အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၈ နှစ် က · မြေပုံ

ကွမ်းပိုးမွားရောဂါကျရင်ဘယ်လိုကာကွယ်မလဲ

ပိုးမွှားရောဂါ ကွမ်း
3

ဖြေကြားချက် ၃ ခု

407 လွန်ခဲ့သော ၈ နှစ် က

ထရိုင်ကိုဒါးမား ကို ရေဖျော်ပြီး ဖျန်းရင် ဘယ်လို အချိုးနဲ့ ဖျန်းသင့်သလဲ ခင်ဗျ

လွန်ခဲ့သော ၈ နှစ် က

ရောဂါများအကြောင်းကိုလည်းဖော်ပြလိုက်ပါတယ် ၁။ ပင်ခြေပုပ်ရောဂါ ဒေါင်းမြီးကွက်ရောဂါ (PHYTOPHTHORA LEAF SPORT) ပင်ခြေပုပ် ဒေါင်းမြီး ကွက်ပြောက်ရောဂါသည် Phytopthora palmivora ကြောင့် ဖြစ်ပွားပါသည်။ ဤရောဂါသည် မိုးရာသီတွင် ဆိုးရွားစွာ ဖြစ်ပေါ်တတ်ပြီး နွေရာသီတွင် ဖြစ်လေ့ဖြစ်ထ မရှိချေ။ ရောဂါပိုးသည်ရောဂါရ ပင်ကြွင်းပင်ကျန်များတွင်လည်းကောင်း၊ မြေထဲတွင် လည်းကောင်း၊ ခိုအောင်း၍ ကွမ်းပင်အသစ်များကို ရောဂါဖြစ်စေသည်။ အချို့သောပေါင်းပင်များသည် ဤရောဂါဖြစ်စေသော လက်ခံလွှဲပင်များ ဖြစ်တတ်သည်။ ရောဂါလက္ခဏာ ပင်ခြေပုပ် ဒေါင်းမြီးကွက်ရောဂါကို ဒေါင်းမြီးကွက်ရောဂါဟု လူသိများသည်။ ပင်ခြေပိုင်း၊ ပင်ပေါ် အပိုင်းတွင်ရောဂါဖြစ်လေ့ရှိရာ ပင်ပေါ်ပိုင်း အရွက်များတွင်ရောဂါလက္ခဏာ အနာကွက်များကို မြင်သာသောကြောင့်ဒေါင်းမြီးကွက်ရောဂါဟု အမည်တပ်ကြခြင်း ဖြစ်သည်။ ယင်းအနာကွက်များသည် ရွက်သားများတွင် ဖြစ်ပေါ်ခြင်းထက် ပင်မရွက်ကြောများ တစ်လျှောက် လျင်မြန်စွာ တိုးချဲ့ပြန့်ပွားသွားသည်။ စိုလိုက်၊ခြောက်လိုက်ရာသီများတွင် အနာကွက် အတွင်း၌ အညိုရောင် ဗဟိုတူ စက်ဝိုင်းအရစ်သဏ္ဍာန်များ ဖြစ်ကာ တွန့်သွားပြီးဖောင်းကြွ ထင်ရှားလာသည်။ ထို့ပြင် အရောင်ရင့်များ ဖြစ်ပေါ်လာကာ အရစ်များ ထင်ရှားလာသည်။ ဒေါင်းမြီးကွက်ကဲ့သို့ သဏ္ဍာန်တူ၍ဒေါင်းမြီးကွက်ရောဂါဟု လူသိများခြင်း ဖြစ်သည်။ အရွက်အထက်ပိုင်းသို့ ပြန့်နှံ့လာသကဲ့သို့ ရွက်ရိုးတံပင်စည်တို့ကိုပါ ကူးစပ်ပြန့်နှံသွားသည်။ ဤသို့ဖြင့် အရွက်၊ ရိုးတံ၊ ပင်စည်များဆွေးပုပ်သွားသည်။ အပေါ်ပိုင်းအရွက်များတွင်ရောဂါစကျပါက တစ်ပင်လုံးရောဂါ ပျံ့နှံ့သွားနိုင်သည်။ ပင်ခြေပိုင်းတွင်လည်းရောဂါပိုး တိုက်ခိုက်လေ့ရှိသည်။ အထူးသဖြင့်မြေနှင့် တစ်ပြေးညီရှိ ပင်စည်နှင့် မြေပြင်အောက်နားပင်စည်၌ ရောဂါကျရောက် တိုက်ခိုက်လေ့ရှိသည်။ ရှေးဦးစွာရောဂါကျရောက်တတ်သော နေရာတွင် ရေစိုနာကွက်ကဲ့သို့ အညိုရောင်အကွက် စတင်ဖြစ်ပေါ်လေ့ရှိသည်။ အကွက်သည် ပင်စည် တစ်ပတ်လည် ဖြစ်ပေါ်တတ်သည်။ မကြာမီ အမည်းရောင်သို့ပြောင်းသွားပြီး အပင်ပေါ်ပိုင်းလည်း ညှိုးနွမ်းငိုက်ကျလာကာ အရွက်များတွန့်ရှုံ့၍ အပင်လည်းသေသွားသည်။ ပင်ခြေပိုင်းဆွေးပုပ်ပြီး အမြစ်များသည် ပျက်စီးကုန်သဖြင့် အလွယ်တကူ နှုတ်ယူနိုင်သည်။ အပင်သေဆုံးချိန်တွင် ညိုမည်းကွက်သည် ပင်စည်အပေါ်ပိုင်း (၃-၄) ဆစ်အထိပင် ကူစက်ပျံ့နှံ့နေသည်ကိုတွေ့ရသည်။ အမြစ်များကိုရောဂါစတင် ကူးစက်ကျရောက်ပါကရောဂါပိုးသည် ပင်စည်ရှိ အစာရေကြောစီးအတိုင်း အပေါ်သို့ တက်လိုက်လာသည်။ အမည်းရောင်အကွက် ကျယ်ပြန့်လာသည်နှင့်အမျှ အစာရေကြောစီး အများအပြားသေဆုံးကုန်ပြီဖြစ်၍ အပင်လည်းသေဆုံးရခြင်း ဖြစ်သည်။ ဤရောဂါ ဖြစ်စေသောမှိုသည် (၂၀-၃၀) ဒီဂရီစင်တီဂရိတ်တွင် အကောင်းဆုံးကြီးထွားပြီး (၄၈) ဒီဂရီ စင်တီဂရိတ်တွင်သေဆုံးကြသည်။ ကာကွယ်နှိမ်နင်းပုံ ၁။ ရောဂါကျရောက်၍ ပျက်စီးသွားသော ကွမ်းခြံမှ ပင်ကြွင်းပင်ကျန်များ အမြစ်များကို စုပုံ၍ မီးရှို့ဖျက်စီးပစ်ပါ။ ပာကျသည်အထိ မီးရှို့ရမည်။ ၂။ ရောဂါကျ ကွမ်းခြံစိုက်ကွင်းမြေပြင်တစ်ခုလုံးကိုကောက်ရိုး၊ မြက်ခြောက်များ ဖုံးအုပ်၍ မီးရှို့ဖျက်စီးပစ်ပါ။ ၃။ ရောဂါကျ ဖျက်စီးခံရသောမြေကွက်တွင် နောက်ထပ်ကွမ်းမစိုက်ဘဲ မြေလှပ်ထားရမည်။ သို့မဟုတ် အခြား သီးနှံစိုက်ပျိုးရမည်။ ၄။ ကွမ်းစိုက်ခြင်း အသစ်ပြုလုပ်မည်ဆိုပါကဘော်ဒိုဆေးရည် (၅း၅း၅၀) ဆေးရည်ကို (၁၀x၁၀) ပေ တစ်ကွက်လျှင်ဆေးရည်(၁၀) ဂါလန်နှုန်း ပက်ဖျန်းလောင်းပေး၍မြေကို နှပ်ထားပါ။ ၅။ စိုက်ပျိုးမည့် ကွမ်းမျိုးညွန့်များကိုရောဂါကြိုတင်ကာကွယ်သည့် အနေဖြင့် (၂း၂း၅၀) ဘော်ဒိုဆေးရည်တွင် (၂) မိနစ်ခန့် စိမ်ပြီးမှ စိုက်ပျိုးပါ။ ၆။ ဈေးကွက်တွင် ရနိုင်သော မန်ကိုဇက် (Mancozeb) ဆေးကိုလည်း အသုံးပြုနိုင်ပါသည်။ ၇။ ဘော်ဒိုဆေးရည် (၂း၂း၅၀) ကိုကွမ်းပင်များ စိုက်ပျိုးပြီး အပင်လှန်သည့်အချိန်(၁၅) ရက်ကြာတွင် တစ်ကြိမ်၊ မိုးရာသီ မဝင်မီ တစ်ကြိမ်၊ ဇွန်လမှ စ၍ တစ်လ တစ်ကြိမ်နှုန်းဖြင့် စက်တင်ဘာလအထိ ပက်ဖျန်းပေးပါ။ ၈။ ကွမ်းခြံအတွင်း ရေမဝပ်စေရန် ဂရုစိုက်ပါ။ ၉။ မိုးရာသီတွင် ကွမ်းခြံအတွင်း လေဝင်လေထွက်ကောင်းရန် စီစဉ်ဆောင်ရွက်ပေးပါ။ ၁၀။ ယူရီးယား ဓာတ်မြေဩဇာကျွေးခြင်းကိုလျော့ချ ကန့်သတ်ပါ။ ၁၁။ ဘေးသားတက်များ ပင်ခြေသို့ အုပ်မနေစေရန်အပေါ်သို့ထောင်၍ စည်းချည်ပေးပါ။ ၁၂။ ကွမ်းပင်မှအောက်ခြေ အရွက်များ ရှင်းလင်းခူးပစ်ပါ။ ၁၃။ နေ့စဉ် စစ်ဆေးပြီးရောဂါရ အရွက်ကို ခူးယူပြီးနောက် မီးရှို့ဖျက်စီးပစ်ပါ။ ပြီးလျှင်ဆေးဖျန်းပါ။ ၂။ ကွမ်းပင်ညှိုးရောဂါ/ ပင်ရင်းပုပ်ရောဂါ (COLLER RAT/ SCLEOROTIUM WILT) ကွမ်းပင်ညိုး/ ပင်ရင်းပုပ်ရောဂါသည် Sdeorotium rolfsil ကြောင့် ဖြစ်ပါသည်။ ဤရောဂါသည် ပူနွေးခြောက်သွေ့သော ရာသီတွင် ဖြစ်ပေါ်လေ့ရှိသည်။ မေလမှ စက်တင်ဘာလအထိ ဖြစ်တတ်သည်။ အပူချိန် (၅၅) ဒီဂရီ စင်တီဂရိတ်ရောက်မှသာ သေဆုံးကြသည်။ မြင်သာသော ပင်ပြလက္ခဏာအနေဖြင့် ကွမ်းပင်ညှိုးသွားသောကြောင့် ပင်ညှိုးရောဂါဟု အသိများသည်။ ရောဂါလက္ခဏာ ရောဂါဖြစ်စေသောမှိုသည်မြေပြင်နှင့် တစ်ပြေးညီရှိသော ကွမ်းပင်စည်တွင် ကျရောက်တိုက်ခိုက်လေ့ ရှိသည်။ ရောဂါကျရောက်သော ပင်စည်သည်ဆွေးရိနေပြီး ကွမ်းပင်စည် အူတိုင်ကိုခေါင်းပွ ဖြစ်စေသည်။ ပင်ခြေရင်းပုပ်စေသော လက္ခဏာ ဖြစ်သော်လည်း Phytophthora ကြောင့် ဖြစ်သော လက္ခဏာနှင့် ကွာခြားချက်မှာ ကွမ်းပင်စည်အရင်း ပုပ်ဆွေးနေသောနေရာတွင် ဂွမ်းဆုပ်နှင့် တူသော မှိုမျှင်များ ဖုံးအုပ်ထားခြင်းပင်ဖြစ်သည်။ ဤအခြေအနေမျိုးတွင် ကွမ်းပင်တစ်ပင်လုံး ညှိုးနွမ်းနေပြီး ဖြစ်သည်။ ရောဂါကူးစက်ပုံ မြေပေါ်မြေအောက် ခိုအောင်းတည်ရှိပြီး ခြံဝင်ခြံထွက် လုပ်သားများမှတဆင့် ကူးစက်ပျံ့နှံ့သည်။ မြေတွင်း တစ်လက်မအနက်အထိ ပေါက်ပွားနိုင်သည်။ (၆) လက်မ အနက်တွင် အသက်မရှင်နိုင်ချေ။ ပင်ခြေရင်းမြေဘောင်တင်ပေးခြင်းဖြင့် ၎င်းရောဂါပိုးကို သုတ်သင်နိုင်သည်။ အပူချိန် (၃၀-၃၅) ဒီဂရီ စင်တီဂရိတ်တွင်ရောဂါဖြစ်ပေါ်မှု အမြင့်ဆုံး ဖြစ်သည်။ ကာကွယ်နှိမ်နင်းပုံ Phytophtora ပင်ခြေပုပ်ရောဂါဒေါင်းမြီးကွက်ရောဂါကာကွယ်နည်းအတိုင်း ကာကွယ်နှိမ်နင်းပါ။ ၃။ အမြစ်ဆွေးရောဂါ Root Rot အမြစ်ဆွေးရောဂါသည် Rhizotonia solani ကြောင့် ဖြစ်ပွားပါသည်။ ဤအမြစ်ဆွေးရောဂါသည် မိုးအကုန်ဆောင်းအကူးအောက်တိုဘာလ၊ နိုဝင်ဘာလများတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ ဤရာသီတွင် ပြင်းထန်စွာ ကျရောက်တတ်ပါက ကွမ်းပင် (၅၀) ရာခိုင်နှုန်းအထိ ပျက်စီး ဆုံးရှုံးနိုင်သည်။ ကွမ်းပင်၏ အမြစ်များကိုသာ အဓိကထား၍ ကျရောက်ဖျက်စီးသည်။ ရောဂါလက္ခဏာ ကွမ်းပင်အခြေနှင့်မြေအောက် အမြစ်အစိတ်အပိုင်းများကို တိုက်ခိုက်သည့်အတွက် ပင်ခြေရှိ ပင်စည်၌ရောဂါများ ရစ်ပတ်၍ ဖြစ်ပေါ်ပြီး တစ်သျှူးသားများ အရောင်မည်းသွားသည်။ အမြစ်များ နီကျင်ကျင်အရောင်သို့ ကူးပြောင်း၍ ပျက်စီးသွားသည်။ ပင်ခြေနှင့် အမြစ်များကို အဓိကထား တိုက်ခိုက်သောကြောင့်ကွမ်းရွက်များ အရောင်ဖျော့ပြီး ငိုက်ကျလာသည်။ ရောဂါကူးစက်ပုံ မြေမှလည်းကောင်း၊ ပင်ကြွင်းပင်ကျန် အထူးသဖြင့် ပင်ခြေပိုင်းတို့မှတစ်ဆင့် ကူးစက်ပျံ့နှံ့သည်။ (၃၅-၄၀) ဒီဂရီ စင်တီဂရိတ်တွင် ပွားများမှု အကောင်းဆုံးဖြစ်သည်။ (၅၀) ဒီဂရီ စင်တီဂရိတ်တွင် ရှင်သန်နိုင်မှု မရှိတော့ချေ။ စိုသော မျက်နှာပြင်၊ ခြောက်သောမြေမျက်နှာပြင်တို့တွင် (၅-၇) လ ကြာသည်အထိ အသက်ရှင်နိုင်ကြသည်။ ကာကွယ်နှိမ်နင်းပုံ Phytophthora leaf sport (ပင်ခြေပုပ်ဒေါင်းမြီးကွက်ရောဂါ) ရောဂါကာကွယ်နည်းအတိုင်း ကာကွယ်နှိမ်နင်းနိုင်သော်လည်း ဤရောဂါ ဖြစ်သော မှိုကိုဘော်ဒိုးဆေးရည်ဖျန်း၍ မနှိမ်နင်းနိုင်ပါ။ မန်ကိုဇက် ၈၀% (သို့မဟုတ်) မန်ကိုဇက် ၆၄% + မက်တာလဇီ ၈% ဖြင့်သာ ကာကွယ်နှိမ်နင်းရမည် ဖြစ်သည်။ ၄။ ငှက်မျက်စေ့ရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ LEAF SPOT ငှက်မျက်စေ့ရောဂါ မှဲ့ပြောက်စွန်းရောဂါ သည် Collectotrichum spp ကြောင့် ဖြစ်သည်။ အရွက်တွင် ဖြစ်ပေါ်သော အကွက်အပြောက် အနေဖြင့်ရောင်းတန်းဝင် အဆင့်မမီခြင်းသာ ဖြစ်ပေါ်၍ များစွာ အရေးမကြီးလှသော်လည်း ဤရောဂါ ပင်စည်သို့ ကူးစက်ပျံ့နှံ့သွားပြီဆိုပါက အပင်သေဆုံးသည်အထိ ဖြစ်ပေါ်နိုင်သောကြောင့် အထူးဂရုစိုက်ရမည့်ရောဂါ တစ်မျိုး ဖြစ်ပါသည်။ ဤရောဂါကြောင့် မတ္တရာနယ်တွင် ကွမ်းခြံများ အပျက်အစီးများခဲ့ဖူးသော မှတ်တမ်းများ ရှိသည်။ ရောဂါ လက္ခဏာများ ကွမ်းရွက်များပေါ်တွင် မီးခိုးရောင် အစက်အပြောက်များ စတင် ဖြစ်ပေါ်လာသည်။ အရွက်ပေါ်တွင် (၃-၄) ကွက် ဖြစ်ပေါ်တတ်သည်။ များသောအားဖြင့် အကွက်အပြောက်သည် အဝိုင်းပုံရှိ၍ အစက်အပြောက်၏ အနားရစ် တစ်လျှောက်တွင် အညိုရောင်ဖြင့် ရစ်ပတ်ထားသည်။ သို့ဖြစ်၍ ငှက်မျက်စိနှင့် ဆင်တူသောကြောင့် ငှက်မျက်စိရောဂါဟု လူသိများသည်။ အစက်အပျောက်များ အရွက်တစ်ပြင်လုံးကို ဖုံးအုပ် ဖြစ်ပေါ်ခြင်း မရှိပေ။ တစ်သီး တစ်ခြားစီ အကွက်အပြောက်အနေဖြင့်သာ ဖြစ်ပေါ်သည်။ ရောဂါရ ကွမ်းရွက်တို့သည်နောက်ဆုံးတွင် ဝါ၍ကြွေကျ သွားသည်။ အရွက်တွင် အကွက်အပြောက်တွေ့သည်နှင့် ခူးယူ ဖယ်ရှားပစ်ခြင်းဖြင့် ရောဂါကို ဟန့်တားနိုင်သည်။ ကွမ်းရွက်ညှာ၊ ကွမ်းပင်စည် တို့ကို ပျံ့နှံ့သွားပါက ပင်စည်တွင် ညိုမည်းရောင်ကွက်များ ဖြစ်ပေါ်လာကာ ပင်စည်များခြောက်သွေ့လာသည်။ မကြာမီ တစ်ပင်လုံးခြောက်၍ သေဆုံးသည်။ ရောဂါကူးစက်ပုံ ဤရောဂါကို ဖြစ်စေသော မှိုသည် တစ်နေရာမှ တစ်နေရာသို့လေဖြင့် ကူးစက် ပျံ့နှံ့လေ့ ရှိသည်။ ရောဂါကျပင်ဟောင်းများ မြေမမြှုပ်၍သော်လည်းကောင်း၊ မီးမရှို့၍သော်လည်းကောင်း၊ ယင်းတို့မှ မှိုမျိုးစေ့များလေဖြင့် စိုက်ခင်းသစ်သို့ ကူးစက်လေ့ ရှိသည်။ ကာကွယ်နှိမ်နင်းပုံ ၁။ ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်စီးခြင်း၊ မြေမြှုပ်ခြင်း ပြုလုပ်ပါ။ ၂။ ရောဂါကင်းသော မျိုးညွန့်ကိုရွေးချယ် စိုက်ပျိုးပါ။ ၃။ ကွမ်းခြံကို အမြဲ စစ်ဆေးပါ။ ၄။၂း၂း၅၀ ဘော်ဒိုးဆေးရည်ကို ကွမ်းရွက်ခူးပြီးတိုင်း ပက်ဖျန်းပေးပါ။ ၅။ ဖားဥမှိုရောဂါ (POWDERY MILDEW) ဖားဥမှိုရောဂါသည် Ordium piperis ကြောင့် ဖြစ်ပေါ်ပါသည်။ ဤရောဂါသည်ဆောင်းရာသီတွင် အဖြစ်များပြီး ပူနွေးချိန်တွင် ဆိုးရွားစွာ ပြင်းထန်လေ့ ရှိသည်။ ရောဂါလက္ခဏာ ကွမ်းပင်တွင် ရွက်နုလေးများ၌ရောဂါကျရောက်လေ့ ရှိသည်။ အရွက်အောက် မျက်နှာပြင်၌ပေါင်ဒါမှုန့် ဖြူးထားသကဲ့သို့ အဖြူမှုန့်ကလေးများ လူးကပ်နေသည်ကို စတင်တွေ့မြင်ရတတ်သည်။ မကြာမီ အဖြူမှုန့်ကလေးများ လွင့်ပျောက်သွားပြီးနောက် အရွက်ပေါ်တွင် အညိုရောင် အကွက်များ ဖြစ်ပေါ် ကျန်ရစ်သည်။ ရောဂါကူးစက်ပုံ အရွက်များတွင် ကျရောက်သောရောဂါဖြစ်သဖြင့် လေအားဖြင့် ကူးစက်ပျံ့နှံ့မှုများသည်။ စည်းမဲ့ကမ်းမဲ့ ပစ်ထားသောရောဂါ ပင်ကြွင်းပင်ကျန်များမှတစ်ဆင့်လည်း ကူးဆက်သည်။ ကာကွယ်နှိမ်နင်းပုံ ၁။ ပင်ကြွင်းပင်ကျန်များ မီးရှို့ဖျက်ဆီးပါ။ ၂။ ကွမ်းခြံအတွင်း လူအဝင်အထွက် လုပ်တိုင်း ခြံတံခါးကို ပိတ်ပေးပါ။ ၃။ ကန့်မှုန့်နုနုကို ဒီဇင်ဘာလလောက်တွင် အပင်ပေါ်တွင် ပက်ဖြူးပေးပါ။ ၄။ ဘော်ဒိုးဆေးရည် (၂း၂း၅၀) ကို ပက်ဖျန်းပေးပါက ထိရောက်စွာ ကာကွယ်နိုင်သည်။ ၆။ ဘက်တီးရီးယားရွက်ပြောက်ရောဂါ/ဆီစွန်းရောဂါ/ရိုးမဲဆစ်ပြုတ်ရောဂါ (BACTERIAL LEAF SPOT) ဤရောဂါသည် Bacterium betle ကြောင့် ဖြစ်ပါသည်။ ကွမ်းပင်တွင် ကျရောက်လေ့ရှိသော ရောဂါဖြစ်သည်။ မှိုကြောင့်မဟုတ်ဘဲ ဘက်တီးရီးယားကြောင့် ဖြစ်သောရောဂါ ဖြစ်သည်။ ရိုးမဲဆစ်ပြုတ်ရောဂါဟု လူသိများသည်။ မြေစေး၍ရေဝပ်သောမြေမျိုးတွင် ဆိုးရွားစွာ ကျရောက်လေ့ ရှိသည်။ နိုက်ထရိုဂျင် လွန်ကဲသော ကွမ်းခြံများတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ အပင်စိုက်ပျိုးချိန်မှ အရွက်ခူးချိန်အထိ ကျရောက် ပျက်စီးလေ့ရှိသည်။ ရောဂါကူးစပ်ပုံ ပင်ကြွင်းပင်ကျန်များမှတစ်ဆင့် ကူးစက်တတ်ကြသည်။ ရောဂါရ ပင်ကြွင်းပင်ကျန်များကို သယ်ယူထုတ်ပစ်သူများ ခြံအတွင်း ပြန်လည်ဝင်ရောက်ရာမှလည်း ကူးစက်တတ်သည်။ များသောအားဖြင့် ခြံများတွင် လုပ်ကိုင်တတ်သောသူများမှ ကူးစက်မှုများသည်။ မိုးရာသီတွင် မိုးရေထိမှန်၍ တစ်ရွက်မှ တစ်ရွက်၊ တစ်ပင်မှတစ်ပင်၊ တစ်ရုံမှ တစ်ရုံ ကူးစက်တတ်သည်။ ကာကွယ်နှိမ်နင်းပုံ ၁။ ရောဂါရ ပင်ကြွင်း၊ ပင်ကျန်များကို စုပုံမီးရှို့ခြင်း၊ မြေမြှုပ်ခြင်း ပြုလုပ်ပေးပါ။ ၂။ ခြံတွင်း သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပေးပါ။ ၃။ ကွမ်းပင်များ ရုံဖြစ်လာပါကလေဝင်လေထွက် ကောင်းအောင်ဆောင်ရွက်ပါ။ ၄။ ဘောင်ကြားရေသွင်းခြင်း၊ အစက်ချရေသွင်းခြင်းသည် ရေထမ်းပုံးနှင့် ရေပက်ဖျန်းခြင်းထက် ပို၍ ကောင်းသည်။ ၅။ မြေပြုပြင်စဉ်က ဘော်ဒိုးဆေး (၅း၅း၅၀) ကို ဖျန်းပုံးနှင့် လောင်းပေးခြင်း ပြုလုပ်ပေးပါ။ ၆။ ဘော်ဒိုးဆေး (၂း၂း၅၀) ကို အပင်တွင် ပက်ဖျန်းပေးပါ။ ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန

လွန်ခဲ့သော ၈ နှစ် က

ဦးစွာကွမ်းတွင်ကျရောက်တတ်သောပိုးမွှားများအကြောင်းဖော်ပြလိုက်ပါတယ်။ကျရောက်သောပိုးမွှားပေါ်မူတည်ပြီးကာကွယ်နှိမ်နင်းနည်းတွေကိုအသုံးပြုပါ ကွမ်းခြံတွင် ခြံတစ်ခြံလုံး ပျက်စီးသည်အထိ ဖျက်ဆီးသည့် ပိုးများ မရှိသလောက် ဖြစ်ပါသည်။ ကျရောက်သော ပိုးများမှာလည်း ကွမ်းရွက်အဆင့်အတန်း နိမ့်ကျ၍ရောင်းတန်းမဝင်သော ကွမ်းရွက်များသာ ဖြစ်ပေါ်စေပြီး အပင်များခြံလုံးပြုတ်အောင် မဖျက်ဆီးတတ်ကြချေ။ ၁။ ရွက်ပေါက်ကျိုင်း၊လှေးကျိုင်း FLEA BEETLE Medythia suturalis ပိုးတောင်မာ အမျိုးအစားတွင် ပါဝင်ပြီး အရွယ်အစားသေးငယ်ကြသည်။ ထင်ရှားသော အမှတ်အသားအနေဖြင့် အတောင်နှစ်ဖက်ပေါ်တွင် အဝါစင်းများပါရှိသည်။ အချို့သော မျိုးစိတ်တွင် အနက်ရောင်ပြောင်ရှိသည်။ အရွယ်အားဖြင့် (၂) မီလီမီတာ ခန့်သာရှိသည်။ အရွယ်ရောက် ကျိုင်းမကြီးသည်မြေကြီးထဲတွင် ဥများကိုဥလေ့ရှိသည်။ ဥဘဝ တွင် ၅ရက်၊ ပိုးလောင်းဘဝတွင်၂၁ရက်၊ ရုပ်ဖုံးဘဝတွင် ၇ရက်၊ အကောင်ကြီးဘဝ ၁လ စသည်ဖြင့် ဘဝ စက်ဝန်းလည်ပတ်ပါသည်။ ဖျက်ဆီးပုံ ပိုးလောင်းများ အကောင်ကြီးမျာသည် နေ့အချိန်တွင်မြေကြီးခဲကြားတွင်နေပြီး ညနေအေးသည်နှင့် အပင်ပေါ်တက်၍ အရွက်များတွင် ကိုက်ဖြတ်စားသောက်ကြသည်။ နံနက်ပိုင်းတွင်လည်း ကျရောက်စားသောက်ကြသည်။ ကျိုင်းကောင်ကိုက်ဖြတ် စားသောက်ရာတွင် သိသာသော လက္ခဏာမှာ အရွက်တွင် ဝိုင်းဆက်သော အပေါက်များ ဖြစ်အောင် ကိုက်ဖောက်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အရွက်ပေါ်တွင်သေနတ် ပစ်ပေါက်ရာကဲ့သို့ အပေါက်များကိုတွေ့ရမည် ဖြစ်သည်။ ကာကွယ်နှိမ်နင်းပုံ ၁။ ကွမ်းခြံ ပတ်ဝန်းကျင်တွင်ပေါင်းမြက်ခြုံများကို ရှင်းလင်းပစ်ပါ။ ၂။ လှေးကျိုင်းများ အများအပြား ကျရောက်ပါက ထိသေစားသေဆေးတစ်မျိုးမျိုးဖြင့် နှိမ်နင်းနိုင်သည်။ ၃။ ဆေးများ ဖြန်းရာတွင်နေ့လည်ဖက် အချိန်၌မြေကြီးထဲတွင် ခိုအောင်းနေတတ်သောကြောင့် ပင်ခြေရင်း တစ်ဝိုက်တွင်မြေကြီးကို ဆေးဖျန်းပေးခြင်းဖြင့် ကာကွယ်နိုင်သည်။ ၄။ ဆေးဖျန်းခြင်းကို ညနေပိုင်း ပိုးကောင်များ အပင်ပေါ်တက်ချိန် ဖျန်းနိုင်သည်။ ၅။ ဆေးဖျန်းပြီး (၂) ပတ်ကြာမှ အရွက်များကို ခူးသင့်သည်။ ၂။ ပျပိုး (APHIDS) ပျပိုးများမှာ အရွယ်အစား အလွန်သေးငယ်ကြသည်။ အစိမ်း၊ အဝါ၊ အနက်သည်ဖြင့် အရောင်အမျိုးမျိုးရှိသည်။ ပျအကောင်ကြီးများ အချို့အတောင်ရှိ၍ အချို့အတောင်မရှိပါ။ အချို့သော ပျပိုးများသည် မိတ်မလိုက်ဘဲ မျိုးပွားနိုင်သည်။ ဥအုချ၍ လည်းကောင်း၊ အကောင်လိုက်လည်းကောင်း မျိုးပွားနိုင်သည်။ အမတစ်ကောာင်သည် တစ်ကြိမ် အုလျှင်ဥ (၃၀) ခန့် ဥသည်။ ဥဘဝမှ အကောင်ကြီးဘဝသို့ (၂) ပတ်မှ (၃) ပတ်ကြာတတ်သည်။ အကောင်ကြီး ဘဝတွင် (၆) ရက်ခန့် ကြာသည်။ ဖျက်ဆီးပုံ အရွက်အောက် မျက်နှာပြင်တွင် ခိုကပ်၍ အရွက်မှ သစ်ရည်ကို စုပ်ယူူကြသည်။ အကောင်ရေများလာပါက အရွက်များကုတ်၍ ပုံပျက်ပန်းပျက် ဖြစ်လာသည်။ ပေါက်ပွားနှုန်းများလာပါက ကွမ်းပင်အညွန့် ပင်စည်များတွင်ပါ တွယ်ကပ်စုပ်စားတတ်သည်။ ပျကျရောက်သော အရွက်မျာသည် သိသာထင်ရှားသဖြင့် ခူးယူ ဖျက်ဆီးခြင်းဖြင့် ကာကွယ်နိုင်သည်။ ပျကောင်များစုပ်၍ ကွမ်းပင်ထိခိုက်မှုမကြီးကျယ်သော်လည်းရောဂါ သယ်ဆောင်နိုင်သော ပိုးဖြစ်၍ ဂရုတစ်စိုက် နှိမ်နင်းရမည်ဖြစ်သည်။ လေနှင့်အတူ တစ်ပင်မှတစ်ပင်ကို ကူးစက်ပျံ့နှံ့နိုင်သကဲ့သို့ ပုရွက်ဆိတ်များ၏ သယ်ဆောင်မှုကြောင့်လည်း တစ်ပင်မှ တစ်ပင်သို့ ကူးစက်သည်။ ကာကွယ်နှိမ်နင်းပုံ ၁။ ကွမ်းခြံ ဝန်းကျင်ပေါင်းမြက်များကို ရှင်းလင်းပါ။ ၂။ ပျပိုး ကျသော အရွက်များကို ခူးယူ ဖျက်ဆီးပစ်ပါ။ ၃။ ကွမ်းခြံအတွင်း ပုရွက်ဆိတ်များ မရှိစေရန် စီမံပါ။ နွေရာသီတွင် ကွမ်းခြံအတွင်း၌အေးနေသဖြင့် ပုရွက်ဆိတ်များနေထိုင် တတ်ကြသည်။ ၄။ ပိုးသတ်ဆေး သုံးမည်ဆိုပါက စိမ့်ဝင် ပိုးသတ်ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်သည်။ ဆေးဖျန်းလျှင် အရွက်အောက်မျက်နှာပြင်ကို ဂရုပြုဖျန်းပါ။ တွယ်ကပ် ပစ္စည်း ထည့်ဖျန်းပါ။ ၅။ ဆေးဖျန်းပြီး (၂) ပတ် ကြာမှ အရွက်များကို ဆွတ်ခူးပါ။ ၃။ ယင်ဖြူ WHITE FLY Bemisia tsbaci အရွယ်အစားအားဖြင့်သေးငယ်သည်။ ယင်ဖြူဟု ဆိုသော်လည်း ဖလံဖြူ အသေးစားလေးမျိုးဖြစ်သည်။ အရွက်အောက် မျက်နှာပြင်တွင်နေထိုင်စားသောက်ပေါက်ပွားကြသည်။ အရွက်အောက် မျက်နှာတွင် အကောင်ငယ်၊ အကောင်ကြီးများ စုပြုံနေပြီး ပိုးမျှင်ကလေးများနှင့် ရှုပ်ထွေးနေတတ်သည်။ ယင်ဖြူမ တစ်ကောင်သည် တစ်နှစ်လျှင် (၁၂) ကြိမ် ဥများ အုနိုင်၍ တစ်ကြိမ်အုလျှင် ဥပေါင်း (၁၂၀) ခန့် ထိရှိသည်။ ဥအရောင် အဝါရောင်ရှိ၍ အရွက်အောက် မျက်နှာအတွင်း အုကြသည်။ ဥမှပေါက်သည်နှင့် သစ်ရည်ကို စုပ်စား၍ ကြီးထွားကြသည်။ ဥမှ အကောင်ကြီးဘဝသို့ (၂-၃) ပတ်သာ ကြာသည်။ ပေါက်ပွားမှုကောင်းသည်။ ဖျက်ဆီးပုံ အရွက်အောက် မျက်နှာပြင်တွင် တွယ်ကပ်၍ စုပ်စားကြသောကြောင့် အရွက်များ ကုတ်နေတတ်သည်။ အရွက်ကို လက်နှင့်တောက်ခါ လိုက်ပါက ယင်ဖြူအကောာင်ကြီးများ ပျံထွက်သွားသည်ကို မြင်ရတတ်သည်။ ယင်ဖြူကျရောက်သော အရွက်ကို ပွတ်သပ် ဖျက်ဆီးခြင်းဖြင့် သုတ်သင်နိုင်သည်။ အဓိကမှာ ယင်ဖြူသည် ပျများကဲ့သို့ပင်ရောဂါ သယ်ဆောင်ကြခြင်းပင် ဖြစ်သည်။ မိုးရာသီတွင် ကျရောက်တတ်လေ့ရှိသည်။ ကာကွယ်နှိမ်နင်းပုံ ၁။ ကွမ်းခြံပြင်ပတွင်ပေါင်းမြက်ခြုံများကို ရှင်းလင်းပါ။ ၂။ ပိုးကျရောက်မှု နည်းပါက ပွတ်ချေ၍လည်းကောင်း၊ များပါက ခူးခြွေပစ်၍လည်းကောင်း သုတ်သင်နိုင်သည်။ ၃။ ပိုးသတ်ဆေး သုံးမည်ဆိုက စိမ့်ဝင်ပျံ့နှံ့နိုင်သော ပိုးသတ်ဆေး အမျိုးအစားကို သုံးရမည်။ ၄။ ဆေးဖြန်းပြီး (၂) ပတ်ကြာမှ အရွက်များကို ဆွတ်ခူးပါ။ ၄။ မွှားပင့်ကူနီ RED SPIDER MITE အလွန်သေးငယ်သော အနီရောင် မွှားကောင်လေးများ ဖြစ်သည်။ အရွက်အောက် မျက်နှာပြင်၌နေထိုင် စားသောက်ကြသည်။ အရွက်ကို လှန်ကြည့်ပါကခြေထောက် (၈) ချောင်းပါသောကြောင့် အင်းဆက်ပိုး အုပ်စုတွင် မပါရှိပေ။ ဥဘဝမှ အကောင်ကြီးဘဝအထိ (၁၉) ရက် ကြာ၍ အကောင်ကြီးဘဝတွင် တစ်လကြာ အသက်ရှင်သန်ကြသည်။ ဖျက်ဆီးပုံ ကွမ်းရွက်၏အောက်မျက်နှာပြင်၌ သစ်ရည်ကို စုပ်စားကြသော်လည်း ပျ၊ ယင်ဖြူ ကဲ့သို့ စုပ်တံဖြင့် စုပ်ယူစားသောက်ခြင်း မဟုတ်ဘဲ အရွက်အသားကို လှီးဖြတ်ပြီးမှ သစ်ရည်စုပ်စားတတ်သောကြောင့် အပ်ဖျားလောက်ရှိသော အဖြူစက်များ အရွက်အောက် မျက်နှာပြင်တွင် ဖြစ်ပေါ်နေသည်။ တဖြည်းဖြည်းနှင့် အဖြူစက်များပြားလာပြီး အရွက်များဝါလာကာခြောက်သွေ့ကုန်သည်။ ကာကွယ်နှိမ်နင်းပုံ ၁။ ပိုးကျ အရွက်ကို ခူးယူဖျက်ဆီးခြင်းသည် အထိရောက်ဆုံးဖြစ်သည်။ ၂။ အင်းစက်ပိုး မဟုတ်သဖြင့် ပိုးသတ်ဆေးအတိုင်း အသုံးပြု၍မရပေ။ မွှားပင့်ကူသတ်ဆေးမျိုး ဖျန်းပေးမှသာ နှိမ်နင်းနိုင်သည်။ ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်ရေး ၁။ သစ်ပင်ကြီးများ အရိပ်ပင် ထူထပ်စွာပေါက်သော ဥယျာဉ်ခြံများ အတွင်း၌ မစိုက်သင့်ပါ။ ၂။ အုန်းသီး၊ ကွမ်းသီးပင်များ စိုက်ပျိုးသော ဥယျာဉ်ခြံများအတွင်း၌ စိုက်သင့်သည်။ သို့မဟုတ် ကွမ်းခြံနှင့် အတူ အုန်းပင်၊ ကွမ်းသီးပင်များ တွဲဖက် စိုက်ပျိုးသင့်သည်။ ၃။ ကွမ်းခြံ စိုက်ပျိုးမည့် ဧရိယာ သာမကအနီးပတ်ဝန်းကျင် (၆) ပေ ပတ်လည်တွင်ပေါင်းမြက်ကင်းရှင်းအောင် ဆောင်ရွက်ပေးထားရမည်။ ၄။ ကွမ်းခြံအနီးတွင် ငရုတ်ကောင်းပင်များ စိုက်ပျိုး မထားရ။ ၅။ ကွမ်းခြံတည်မည့်နေရာကို ထယ်ထိုးပြီးပါကကောက်ရိုးမြက်ခြောက်တင်၍ မီးရှို့ပစ်ပါ။ အခြေအနေပေးပါက ထွန်မွှေလိုက်၊ မီးရှို့လိုက် (၃) ကြိမ်ခန့် ပြုလုပ်သင့်ပါသည်။ ၆။ ကွမ်းခြံကို အမိုးမိုးရာတွင် ဥယျာဉ်ခြံသုံး၊ ပလတ်စတစ်ပိုက် (Herticulture net) ဖြင့် အမိုးမိုးသင့်သည်။ ၇။ ယူရီးယား ဓာတ်မြေဩဇာ အသုံးပြုခြင်းကို ချင့်ချိန်ရမည်။ ၈။ (၅း၅း၅၀) ဘော်ဒိုးဆေးရည်ကိုမြေပြင်ထားသောနေရာအားလုံးအား နှံစပ်အောင် ပက်ဖျန်းပေးပါ။ ၉။ အသင့်သုံး EM ဖျော်ရည် ဖျော်စပ်ပြီး ကွမ်းစိုက်ရန် သတ်မှတ်နေရာ တစ်လျှောက် (၂ x ၃၂) အကျယ်ကိုဖျော်ရည် (၈) ဂါလံနှုန်းရေထမ်းပုံးဖြင့် ပက်ဖျန်းပါ။ Trogodarma မှိုတစ်ထုပ်လည်း ဖြန့်ထည့်ပေးပါ။ ပြီးလျှင် ပလတ်စတစ်စဖြင့် (၅) ရက် ကြာ အုပ်ထားပါ။ ၁၀။ ဆေးရွက်ကြီးမှုန့်၊ တမာကြိတ်ဖတ်မှုန့်များ ဖြူးထည့်ပေးပါ။ ၁၁။ ကွမ်းစိုက်ကျင်းများ တူးပြီးနောက် ကျင်းထဲသို့လည်း (၅း၅း၅၀) ဘော်ဒိုးဆေးရည်လောင်းပေးပါ။ ၁၂။ ရောဂါကင်းသော ကွမ်းခြံမှ ကွမ်းညွန့်များကိုရွေးချယ် စိုက်ပျိုးပါ။ ကွမ်းပင်၏ အရင်းပိုင်း တစ်ပေ အမြင့်မှ အရွက်များကိုချွေပစ်ပါ။ (အောက်ခြေရှင်းခြင်း) ၁၃။ ကွမ်းပင်ခြေရင်းသို့ (chlorpyrifos 48 EC) ဆေးကိုရေတစ်ဂါလံလျှင် (၁၀) စီစီနှုန်းဖျော်စပ်၍ ပက်ဖျန်းပေးပါ။ ကွမ်းပင်တန်း တစ်လျှောက် (၁၀) စီစီနှုန်းဖျော်စပ်၍ ပက်ဖျန်းပေးပါ။ ကွမ်းပင်တန်း တစ်လျှောက်ပက်ဖျန်းပေးပါက ပို၍ကောင်းမွန်ပါသည်။ ၁၄။ ကွမ်းပင် အရွက်များတွင် အဖျားခြောက်ခြင်း၊ အစက်အပြောက်ပေါ်ခြင်းများ တွေ့ပါက ချက်ချင်းခူး၍ မီးရှို့မြေမြှုပ် ပစ်ပါ။ ၁၅။ ရွက်စားပင် ဖြစ်၍ ဓာတုပိုးသတ်ဆေးများကို တတ်စွမ်းသရွေ့ရှောင်ရှားသင့်သည်။ ရွက်ဖောက်ကျိုင်း၊ လှေးကျိုင်းကိုနှိမ်နင်းရန် ပင်ခြေရင်းဆေးဖျန်းသည့် ကိစ္စရပ်မျိုး၌သာ သုံးသင့်သည်။ ဓာတုဆေးများထက် အပင်မှရသော ပိုးသတ်ဆေးများကိုသာ ဦးစားပေးသုံံးသင့်ပါသည်။ ၁၆။ ကွမ်းပင်များကိုရေဖျန်းပုံးဖြင့် ရေလောင်းခြင်းထက် ရေသွင်းခြင်း၊ အစက်ချရေသွင်းခြင်း စနစ်မျိုး သုံးသင့်သည်။ ပင်ခြေတွင် ရေဝပ်မှုကြာပါက ရောဂါများ ဝင်ရောက်တတ်သည်ကိုလည်း သတိပြုပါ။ ၁၇။ အစက်ချရေသွင်းခြင်းသည် ရေကုန်သက်သာစေသည့်ပြင် ရောဂါကူးစက်မှုကို ကာကွယ်ပေးသည်။ ၁၈။ ကွမ်းစိုက်ဘောင်ပေါ်တွင်ကောက်ရိုးဖုံးအုပ်ပေးခြင်းဖြင့် မြေတွင်းအစိုဓာတ်ကို ထိန်းသိမ်းသည့်အပြင်ပေါင်းပင်များ ပေါက်ရောက်မှုကို ကာကွယ်ပေးသည်။ ၁၉။ ကွမ်းရွက်ခူးရာတွင် တစ်ခြံတည်း သီးသန့်ခူးယူသူ ဖြစ်သင့်သည်။ ၂၀။ကွမ်းရွက်ခူးရာတွင် အခြားသော ကွမ်းပင်များကို ထိခိုကဒဏ်ရာမဖြစ်စေရန် ဂရုပြုပါ။ ၂၁။ အရိပ်ပိုမို ပြုလုပ်ပေးခြင်းလျော့ချတို့ကို ရာသီနှင့်ချင့်ချိန်၍ ပြုလုပ်ပေးပါ။ နေရောင်ခြည်များ၍ အရွက်ဖျားခြောက်ရာမှရောဂါ ဆက်လက် ဝင်ရောက်တိုက်ခိုက်တတ်သည်ကို သဘောပေါက်ထားရန် လိုပါသည်။ ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။