မီးသွေးပေါင်းခံရည် သို့မဟုတ် ဝါးပေါင်းခံရည်
မီးသွေးပေါင်းခံရည်ဆိုသည်မှာ မီးသွေးဖိုမှထွက်ရှိသော မီးခိုးကိုပြန်လည်အအေးခံဖြင်းဖြင့် ရရှိသောအရည်ဖြစ်ပြီး ဂျပန်တောင်သူလယ်သမားများ ယနေ့အထိစိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုလျက်ရှိပါသည်။ မီးသွေးပေါင်းခံရည်ကို ထုတ်လုပ်သည့်အခါ ဝါး(သို့)ထင်းကိုအသုံးပြု၍ ထုတ်လုပ်နိုင်ပါသည်။ မီးသွေးပေါင်းခံရည်မှာ မြေသြဇာ၊ ပိုးသတ်ဆေးမဟုတ်ပါ။ သို့သော်အပင်များ ကြီးထွားရန်နှင့် အပင်များသို့ရောဂါပိုးများ မကျရောက်စေရန် ကာကွယ်နိုင်သော သတ္တိရှိပါသည်။ မီးသွေးပေါင်းခံရည်သည် မြေကြီးထဲတွင်ရှိသော အပင်အကျိုးပြုအဏုဇီဝပိုးများကို ပွားစေပါသည်။ ၎င်းအဏုဇီဝပိုးများက အပင်၏အမြစ်တွင်တွယ်ကပ်ပြီး အမြစ်ထဲတွင်အပေါက်ကလေးဖြစ်အောင် ဖန်တီးပေးပါသည်။ ၎င်းအပေါက်များမှတဆင့် အပင်အတွက်လိုအပ်သော အာဟာရများကို စုပ်ယူခြင်းဖြင့် အပင်မှာသန်စွမ်းကြီးထွား လာခြင်းဖြစ်ပါသည်။ မီးသွေးပေါင်းခံရည်မှာ အနံ့ပြင်းသဖြင့် ပိုးများမလာစေရန်လည်း ကာကွယ်ပေးပါသည်။
မီးသွေးပေါင်းခံရည်ထုတ်လုပ်နည်း
(က) လိုအပ်သောကုန်ကြမ်းပစ္စည်းများ
- (၁) သက်တမ်း(၃)နှစ်ရှိဝါး(၆)လုံး (သို့မဟုတ်)ထင်းနွားလှည်း(၁)စီးခန့် မီးသွေးပေါင်းခံရည်ကို ထုတ်လုပ်သည့်အခါတွင် ဝါး(သို့မဟုတ်)ထင်းကို အသုံးပြုနိုင်ပါသည်။ ဝါးကိုအသုံးပြုပါက သက်တမ်း(၃)နှစ်ခန့်ရှိပြီး လူသုံးကုန်ပစ္စည်းများ ပြုလုပ်ရန်နှင့် အိမ်ဆောက်ရန်အတွက် အသုံးမပြုနိုင်သော ဝါးများကိုအသုံးပြုပါ။ ဝါး(၆)လုံးကို(၃)ပေအရှည်ခန့် ဖြတ်၍နှစ်ခြမ်းခွဲပြီး နေရိပ်တွင် (၃)ရက်ခန့်ဖြန့်ထားရန် လိုအပ်ပါသည်။ ထင်းကိုအသုံးပြုပါက (၁၀)ရက်ခန့်ကြိုတင်ခုတ်ပြီး အရိပ်တွင်ဖြန့်ထားရန် လိုအပ်ပါသည်။ ထင်းနှင့်ဝါးခြောက်သွေ့လွန်းပါက မီးသွေးပေါင်းခံရည်အထွက်နည်းမည် ဖြစ်သဖြင့် မစိုမခြောက်လွန်းသော ထင်းနှင့်ဝါးကိုသာအသုံးပြုပါ။
- (၂) အချင်း(၄)လက်မနှင့် အမြင့်(၂)ပေခန့်ရှိ သံပိုက်ဖြင့်ပြုလုပ်ထားသော မီးခိုးခေါင်းတိုင် (သံပိုက်မရှိနိုင်ပါက ဝါးကိုအဆစ်ဖေါက်ပြီး အသုံးပြုနိုင်ပါသည်)
- (၃) (၂၄)ပေရှည်သော မီးခိုးငွေ့အအေးခံပိုက်၊ (၈ပေ×၃ပေ)ရှိသော ပြောင်သွပ်(၁)ချပ်လျှင်၊ အချင်း(၄)လက်မ၊ အရှည်(၈)ပေရှိသော ပိုက်(၃)လုံးရရှိနိုင်ပါသည်။ သွပ်ပိုက်အစားဝါးကို အဆစ်ဖောက်၍ ပိုက်အဖြစ်အသုံးပြုနိုင်ပါသည်။ မီးခိုးခေါင်းတိုင်နှင့် သွပ်ပိုက်(သို့မဟုတ်) ဝါးပြောင်းဆက်သည့် နေရာမှ (၆) လက်မခန့် အကွာတွင်မီးသွေး ပေါင်းခံရည်ကျရန် အတွက် လက်မဝက်ခန့် အပေါက်ကိုဖောက်ပါ။
- (၄) မီးသွေးဖိုကို ဖုံးအုပ်ရန်အတွက် (၈ပေ×၃ပေ) ရှိပြောင်သွပ် (သို့မဟုတ်) သံပြားအဟောင်းတစ်ချပ်၊ (၃.၅) ပေအရှည်နှင့် အချင်း (၀.၂၅) လက်မရှိ သံချောင်း (၃) ချောင်း။
- (၅) မီးစွဲရန်အတွက် ထင်းခြောက်များနှင့် ထင်းရူးဆီများ။
- (၆) ကောက်ရိုး(၅)စည်းခန့်။
(ခ)ပြုလုပ်နည်းများ
ပထမဦးစွာမီးသွေးမီးဖို တည်ဆောက်ရန်အတွက် အလျား (၄) ပေ×အနံ (၃) ပေ× အနက် (၂) ပေရှိ မြေကို ပုံတွင် ပြထားသည့် အတိုင်း တူးပါ။ မြေကျင်းထိပ်ဖက် (၈) လက်မ အကွာခန့်တွင်မီးသွေး ခေါင်းတိုင် တပ်ဆင်ရန် အတွက် အချင်း (၄) လက်မခန့်ရှိ အပေါက်ကို ဖောက်ပါ။ ၎င်းအပေါက်သည် မီးသွေးမီးဖိုကျင်း၏ အောက်ခြေဖက်ကို ရောက်အောင် ဖောက်ရပါမည်။
မီးခိုးခေါင်းတိုင်ကို အချင်း (၄) လက်မတူးထားသော အပေါက်၌တပ်ဆင်ပါ။ မီးခိုးခေါင်းတိုင်၏ L ပုံစံအကွေး၏ ဒေါင့်မှာ (၃၀)ဒီဂရီခန့် ရှိပါသည်။
မီးခိုးခေါင်းတိုင်၏ ဆန့်ကျင်ဖက်အရပ်ရှိကျင်း၏ အောက်ခြေတွင် မီးစွဲညှိရန်အတွက် အပေါက်ကို ပုံတွင်ပြထားသည့် အတိုင်း ဖောက်ပါ။ ၎င်းအပေါက်နှင့် မီးခိုးထွက်ပေါက်ကြားတွင် လေဝင်နိုင်ရန် အတွက် အကျယ် (၄) လက်မနှင့် အနက် (၁) လက်မခန့်ရှိ မြောင်းငယ်ကိုတူးပါ။
မီးရှို့မည့်အပေါက်ဖက်၌ ထင်းအခြောက်များ ထည့်ပြီးနောက် ထင်း (သို့) ဝါးများကို ပုံတွင်ပြထားသည့် အတိုင်းစီပြီးထည့်ပါ။
၀ါး(သို့)ထင်းကိုစီထည့်ပြီးနောက် အပေါ်မှနေ၍ ကောက်ရိုးများကိုဖြန့်ခင်းပါ။
ထို့နောက်ဖိုပေါ်တွင် သံချောင်းကိုခံပြီးသွပ်ပြားဖြင့်အုပ်ပါ။
သွပ်ပြားအပေါ်မှနေ၍ မီးခိုးများအပြင်ဘက်သို့ မထွက်စေရန်အတွက် သွပ်ပြား၏ အနားများတွင် မြေကြီးဖြင့် သေချာစွာ ဖုံးအုပ်ရန်လိုအပ်ပါသည်။
မီးရှို့ပေါက်မှနေ၍ မီးရှို့ပါ။ မီးကောင်းစွာစွဲရန်အတွက် ဇကောဖြင့်လေဟပ်ပေးရန် လိုအပ်ပါသည်။
မီးကောင်းစွာစွဲပြီးနောက် ထွက်လာသည့်မီးခိုးအရောင်မှာ အဖြူဖြစ်လာပြီး မီးခိုးကိုလက်ဖြင့် ထိကြည့်ပါက ပူလာသည်အခါတွင် သံပိုက်(သို့)ဝါးပြောင်းဖြင့်ဆက်ပါ။
မီးခိုးမှာ(၂၄)ပေရှိသော ပိုက်တစ်လျှောက်ထွက်သွွားပြီးနောက် ငွေ့ရည်ဖွဲ့ပြီးပြန်ကျလာပါမည်။ ၎င်းကျလာသောအရည်များကို ပလပ်စတစ်ပုံးဖြင့်ခံပါ။ မီးသွေးပေါင်းခံရည်မှာ အက်ဆစ်ဓါတ်ပါသဖြင့် သံပုံးဖြင့်စုဆောင်းပါက သံပုံးပေါက်တတ်ပါသည်။
ပုံတွင်ဖေါ်ပြထားသော မီးသွေးပေါင်းခံရည်(၂) ပုလင်းအနက် လက်ဝဲဖက်ပုလင်းမှာ ကတ္တရာပါလျှက်ရှိသော မီးသွေးပေါင်းခံရည်ဖြစ်ပြီး လက်ယာဖက်ပုလင်းမှာ မီးသွေးထည့်ပြီး သန့်စင်ထားသော ပေါင်းခံရည်ဖြစ်ပါသည်။ ရရှိသောမီးသွေးပေါင်းခံရည်တွင် ကတ္တရာများပါရှိလျှက် ရှိသောကြောင့် ချက်ချင်းအသုံးပြု၍မရပါ။ မီးသွေးပေါင်းခံရည်တွင် မီးသွေးတုံးခပ်ကြီးကြီး(၃-၄)တုံးခန့်ထည့်၍ သေချာစွာမွှေပြီးထားပါက ကတ္တရာများကို မီးသွေးကစုပ်ယူမည်။ ထို့နောက်အောက်ခြေတွင် ကတ္တရာများ အနည်ထိုင်အောင်(၃)လခန့် ထားပြီးနောက် အပေါ်အရည်ကြည်ကို စစ်ပြီးအသုံးပြုနိုင်ပါသည်။ ကတ္တရာများသည် အပင်၏အရွက်များကို ဝါပြီးခြောက်သွေ့သွားစေနိုင်သဖြင့် ကတ္တရာများမပါစေရန် သတိပြုရပါမည်။
အသုံးပြုနည်း
- ၁။ မီးသွေးပေါင်းခံရည်ကို သီးနှံမစိုက်ပျိုးမှီ မြေပြင်စဉ်ကပင် အသုံးပြုနိုင်ပါသည်။ သီးနှံမစိုက်ပျိုးမှီ (၁၀) ရက်ခန့်အလိုတွင် မီးသွေးပေါင်းခံရည်ကို ရေအဆ (၅၀) ဖြင့်ရောပြီး ဖြန်းပါက မြေတွင်ရှိသော အပင်အကျိုးပြု အဏုဇီဝပိုးများကို ပိုမိုများပြားလာစေပါသည်။
- ၂။ မီးသွေးပေါင်းခံရည်ကို အရွက်၌ဖြန်းပါက ရေအဆ ၂၀၀(သို့) ၅၀၀ ဖြင့်ရောပြီး (၂) ပတ် (သို့) (၃)ပတ်လျှင် တစ်ကြိမ်ဖြန်းပါ။ အရွက်များပေါ်၌ ရှိသော အဏုဇီဝပိုးများ ပွားများလာပြီး ၎င်းအဏုဇီဝပိုးများက အပင်များသို့ ရောဂါမကျရောက်စေရန် ကာကွယ်ပေးပါသည်။
- ၃။ မီးသွေးပေါင်းခံရည် တစ်ဂါလံတွင် ကြက်သွန်ဖြူ (၅၀) သား (သို့) ငရုတ်သီး (၂၅) ကျပ်သား ထောင်းထည့်ပြီး တစ်လခန့်ထားပြီး သုံးပါက အပင်သို့ ပိုးများမလာရောက်အောင် ကာကွယ်နိုင်သည့် စွမ်းရည်ပိုများ လာမည်ဖြစ်ပါသည်။
- ၄။ ရေ (၅) ဂါလံတွင် မီးသွေးပေါင်းခံရည် နို့ဆီဗူးတစ်ဗူး၊ ငါးအမိုင်နိုအက်ဆစ နို့ဆီဗူး တစ်ဝက်ခန့်ကို ထည့်ပြီး အညွှန့်ထွက်ချိန်၌ ဖျန်းပါကအညွှန့်ပို၍ ထွက်ပြီး အပင်ကြီးထွား လွယ်ပါသည်။ (၃) ပတ် (သို့) တစ်လျှင် တစ်ကြိမ်ဖြန်းနိုင် ပါသည်။
- ၅။ မီးသွေးပေါင်းခံရည်ကို ပိုးသတ်ဆေးဖြင့်ရော၍ အသုံးပြုနိုင်ပါသည်။ ပိုးသတ်ဆေးဖြင့် ရောသည့် အခါတွင် ပိုးသတ်ဆေး၏ အာနိသင်ကို ပိုမိုအစွမ်းထက်စေသဖြင့် ပိုးသတ်ဆေး၏ ပမာဏကို ယခင် သုံးစွဲနေကျ ပမာဏ၏ ထက်ဝက်ခန့်သာ အသုံးပြုရန်လိုအပ်ပါသည်။
- ၆။ သဘာဝမြေသြဇာ ပြုလုပ်သည့် အခါတွင် မီးသွေးပေါင်းခံရည် ထည့်ပါက အမြန်အချဉ်ပေါက်ပြီး ရရှိသော သဘာဝ မြေသြဇာ အရည်အသွးမှာ ပိုကောင်းပါသည်။
သတိပြုရန်အချက်များ
- ၁။ ဤနည်းစနစဖြင့် ထုတ်လုပ်သော မီးသွေးပေါင်းခံရည်မှာ ဓါတ်ခွဲခန်းတွင် ထုတ်လုပ်သကဲ့သို့ အရည်အသွေးမှာ အတိအကျ ရမည်မဟုတ်ပါ။ သို့ဖြစ်၍ မိမိဖာသာ ပြုလုပ်ရရှိ လာသော မီးသွေးပေါင်းခံရည်ကို ရေအဆ ၂၀၀ (သို့) ၅၀၀ ဖြင့် ရောစပ်၍ လက်တွေ့ အသုံးပြုကြည့်ပါ။ လက်တွေ့အသုံးပြု၍ တွေ့ရှိချက်ပေါ် မူတည်ကာ မီးသွေးပေါင်းခံရည်သည် မည်ကဲ့သို့သော အရောင်၊ အရသာဖြစ်ပါက ရေဘယ်နှစ်ဆ ရောသင့်သည်ကို မိမိဖာသာ လေ့လာ ဆန်းစစ်ရန် လိုအပ်ပါသည်။
- ၂။ မီးသွေးပေါင်းခံရည်ကို အသုံးပြုသည့်အခါတွင် ကတ္တရာမပါစေရန် သေချာစွာစစ်ဆေး၍ သုံးပါ။
- ၃။ မီးသွေးပေါင်းခံရည် ဖြန်းပြီးသည့်နောက် အပင်၏ အရွက်ဝါလာခြင်း၊ အရွက်၌ အမဲစက်များ ဖြစ်ပေါ်လာပါက မီးသွေးပေါင်းခံရည် အချိုး များသွားခြင်း ဖြစ်နိုင်သဖြင့် ရေပို၍ရောပြီး အသုံးပြုပါ။
- ၄။ မီးသွေးပေါင်းခံရည်သည် အက်ဆစ်ဓါတ်ဖြစ်သဖြင့် အယ်ကာလီ ပိုးသတ်ဆေးဖြင့် ရော၍မသုံးရပါ။
- ၅။ မီးသွေးပေါင်းခံရည်သည် မြေကြီးထဲတွင်ရှိသော အပင်အတွက်လိုအပ်သည့် အာဟာရများကို အမြစ်များက စုပ်ယူနိုင်ရန် အားပေးသောကြောင့် မီးသွေးပေါင်းခံရည်ကိုသာ ကြာရှည် သုံးပါက မြေကြီးထဲတွင် ရှိသော မြေဆီမြေနှစ်များ ကုန်ခမ်း သွားနိုင်ချေရှိပါသည်။ ထို့ကြောင့် မီးသွေးပေါင်းခံရည် တစ်မျိုးတည်း မသုံးဘဲ ဒိုချကင်း သဘာဝမြေသြဇာကိုလည်း တွဲဖက်အသုံးပြုရန် လိုအပ်ပါသည်။
ဆက်သွယ်ရန်။ ။
စေတနာရန်ကုန်ရုံးခွဲ ဖုန်း-၀၁ ၆၅၂၈၄၆၊ ၀၁ ၆၅၁၁၈၆
စေတနာတောင်ကြီးရုံးခွဲ ဖုန်း-၀၈၁ ၂၄၃၅၆
စေတနာလားရှိုးရုံးခွဲ ဖုန်း-၀၈၂ ၃၀၈၈၂
ကိုးကား - စေတနာအဖွဲ့မှ ထုတ်ဝေသော မီးသွေးပေါင်းခံရည် လက်ကမ်းစာစောင်
Than Zaw
လွန်ခဲ့သော ၁ နှစ် ကမီးသွေးပေါင်းခံရည်က ဝယ်တဲ့လူရှိလားဗျ
ဦးကျေျာ်မင်း
လွန်ခဲ့သော ၄ နှစ် ကရှုကလစ်ပင်ကိုမီးသွေးပေါင်းခံရည်လုပ်ရလားခင်ဗျ
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....