action သူ့ ဂုဏ်သတ္တိကို မပြနိုင်ပါဘူးတဲ့၊ သူ့ ပါဝါ ပြနိုင်ဖို့ လုပ်ရမဲ့ တခုလိုတယ်တဲ့၊ အဲဒါဘာလည်းဆိုတော့ အီသလင်းကို လက်ခံပေးမဲ့ အရာreceptor လို့ ခေါ်တယ် … ၊ ဘယ်မှာရှိလည်းမေးရင် ဆဲလ်အတွင်းထဲမှာဘဲ ရှိတယ် …။ (သဘာဝ တရားကြီးက လောကကို ညွန်ပြနေတယ်နော် … ဆရာကြီး ဦးဟန်ညွန့် က ပြောဖူးတယ် … အများကြီးမတွေးနဲ့ ကွန့်ပြီး မကြည့်နဲ့ ရိုးရိုးတွေးတဲ့ အားလုံးက သဘာဝလောကမှ ဖြစ်နေတဲ့အတိုင်းဖြစ်နေတာပါတဲ့၊ အစကတော့ အင်း … ဟုတ်ကဲ့ ဟုတ်ကဲ့ … နားလည်လို့ထင်လား ဆရာကြီးသိတယ်လေ ဒီကောင် ဆက်နားမထောင်ချင်တဲ့ ဟုတ်ကဲ့ ဆိုတာကို …၊ ကျွန်တော် လည်း ဆရာကြီးဆီက နဲနဲ လေး အမွေ ရထားပါတယ် …၊) ဖျက်ဆီးမဲ့သူက အပြင်ကမဟုတ်ဘူး အကျိုးပြုမဲ့သူကလည်း အပြင်က မဟုတ်ဘူး ဆဲအတွင်း တစ်ခုထဲကပါ၊ (ဆရာကြီးပြောပါတယ် … ဒါကို အရင်သိခဲ့တာ ငါတို့ ဘုရားပါ၊ အဓိက က စိတ် ပါ တဲ့ …၊) အဲဒီတော့ အီသလင်း ရလာပြီ၊ ဘယ်လိုရလာနိုင်လည်း …၊ အသီးရင့်လို့ မှည့်ခါနီးမှာ အလိုလို ချက်လာတဲ့ Autocatalic ကြောင့် သော်လည်းကောင်း၊ အပင်က ဖိအား (stress) ဒဏ်ရာတခုခု၊ ဒါမှမဟုတ် ရောဂါ မှိုကျလို့ ဖြစ်ဖြစ်၊ အပြင်ကနေ အီသလင်းဓာတ်ငွေ့ ပေးလိုက်တာဖြစ်ဖြစ် … အီသလင်းကို ရနိုင်တယ်…၊ (ပိန္နဲသီး အညှာနားကို သပ်ရိုက်သွင်းပြီး မှည့်အောင်လုပ်တာ တွေ မြင်ဖူးမယ်ထင်ပါတယ် .. အဲဒါက အပင်ကို ဒဏ်ရာပေးလိုက်တာပါ အဲလိုလုပ်လိုက်ရင် ဆဲလ်အတွင်း အီသလင်းချက်လုပ်မှုမြန်လာစေပြီး အသီးကို မြန်မြန်မှည့်စေတယ်။ အသီး အချိုဓာတ်ပြောင်းလဲသွားခြင်း မရှိတာ အားလုံးသိမှာပါ။)

စပြီနော် ပုံနဲ့ ပြောတော့မယ် …၊ ဆဲလ်ထဲမှာ endoplasmic reticulum လို့ခေါ်တဲ့ တွန့်ခေါက်နေတဲ့ အလွှာ အမှေးပါး ရှိတယ်၊ အဲဒီ ပေါ်မှာ အီသလင်းကို လက်ခံမဲ့ ကျေးဇူးရှင်တွေ ရှိနေကြတယ်လေ ..။ အီသလင်းကိုသာ မကောင်းတဲ့ ဘက်ကပြောမယ်ဆို ဒီ receptor ကောင်တွေက သူခိုး ဓားရိုးကမ်းမဲ့ကောင်တွေ …။ အီသလင်းကို ကောင်းတဲ့ဟော်မုန်းလို့ ပြောရင် အခုပြောတဲ့လက်ခံကောင်တွေက သူရဲကောင်းတွေလေ …၊ အခြေအနေအချိန်အခါပေါ်မူတည်ပြီး လိုအပ်ချက်ပေါ်မူတည်ပြီး  လူတစ်ယောက် အရာတစ်ခုဟာ သူရဲကောင်း (အကျိုးပြုပစ္စည်း) ဖြစ်နိုင်သလို (ဓားရိုးကမ်းတဲ့ သူ) ဖွတ်ကြားလို့ သတ်မှတ်ခံရနိုင်တယ်လေ၊

ပုံ ၃ ။ အီသလင်း အက်ရှင်ပြရင် receptor နှင့် ပေါင်းစပ်ပုံ

ပုံ ၄ မှာ အီသလင်း လုပ်ဆောင်ပုံ လမ်းကြောင်းကို အနီရောင်မျှားနဲ့ ပြထားပါတယ်။ ကြားခံ ၁၊ ၂၊ ၃ နာမည်တွေ သိပြီး လေ့လာပြီး ရှိပါတယ် ..၊ မြန်မာလို ပြန်ဖို့ ခက်လို့ ပါ။ ဒီလိုနဲ့ နောက်ဆုံး မှာ အသီးမှည့်လာမယ် အသီးမှည့်ခြင်းနဲ့ ဆက်စပ်နေတဲ့ ဗီဇတွေ အလုပ်လုပ်လာမယ် …၊

ပုံ ၄ ။ ဆဲလ် အတွင်း အီသလင်း အက်ရှင် ပြန်ရန် ဖြစ်ပေါ်ပုံ အဆင့်ဆင့်။

အီသလင်းကြောင့် အောက်ပါ ဆက်စပ်ဖြစ်စဉ်များ ဖြစ်ပေါ်လာကြပါတယ် …။ ဘာတွေလည်းဆိုတော့

၁။ ဆဲလ်နံရံပြိုကွဲပြီး အသီးပျော့လာမယ်

၂။ ဆဲလ် အတွင်း အမှေးပါ ပျက်စီးလာမယ်။

၃။ သိုလှောင်ထားတဲ့ အစာခြေဖျက်မှု (respiration) မြန်လာမယ်။

၄။ အချိုဓာတ် ပြောင်းလဲမှု ဖြစ်လာမယ်။

၅။ အနံ့ ဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ထွက်လာမယ်။

၆။ နောက်တော့ အီသလင်း ချက်လုပ်မှုပါ မြန်လာမယ်။

ဖြစ်တဲ့အဖြစ်တွေကို ပုံ  ၅ မှာ အားလုံးကို ပြန်ပေါင်းပြီး ပြထားပါသည်။

ဒီတော့ ပြန်စဉ်းစားကြည့်တယ် … အီသလင်းနဲ့ အုပ်ရင် အမှည့်မြန်လာတယ် အသီးအချိုဓာတ်ပေါ့သွားတယ်ဆိုတာ ဟုတ်သလား …။ ကျွန်တော် သိရသလောက်ဆိုရင် အသီး ရင့်တာ မမှန်တဲ့ အချိန် (နုတဲ့အသီး) ကို အီသလင်းပေးရင်တော့ အချိုဓာတ် လျော့နိုင်ပေမဲ့၊ သေချာ ရင့်ပြီးဖြစ်ရင်တော့ အချိုဓာတ် မပြောင်းလဲနိုင်ဘူး ..။ ဒါပေမဲ့ ကြာကြာ အထားမခံတော့ဘူး … ဆဲနံရံတွေ ဆဲလ် အမှေးပါးတွေ ပျက်စီးလို့ ရောဂါဝင်ဖို့ လွယ်သွားပြီလေ …။

ဒီလောက်ဆိုရင် အီသလင်း အက်ရှင် ကို နားလည်မယ်ထင်တယ်နော် …။

ဦးစိုးဝင်း ( YAU)

You

ဆက်စပ်ဆောင်းပါးများ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....