ဥယျာဉ် နဲ့ အပင်များ အတွက် အံ့မခန်းဖွယ် ဆားခါး အသုံးပြုမှု ၁၀ မျိုး ?????????????? (Ref: "10 Incredible Epsom S...
ဥယျာဉ် နဲ့ အပင်များ အတွက် အံ့မခန်းဖွယ် ဆားခါး အသုံးပြုမှု ၁၀ မျိုး ?????????????? (Ref: "10 Incredible Epsom Salt Uses For Your Plants & Garden" - Naturallivingideas.com) Epsom salt ခေါ် ဆားခါးဟာ ရေဓါတ် ပါဝင်သော မဂ္ဂနီစီယမ် ဆာလဖိတ်ဖြစ်သည့် သတ္ထုဓါတ်/ဒြပ်ပေါင်း တမျိုး ဖြင့် ဖွဲ့စည်း ထားပါတယ်။ ၎င်းဟာ အင်္ဂလန် နိုင်ငံ အက်ပ်ဆွန်မြို့ရဲ့ တွင်းရေတွေထဲမှာ ပထမဆုံး တွေ့ရသော သဘာဝ အလျောက် ဖြစ်ပေါ်နေသည့် ဒြပ်ပေါင်း တစ်မျိုးဖြစ် ပါတယ်။ ဆားခါးမှာ အိမ်တွင်း ကုသမှု အတွက် အသုံးပြုမှု အမျိုးမျိုး ရှိပါတယ် - လူသိ အများဆုံး နှစ်မျိုးက ဝမ်းနှုတ်ဆေး နဲ့ အကိုက်အခဲ သက်သာတဲ့ ဆေး အဖြစ် ဖြစ်ပါတယ်။ လူအများစု မသိကြတာက ကျန်းမာတဲ့ အပင်တွေ ရဖို့ အော်ဂဲနစ် ဥယျာဉ် စိုက်ပျိုးခြင်းမှာ ဆားခါးရဲ့ အသုံး အချို့ ရှိတယ် ဆိုတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးက သင့်ရဲ့ အပင်တွေ နဲ့ ဥယျာဉ် တို့ရဲ့ အကျိုးကျေးဇူး အတွက် ဆားခါး အသုံးပြုခြင်း စတင်ရန် အကောင်းဆုံး နည်းလမ်း ဆယ်ခုကို မျှဝေ ပါမယ်။ ၁။ မျိုးစေ့ အညှောက်ပေါက်ခြင်းကို တိုးတက်စေတယ် ???????????? မျိုးစေ့ မချခင် မြေဆီလွှာ ပြုပြင်မှု တစ်ခု အနေနဲ့ ဆားခါး အသုံးပြုခြင်းဟာ သင့် ဥယျာဉ်ကို သေချာပေါက် အစကနေပြီး အားပြည့်တဲ့ မြှင့်တင်မှု တစ်ခုကို ပေးပါ လိမ့်မယ်။ မဂ္ဂနီစီယမ်ဟာ မျိုးစေ့ အညှောက် ပေါက်ရာမှာ ကူညီသည့် အပြင် ဆဲလ် နံရံတွေ ခိုင်မာ အားကောင်း လာစေရန်လည်း ကူညီပါတယ်။ ဤသို့ဖြင့် ပို၍ ပို၍ ခိုင်မာ အားကောင်း တဲ့ ပျိုးပင်များကို ဖြစ်ပေါ်စေ ပါတယ်။ အကောင်ဆုံး ရလဒ်များ အတွက် ထွန်ယက်ထားတဲ့မြေ တစ်ရာ စတုရန်း ပေ မှာ ဆားခါး တစ်ခွက် (၁၂၇ ဂရမ် သို့မဟုတ် မြန်မာ အချိန်အတွယ် အနေဖြင့် ၇.၈၄ ကျပ်သား) ရောနှော ပေးပါ။ သို့မဟုတ် မျိုးစေ့များ မချခင် ကျင်း တခုစီရဲ့ အောက်ခြေမှာ ၁ - ၂ စားပွဲတင် ဇွန်းခန့် မြေဆီလွှာဖြင့် ရောနှော၍ ထည့်ပါ။ ၂။ အဟာရဓါတ် စုပ်ယူမှုကို မြှင့်တင် ပေးတယ် ???????????? စီးပွားဖြစ်ထုတ်လုပ်တဲ့ ဓါတ်မြေသြဇာ အများအပြားမှာ အပင် အမြစ်တွေ အနေနဲ့ အဓိကကျတဲ့ အဟာရ ဓါတ်များ ဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဖေါ့စဖေါရပ်၊ ဆာလ်ဖါ တို့ကို ဆွဲယူရာမှာ ကူညီဖို့ မဂ္ဂနီစီယမ်ကို ထည့်ထား ပါတယ်။ သူတို့ရဲ့ ဥယျာဉ်တွေကို အစာ ကြွေးဖို့ အော်ဂဲနစ် ပစ္စည်းများ အားလုံးကို အသုံးပြုသူများ အတွက် မြေဆီလွှာထဲကို ဆားခါး ထည့်ပေးခြင်းဟာ သဘာဝ အလျောက် စုပ်ယူခြင်းကို တိုးတက်စေ ပါလိမ့်မယ်။ ဒါက စီမံထားတဲ့ဓါတုဗေဒ မြေသြဇာတွေအား လိုအပ်ချက်ကို ဖယ်ထုတ် ပစ်ပါတယ်။ ၃။ အပင် ရွှေ့စိုက်ခြင်း(ကြောင့် ဖြစ်တဲ့) ဒဏ်ကို လျှော့ချ ပေးတယ် ???????????? အိုးသေး ကနေ အိုးကြီး ဆီသို့၊ (အိမ်)အထဲ ကနေ အပြင်သို့ သို့မဟုတ် ဂရီးန် ဟောက်စ် ကနေ မြေကြီး ဆီသို့ အပင်တွေ နဲ့ ပျိုးပင်လေးတွေကို ကျွန်တော်တို့ ရွှေ့ချိန်မှာ သူတို့ ညိုးနွမ်းသွားကြပုံကို ကျွန်တော်တို့ အားလုံး မြင်တွေ့ ခဲ့ဘူး ကြ ပါပြီ။ အပင်တွေ ဝန်းကျင်သစ်မှာ ရောက်သည်နှင့် တပြိုင်နက် ဒဏ်ရာ ရတဲ့ အမြစ်တွေ ပြောင်းရွှေ့ဒဏ်ကို ကျော်လွှားနိုင်စေရန် ကူညီဖို့ အတွက် ရွှေ့စိုက်ချိန်မှာ ဆားခါး ကြွေးပေးခြင်းကို စမ်းကြည့်ပါ။ အမြစ်တွေက ပြင်းအားမြင့်တဲ့ အနေအထားမှာ ရှိတဲ့ ဆားခါး ဓါတ်သတ္ထု နဲ့ တိုက်ရိုက် မထိတွေ့စေရန် ကျင်းထဲမှာ ဖြူးးထဲ့လိုက်တဲ့ ဆားပေါ်မှာ မြေဆီလွှာ တထပ် ထည့်ပေးဖို့ သတိယပါ။ ၄။ အရွက်တွေကို ပိုစိမ်းစေတယ် ?????????? လုံလောက်တဲ့ မဂ္ဂနီစီယမ် ရရှိ မနေကြတဲ့ အပင်တွေကို သူတို့ရဲ့ ဝါနေတဲ့ အရွက်တွေကို မြင်ရခြင်းဖြင့် သိရှိ နိုင်ပါတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ မဂ္ဂနီစီယမ် ဟာ ကလိုရိုဖီး ထုတ်လုပ်ရာမှာ မရှိမဖြစ် ပါဝင်ရတဲ့ အရာ တစ်ခု ဖြစ်လို့ ပါပဲ။ သင့် အပင်တွေ ပို ကျန်းမာတဲ့ အရွက်တွေ ရရှိဖို့ အပင်တွေ တဝိုက်မှာ ဆားခါး ဖြူးခြင်းကို စမ်းကြည့်ပါ။ အပင်ရဲ့ အမြင့် ၁၂ လက္မ တိုင်းအတွက် တစ်လ တစ်ကြိမ် စားပွဲတင်ဇွန်း ၁ ဇွန်းခန့် နှုန်းဟာ သင့် ဟင်းသီးဟင်းရွက် ဥယျာဉ်ထဲက အပင်တွေ သာမက သင် စိမ်းစို စေခြင်သည့် မည့်သည့် သစ်ပင်တွေ၊ ချုံဖုတ်တွေ၊ ပန်းပင်တွေ နဲ့ မြက်ပင်တွေကို မဆို အကျိုး ရှိစေ ပါမယ်။ ၄။ အရွက် တွန့်လိမ်ခြင်းကို တားဆီးတယ် ??????????? အရွက် တွန့်လိမ်ခြင်းဟာ လဲပဲ အပင်တွေထဲမှာ မဂ္ဂနီစီယမ် ချို့တဲ့မှုကြောင့် ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ ဒီ ကိစ္စမှာ လဲပဲ နာမကျန်းတဲ့ အပင်ရဲ့ အခြေ တဝိုက်က မြေဆီလွှာထဲကို ဆားခါး ထဲ့ပေးပါ။ တခြား နည်းလမ်း အနေနဲ့ ပိုမို မြန်ဆန်တဲ့ စုပ်ယူမှု အတွက် ဆားခါး စားပွဲတင် ဇွန်း ၂ ဇွန်းကို ရေ တစ် ဂါလန် ထဲသို့ ရောနှောထည့်ပြီး အရွက်တွေကို တိုက်ရိုက် သင် ဖြန်း ပေး နိုင် ပါတယ်။ ၆။ ဥယျာဉ် ပိုးမွှားတွေကို တားဆီးတယ် ?????????? ဆားခါးဟာ အိမ်သုံးဆား (ဆိုဒီယမ် ကလိုရိုက်) ကဲ့သို့ ပက်ကျိများ နဲ့ ခရုများအား ရေဓါတ် ခန်းခြောက် စေခြင်း မပြုလုပ်နိုင်သော်လည်း ပိုးမွှားများကို တားဆီးဖို့တော့ အသုံးပြု နိုင် ပါသေးတယ်။ ရေဓါတ်ဝင်နေတဲ့ မဂ္ဂနီစီယမ် ဆာလဖိတ် ပုံဆောင်ခဲ(လေး)တွေဟာ ချွန်ထက်နေပြီး အပင်များ တဝိုက်မှာ ဖြူးထား စဉ်မှာ သူတို့ဟာ diatomaceous earth (ခရု နဲ့ ပက်ကျိတို့ ကို ရှင်းဖို့ သုံးတဲ့ ကျောက်မှုံ့ တမျိုး) နဲ့ အတော်ကြီး တူညီစွာပင် အလို မရှိတဲ့ အကောင်တွေရဲ့ ကိုယ်ခန္ဓာ နဲ့ ခြေထောက်တွေကို ကုတ်ချစ် မိစေပြီး ကျိန်းစပ်ကာ အနေရ ခက်စေ ပါတယ်။ (ဆားခါးဟာ ရေမှာ အလွန် လွယ်ကူစွာ ပျော်ဝင် တတ်တာကြောင့် မိုးနဲနဲ ပဲရွာရွာ များများ ပဲ ရွာရွာ မိုးရေက ၎င်းတို့ကို ဆေးချ သွားမှာပဲ ဆိုတာကို မှတ်သားထားဖို့ လိုပါတယ်။) ၇။ ပိုချိုတဲ့ အသီး သီးတယ် ???????? အပင် တစ်ပင်ရဲ့ ဘဝ စက်ဝန်းမှာ မျိုးမှုန့် ထုတ် ပေးတဲ့ အင်္ဂါများ ထုတ်လုပ် ရခြင်း (တနည်းအားဖြင့် အသီး သီးရတဲ့ အလုပ်) ဟာ အခက်ခဲ အပင်ပန်းဆုံး လုပ်ငန်းစဉ် ဖြစ်ပါတယ်။ အပင် ဆဲလ်တွေ အတွင်းက ကလိုရိုဖီး အဆင့်တွေကို မြှင့်တင်ဖို့ အတွက် အထက်မှာ တင်ပြခဲ့သည့် တူညီသော နည်းလမ်းများ နဲ့ အရေအတွက်များ ကို အသုံးပြုလျက် သစ်သီး နဲ့ အခွန်မာ ပင်တွေ၊ ခြုံပင်တွေ နဲ့ နွယ်ပင်တွေ အတွက် ဆားခါး အသုံးပြုပါ။ မြှင့်တင်ထားတဲ့ စွမ်းရည် ဆိုတာက သကြားပိုများစေတာကို ဆိုလိုပြီး ၎င်းက အပင်အား ပိုချိုတဲ့ ပိုကျန်းမာတဲ့ အသီးကို ထုတ်လုပ် စေနိုင် ပါတယ်။ ၈။ ပို အရသာ ရှိတဲ့ ခရမ်းချင်သီးတွေ ?????????? ခရမ်းချင် နွယ် တွေဟာ ဥယျာဉ်တွင်း မှာ တွေ့နေကြ "အသီး နဲ့ အပင်အရွယ် အချိုး" မှာ သာမန် ပျမ်းမျှ ထက် ကြီးမားတဲ့ လက်တစ်ဆုပ်စာ သော ခြံတွင်းနေ အပင်မျိုးတွေထဲက တစ်မျိုး ဖြစ်ပါတယ်။ သူတို့ဟာ မဂ္ဂနီစီယမ် ချို့တဲ့မှု ရှိနိုင်ခြေ မြင့်မားဖို့ ပိုများပါတယ်။ ဒီ အကြောင်း ကြောင့် မကြာမကြာ ဆိုသလို ခရမ်းချင်ပင်တွေကို အခြား အပင်တွေထက် ဆားခါး နှစ်ဆ ကျွေးပေး သင့်ပါတယ်။ နောက်တခုကလည်း ခရမ်းချင် နွယ်များဟာ ကယ်လဆီယမ် ချို့တဲ့ / (ခရမ်းချဉ် ထိပ်ပုတ် ရောဂါရ) တတ်တာကြောင့် ခရမ်းချင် အတွက် ထုတ်တဲ့ ဓါတ်မြေ သြဇာ အများစုဟာ ကယ်လဆီယမ် ပါကြပြီး ၎င်းက အမြစ်မှ အစာ စုပ်ယူမှုမှာ မဂ္ဂနီဆီယမ် နဲ့ ယှဉ်ပြိုင် ပါလိမ့်မယ်။ ထို့ကြောင့် ဤ အပင်များသို့ မဂ္ဂနီစီယမ် ပေးဝေခြင်း အတွက် အရွက်ကို အစာကျွေးခြင်းက ပိုမို ထိရောက်သည့် နည်း ဖြစ်ပါတယ်။ ခရမ်းချင်ပင်နွယ်များကို ရေ တစ် ဂါလန် လျင် ဆားခါး စားပွဲတင် ဇွန်း နှစ်ဇွန်း ထည့်ဖျော်၍ ရက်သတ္တပတ် နှစ်ပတ်ကြာတိုင်း တကြိမ် လောင်း ပေးပါ။ ၉။ ပိုမို များပြားတဲ့ (ပန်း) ငရုတ်သီးတွေ ?????????? ငရုတ်ပင်တွေဟာ အသီး နဲ့ အပင် အရွယ် အချိုး ပုံမှန်ထက် မြင့်မားသော နောက်ထပ် လူကြိုက်များတဲ့ ဥယျာဉ် အပင် တစ်မျိုး ဖြစ်ပါတယ်။ ထို့ အတွက်ကြောင့် အသီးတွေ ပိုကြီးပြီး အထွက်လည်း ပိုကောင်းစေဖို့ သူတို့ကိုလည်း နှစ်ပါတ် ကြာတိုင်း တစ်ကြိမ် မဂ္ဂနီစီယမ် ကျွေးသင့် ပါတယ်။ စပ်တဲ့ ငရုတ်သီးများ အတွက် ရေ ပိုလောင်းမိခြင်းဟာ ငရုတ်သီးတွေကို အစပ် လျော့ စေနိုင် ပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ မြေဆီလွှာ ပြုပြင် နည်းလမ်း က လိုလား ဖွယ်ရာ ဖြစ်လာ နိုင်ပါတယ်။ အပင် အမြင့် တစ်ပေတိုင်း အတွက် သင့် ငရုတ်ပင်များ ရဲ့ ရေ အစက်ချ လိုင်း တဝိုက်မှာ ဆားခါး စားပွဲတင် ဇွန်း တစ် ဇွန်း ရက်သတ္တပတ် တစ်ပါတ်လျင် တစ်ကြိမ် ဖြူးပေးပါ။ ၁၀။ လှပဝေဆာသော နှင်းဆီပန်းတွေ ?????????? ဘာကြောင့်များ သင့် အိမ်နီးချင်းရဲ့ နှင်းဆီချုံတွေက သင့်ချုံတွေထက် ပိုထူထဲပြီး သိပ် များတဲ့ အပွင့်တွေ ဆင်မြန်း ထားတာလဲလို့ သင် သိချင်မိ ဘူးသလား? အဖြေကတော့ ဆားခါးလို့ ဖြစ်ဖို့ များပါတယ်။ ၎င်းဟာ နှင်းဆီပင်တွေကို ပိုမို ကြီးမားတဲ့ အပွင့်တွေ ပိုပြီးများများ ထုတ်လုပ်ဖို့ ကူညီတာတင် မကပဲ အပင်ခြေ ကနေ ပင်စည် အသစ်တွေ ကြီးထွားခြင်း မှာလည်း မဂ္ဂနီစီယမ်ဟာ အထောက်အကူ ပြုတယ် ဆိုတာကို အောင်မြင်တဲ့ နှင်းဆီ ဝါသနာအိုး စိုက်ပျိုးသူ အများက သဘောတူကြ ပါလိမ့်မယ်။ နောက်ပြီးတော့လည်း အမှန်ပါပဲ ဆားခါးဟာ ကလိုရိုဖီး ထုတ်လုပ်ခြင်း ကို တိုးမြှင့်ပေးတယ် ဆိုတာ။ အဲ့ဒါကပိုရင့်မှောင်တဲ့ အရွက်တွေကို ဆိုလိုတာပေါ့။ အမြင့်ဆုံး အကျိကျေးဇူး အတွက် နှင်းဆီပင်တွေကို အနိမ့်ဆုံးအားဖြင့် စိုက်သည့် အချိန်မှာ ဆားခါး ကျွေးသင့် ပါတယ်။ ထို့နောက် ပထမဆုံး ကြီးထွားမှု အသစ် လက္ခဏာ ပြချိန်မှာ တစ်ခါ နဲ့ ပန်းတွေ အပြည့်အဝ ပွင့်ချိန်မှာ နောက်ထပ် တစ်ခါ ကျွေးသင့် ပါတယ်။ ဗလာကျင်း နေတဲ့ အမြစ်နဲ့ နှင်းဆီပင်များကို မစိုက်ခင်မှာ ဆားခါး နဲ့ ဖျော်ထားတဲ့ ရေထဲမှာ စိမ်တာမျိုးလည်း ရှိပါတယ်။ သင့် ဥယျာဉ်ထဲမှာ ဆားခါး အလွန်အကျွံ သုံးမိတယ် ဆိုတာမျိုးက မဖြစ်နိုင် သလောက် ပါပဲ။ မဂ္ဂနီစီယမ် ဆာလဖိတ်ဟာ မျှတသည့် pH ရှိတဲ့ အတွက် သင့် မြေဆီလွှာကို ထိခိုက် စေမှာ မဟုတ် ပါဘူး။ အပင် အားလုံးနီးပါးကို တနည်းနည်းနဲ့ အကျိုးပြုတဲ့ ပါဝင် ပစ္စည်း သုံးမျိုး ဖြစ်တဲ့ ရေ၊ မဂ္ဂနီစီယမ် နဲ့ ဆာလဖာများ အဖြစ်သို့ ပုံဆောင်ခဲတွေဟာ ပြိုကွဲ သွားပါတယ်။ ဆားခါးဟာ အသုံးပြုရတာ အန္တရာယ်ကင်း၊ လွယ်ကူသည့် အပြင် ပြသနာ အမျိုးမျိုးကို ဖြေရှင်းပေးဖို့ မြန်ဆန်စွာ အလုပ် လုပ်ပြီး သင့် ဥယျာဉ်ရဲ့ အထွေထွေ ကျန်းမာရေးကို မြှင့်တင် ပေးပါတယ်။ ဒါ အကုန်ပဲလား ဆိုတော့ မဟုတ်သေး ပါဘူး။ ကျန်းမာရေး သတိရှိတဲ့ တာဝန်ကျေပွန်တဲ့ ဥယျာဉ်မှုး အတွက် ဆားခါးဟာ အကောင်းမွန်ဆုံး လက်နက်တွေထဲက တစ်ခု အဖြစ် ရပ်တည် နေသည့်တိုင် အဖိုးစားနားလည်း မကြီးပါဘူး။ ။