အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၃ ခု

2,090 လွန်ခဲ့သော ၆ နှစ် က
ဤအဖြေဖြင့် ပြေလည်

Bacterial Leaf Blight of Rice. --------------------------------------------- Bacterial Leaf Blight of Rice ( BLB). --------------------------------------------- (က) ရောဂါဖြစ်စေသက်ရှိ ------------------------ Xanthomonas oryzae pv. Oryzae (ခ) ရောဂါလက္ခဏာ ------------------- စပါးပင်သက်တမ်းတစ်လျှောက်လုံး ရောဂါဝင်ရောက်နိုင်သည်။ စပါးပင်ကြီးထွားမှု အဆင့်အလိုက် ရောဂါလက္ခဏာ (၃)မျိုးရှိသည်။ (၁) ပင်ညှိုးအဆင့် (Kresek or wilt) အပင်ငယ်စဉ် (ပျိုးပင်အဆင့်)တွင် အောက်ရွက်၏ ရွက်ဖျားရွက်နားများတွင် သေးငယ်သော ရေစိုနာကွက် စတင်ပေါ်ပြီး ရွက်ပြားတစ်လျှောက် ကျယ်ပြန့်သွားသည်။ အပင်ငယ်၌ ရောဂါတိုးတက်မှု ပို၍မြန်ဆန်ပြီး အရွက်အောက်ခြေအထိ ရောဂါဆင်းကာ အရွက်ဝါ၍ ခြောက်လာသည်။ ဘက်တီးရီးယားသည် ရွက်ပြား၊ ရွက်ဖုံးမှတဆင့် ပင်စည်သို့ရောက်ကာ ထွက်ခါစအရွက်အား ထိခိုက်ပြီး ရွက်လိပ်မပြီဘဲ တပင်လုံးညှိုး၍ သေသွားသည်။ ပျိုးနှုတ်စဉ် ဒဏ်ရာရသော အမြစ်များမှလည်းကောင်း၊ ရွက်ဖျားများပြတ်ခြင်းကြောင့်လည်းကောင်း ရောဂါဝင်ရောက်၍ စိုက်ပြီး(၂-၄)ပတ်အတွင်း ညှိုး၍သေနိုင်သည်။ သို့အတွက် ပင်ညှိုးအဆင့်ကို ပျိုးခင်းနှင့် စိုက်ပြီး(၁)လခန့်အထိတွင် တွေ့နိုင်သည်။ အပင်ကြီးလာသည်နှင့်အမျှ ခံနိုင်ရည်တက်လာပြီး ရွက်ခြောက်(Leaf Blight) လက္ခဏာသာ တွေ့ရသည်။ (၂) ရွက်ခြောက်အဆင့် (Leaf Blight) အပင်ပွါးစီးချိန် နောက်ပိုင်းမှစ၍ ရွက်ခြောက်ရောဂါအဆင့်ကို ဖြစ်ပေါ်စေသည်။ ရောဂါသည် ရွက်ဖျားမှစ၍ဖြစ်စေ၊ ရွက်နားမှစ၍ဖြစ်စေ ရေစိုနာကွက် စတင်ဖြစ်ပေါ်သည်။ ရွက်ပြားတလျှောက် ကျယ်ပြန့်လာသည်။ ရောဂါရှေ့တိုးသွားသည်နှင့်အမျှ နောက်ပိုင်းမှ ရောဂါဖြစ်ပြီးကျန်ခဲ့သော တစ်သျူးသားမှာ ကောက်ရိုးခြောက်ရောင်သို့ ပြောင်းလာသည်။ ထို့နောက် ဖြူဖွေးသော အရောင်သို့တိုင် ပြောင်းလဲသွားသည်။ ရောဂါရှေ့သို့တိုးသွားစဉ် ရောဂါကင်းတစ်သျူးသားနှင့် ရောဂါရတစ်သျူးသားတို့ ဆက်စပ်ရာတွင် အဝါရောင်(သို့) ရေစိုနာ(စိမ်းပြာရောင်)ရှိပြီး အနားမညီဘဲ လှိုင်းတွန့်ပုံ ရှိနေသည်ကို တွေ့ရသည်။ နံနက်စောစော နှင်းကျပြီး ရောဂါရအပိုင်းမှ ဘက်တီးရီးယား စိမ့်ထုတ်ရည်များထုတ်ပြီး အရွက်တွင် ကပ်နေသည်။ နေပွင့်လာသောအခါ ပယင်းရောင်အလုံးကလေးများအဖြစ် သာမန်မျက်စေ့ဖြင့်ပင် မြင်ရသည်။ မိုးရွာမှုရှိပါက မိုးရေနှင့်ပျော်ပြီး ဆင်းသွား၍ မတွေ့နိုင်ပါ။ ဤလက္ခဏာများသည် ဤရောဂါ၏ ထင်ရှားသောအချက်ပင် ဖြစ်သည်။ ဤရွက်ခြောက်အဆင့်သည် ရွက်ပြားပေါ်တွင် ပုံသဏ္ဍာန်အမျိုးမျိုး ရှိနိုင်သော်လည်း ဆုံးဖြတ်ရမည့် အချက်များမှာ အထက်ဖေါ်ပြပါအတိုင်း ဖြစ်သည်။ (၃) အဝါဖျော့ရောင်အဆင့် (Pale Yellow) ကြီးထွားချိန်နောက်ပိုင်း အပင်ကြီးများတွင် ဖြစ်ပေါ်သည်။ တပင်လုံး အဝါဖျော့ရောင် ဖြစ်ပေါ်နေသည်။ ဘက်တီးရီးယားများသည် အပင်၏အောက်ခြေပိုင်းတွင် အစာရေကြောစည်းအား ပိတ်ဆို့နေ၍သော်လည်းကောင်း၊ ၎င်းတို့ထုတ်သော အဆိပ်များကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။ (ဂ) ဒေသအလိုက် ပျံ့နှံ့တည်ရှိမှု ------------------------------- ကမ္ဘာ၏ တောင်လတ္တီတွဒ်(၂ဝံ)နှင့် မြောက်လတ္တီတွဒ်(၅ဝံ)အတွင်းရှိ အရှေ့တောင်အာရှ၊ တောင်အာရှနှင့် အာရှအရှေ့ရှိ စပါးစိုက်ဒေသများ၊ အနောက်အာဖရိကအနောက်ပိုင်းနှင့် သြစတြေးလျနိုင်ငံ ကွင်းစလန်ဒေသ၊ လက်တင်အမေရိကနိုင်ငံများတွင် တွေ့ရှိရသည်။ (ဃ) ရောဂါတိုးတက် ဖြစ်ပေါ်မှုကို အားပေးသော အခြေအနေများ ----------------------------------- ရောဂါခံနိုင်ရည်နည်းသော မျိုးများစိုက်ပျိုးခြင်း။ ရောဂါဖြစ်စေ ဘက်တီးရီးယားသည် စပါးစိုက်ဒေသ အသီးသီးတွင် ပျံ့နှံ့တည်ရှိနေခြင်း။ စပါးသီးနှံကို နွေသီးနှံ၊ မိုးကြိုသီးနှံ၊ မိုးသီးနှံ စသည်ဖြင့် ဆက်တိုက်စိုက်ပျိုးခြင်း။ စပါးပင်၏ အာဟာရဓာတ် လိုအပ်ချက်ကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်မှုမရှိခြင်း၊ နိုက်ထရိုဂျင်ဓာတ် လွန်ကဲစွာ ထည့်ပေးခြင်း။ ရေကြီးခြင်း၊ ရေလွှမ်းခြင်း။ ရေသွင်းရေထုတ် ညံ့ဖျင်းခြင်း။ ပေါင်းမြက်၊ ကောက်လေနှင့် စပါးသားတက်များ ရှင်းလင်းမှု အားနည်းခြင်း။ စပါးရာသီ တစ်ခုနှုင့်တစ်ခုကြားတွင် မြေခြောက်မှုမရှိခြင်း၊ ရိုးပြတ်များ ခြောက်မှုမရှိခြင်း။ ရာသီဥတု အားပေးခြင်း။ (မိုးရွာခြင်း၊ မိုးအုံ့ရက်များခြင်း၊ လေတိုက်ခြင်း၊ မိုးသက်လေမုန်တိုင်းကျခြင်းနှင့် နေရောင်ခြည်ရရှိမှုနည်းခြင်း) ကောက်ပင်စိတ်လွန်းစွာ စိုက်ပျိုးခြင်း။ (င) ရောဂါသံသရာ ----------------- ပျိုးပင်အဆင့်တွင် ပင်ညှိုးလက္ခဏာ တွေ့ရှိရခြင်းမှာ ပျိုးခင်းတွင် အုပ်ထားသော ကောက်ရိုးများမှတဆင့် ကူးစက်ခြင်းသော်လည်းကောင်း၊ ရောဂါကျအခင်းတွင် ထပ်မံစိုက်ပျိုးပါက ကျန်ရှိသောရိုးပြတ်များမှ တဆင့်သော်လည်းကောင်း ပျိုးပင်သို့ကူးစက်စေသည်။ သဘာဝတွင် အပင်ဖြစ်ထွန်းချိန်များမှ စတင်၍ ကွက်ကြားဖြစ်ပေါ်ပြီး အနှံထွက်ချိန်မှ ရင့်မှည့်ချိန်အထိ ရောဂါပြင်းထန်လေ့ရှိသည်။ ရောဂါကွက်မှထွက်သော ဘက်တီးရီးယား စိမ့်ထွက်ရည်တို့သည် အလုံးငယ်လေးများဖြစ်ကာ အရွက်တွင်ကပ်နေလေ့ရှိသည်။ ၎င်းမှ မိုးရေ၊ နှင်းရေဖြင့်ပျော်ကာ တစ်ရွက်မှတစ်ရွက်၊ တစ်ပင်မှတစ်ပင်သို့ ကူးစက်ကြသည်။ ဤရောဂါသည် မိုးရေ၊ နှင်းရေ၊ သွင်းရေတို့ဖြင့် ကူးစက်သည်။ ရောဂါဖြစ်စေ ဘက်တီးရီးယားသည် ဒဏ်ရာအနာများမှလည်းကောင်း၊ အပင်၏ သဘာဝရေထွက်ပေါက်များမှလည်းကောင်း ဝင်ရောက်ကြသည်။ လေပြင်းတိုက်ခတ်၍ တစ်ပင်နှင့်တစ်ပင် အရွက်ချင်းရိုက်မိသော ဒဏ်ရာများမှတဆင့်လည်း ရောဂါဝင်ရောက်လေ့ရှိသည်။ ဘက်တီးရီးယားသည် ရောဂါကျရိုးပြတ်များ၊ မျိုးစေ့များ၊ အခြားလက္ခံပင်များ၊ မြေကြီးနှင့် ပေါင်းပင်များတွင် ရောဂါကူးစက် ပျံ့ပွါးစေသည်။ (စ) လက္ခံပင်များ --------------- စပါးရိုင်းများ၊ ပေါင်းပင်အများအပြားပေါ်တွင် အသက်ရှင်နေနိုင်သည်။ (ဆ) ကာကွယ်နှိမ်နင်းနည်းများ ----------------------------- #ရောဂါဒဏ် ခံနိုင်ရည်ရှိသောမျိုးများ စိုက်ပျိုးခြင်း စပါးရွက်ခြောက်ရောဂါ ကာကွယ်ရန် အကောင်းဆုံးနည်းမှာ ရောဂါခံနိုင်ရည်ရှိ စပါးမျိုးများ ရှာဖွေဖေါ်ထုတ် စိုက်ပျိုးခြင်း ဖြစ်ပါသည်။ စပါးမျိုးများသည် တစ်မျိုးနှင့်တစ်မျိုး ရောဂါခံနိုင်မှုဗီဇများ တူညီမှုမရှိကြ၍ ရောဂါကျရောက်လျှင်လည်း ခံနိုင်ရည်နည်းသောမျိုးသာ အဓိကကျရောက်နိုင်ပါသည်။ ထို့ကြောင့် စပါးမျိုးတစ်မျိုးတည်းအား ဧရိယာများများ တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးပါက ရောဂါကျလျှင် လွယ်ကူစွာ ကူးစက်နိုင်သည့်အတွက် မျိုးကွဲများဖြင့် ယှဉ်တွဲစိုက်သင့်ပါသည်။ #စိုက်ပျိုးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နင်းခြင်း ရောဂါကင်းသော စိုက်ခင်းမှ အောင်မြင်သောမျိုးစေ့ကို သုံးပါ။ ကောက်ကွက်စိပ်လွန်းစွာ မစိုက်သင့်ပါ။ ပျိုးခင်းအား ရောဂါကင်းပြီး သန်စွမ်းသောပျိုးပင်များရအောင် ဆောင်ရွက်ပါ။ ပျိုးနှုတ်ရာတွင် ပျိုးပင်ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ပါ။ အာဟာရဓာတ်စုံသော မြေသြဇာသုံးပါ။ နိုက်ထရိုဂျင်ဓာတ်ပါသော မြေသြဇာများအား လွန်ကဲစွာ မသုံးစွဲရ။ လိုအပ်လျှင် အကြိမ်ကြိမ်ခွဲ၍ ကြဲပက်ပေးနိုင်သည်။ ပိုတက်ရှ်မြေသြဇာကို များများသုံးပေးပါ။ ရေထိန်းနိုင်သောဒေသများတွင် ရေသွင်းရေထုတ် ဆောင်ရွက်ပေးပါ။ ရောဂါဒဏ် ခံနိုင်ရည်နည်းသော/ မဲ့သော စပါးမျိုးအား တစ်ကွင်းတစ်စပ်တည်း ဧရိယာများစွာ စိုက်ပျိုးခြင်း မပြုသင့်ပါ။ ပေါင်းမြက်၊ ကောက်လေများ၊ စပါးရိုင်းများကို ရှင်းလင်းပါ။ ရောဂါကျစိုက်ခင်းမှ ရိုးပြတ်များအား မီးရှို့၍သော်လည်းကောင်း၊ ထယ်ထိုးမြေမြှုပ်၍သော်လည်းကောင်း မြန်မြန်ဆွေးအောင် ဆောင်ရွက်ပါ။ နွေစပါးစိုက်ပျိုးရာတွင် မေ၊ ဇွန်လတွင် အဆက်မပြတ် ရွာတတ်သောမိုးနှင့် မဆုံစေရန် ဒီဇင်ဘာလတွင်စိုက်၍ ဧပြီလတွင် ရိတ်သိမ်းနိုင်ရန် စီစဉ်ဆောင်ရွက်ပါ။ #ဓာတုနည်းဖြင့် နှိမ်နင်းခြင်း ရေဂါလက္ခဏာ စတွေ့လျှင်တွေ့ချင်း ကျူပရိုမက်နှင့် ဘာလီဆိုက် ဆေး(၂)မျိုးကို တွဲဖက်၍ဖြစ်စေ…သို့မဟုတ် " ပါရဂူ" ဆေး(၁)မျိုးတည်းကိုဖြစ်စေ… (၇-၁၅)ရက်တစ်ကြိမ် ရောဂါပျောက်ကင်းသည်အထိ ပက်ဖျန်းပါ။ ရေလျှော့ပြီး ဘက်စ်ကေ(ပိုတက်ရှ်) မြေသြဇာ ကြဲပက်ပေးပါ။ အထူးသတိပြုရန် စာနာထောက်ထားသောအားဖြင့် လူနှင့်တိရစ္ဆာန်များတွင် အသုံးပြုသည့် ပဋိဇီဝဆေး Antibiotic များကို အသုံးမပြုပါနှင့်။ အပင်များအတွက် အထူးထုတ်လုပ်သည့် စိုက်ပျိုးရေးသုံး ပဋိဇီဝဆေးများကိုသာ အသုံးပြုပါ။ Than Win Agri Credit to MAS(PP)

464 လွန်ခဲ့သော ၆ နှစ် က

ဖြေထားတာကောင်းပါတယ် ဒါပေမယ့် အကုန်နားမလည်ဘူး သင်တန်းတက် ရမယ်ထင်တယ်

1,566 လွန်ခဲ့သော ၆ နှစ် က

အခုလိုတိကျစွာဖြေပေးတဲ့အတွက်ကျေးဇူတင်ပါတယ်ခဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။