မတ်ပဲ မစိုက်ခင်မှာ ထရိုက်ကိုဒါးမား အရည်ဖြန်းရင် အကျိုးရှိနိုင် မရှိနိုင် သိချင်ပါတယ်
မတ်ပဲမစိုက်ပျိုးမီ မြေဆီလွှာကို ထရိုင်ကိုဒါးမား (Trichoderma) ကြိုတင်ပက်ဖျန်းပေးခြင်းသည် မြေအောင်းမှိုရောဂါပိုးများကို စောစီးစွာ နှိမ်နင်းပေးနိုင်သဖြင့် အလွန်အကျိုးသက်ရောက်မှု ရှိပါတယ်။ ထရိုင်ကိုဒါးမားသည် မတ်ပဲပင်တွင် အဖြစ်များသော အမြစ်ပုပ်၊ ပင်ခြေပုပ်နှင့် ညှိုးသေရောဂါဖြစ်စေသည့် မှိုဆိုးများကို ကြိုတင်ကာကွယ်ပေးသည့်အပြင်၊ မတ်ပဲမြစ်များတွင် နေရာယူကာ အပင်ကြီးထွားမှုကို အားပေးပါတယ်။ ထရိုင်ကိုဒါးမားကို ရေနှင့်သမအောင်ဖျော်ပြီး ထွန်းယက်ပြင်ဆင်ထားသော မြေဆီလွှာပေါ်သို့ ဆေးဖျန်းပုံးဖြင့် နှံ့စပ်အောင် ကြိုတင်ပက်ဖျန်းပေးပါ။ ထရိုင်ကိုဒါးမား ကြိုဖျန်း/ကြဲပက်မည့်အချိန်တွင် မြေဆီလွှာ၌ အစိုဓာတ် အနည်းငယ် ရှိနေရန် လိုအပ်ပါသည်။ အလွန်ခြောက်သွေ့ပူပြင်းသော မြေပေါ်တွင် ဖြန်းပါက မှိုများ သေဆုံးသွားနိုင်ပါသည်။ထရိုင်ကိုဒါးမားကို နွားချေးဆွေး (သို့မဟုတ်) မြေဆွေး ခပ်စိုစိုနှင့် ရောစပ်ပြီး အရိပ်ရနေရာတွင် (၃) ရက်မှ (၅) ရက်ခန့် နှပ်ထားပါ။ ထိုသို့နှပ်ထားခြင်းဖြင့် ထရိုင်ကိုဒါးမားမှိုများ အရေအတွက် သန်းနှင့်ချီ၍ ပွားများလာမည်ဖြစ်ပြီး ၎င်းမြေဆွေးကိုမှ စိုက်ခင်းထဲ ကြိုတင်ကြဲပက်ပေးခြင်းက ပိုမိုထိရောက်မှု ရှိစေပါတယ်။သို့သော် ဓာတုမှိုသတ်ဆေးများ သုံးစွဲထားပါက အနည်းဆုံး (၁၀) ရက်ခန့် ခြားပြီးမှသာ အသုံးပြုသင့်ပါသည်။