ကြီးထွားလာနေတဲ့ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးဈေးကွက်နှင့် ကမ္ဘာတလွှား စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းများ
၂၀၂၃ ခုနှစ် နှစ်ဆန်းကနေ စတင်ပြီး ကမ္ဘာတလွှား စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းများကို အပတ်စဉ် တနင်္လာနေ့တိုင်း တင်ပြလာရာမှာ ဒီတစ်ပတ်မှာတော့ မွေးမြူရေးကဏ္ဍအတွက် မူဝါဒပိုင်းမှာ ကြိုတင်စဉ်းစားစရာ ရရှိလာစေမယ့် စိတ်ဝင်စားစရာ သတင်းသုံးပုဒ်ကို စုစည်းတင်ပြပေးလိုက်ပါတယ်။

ဆင်းရဲတဲ့တိုင်းပြည်တွေနဲ့ မွေးမြူရေးရဲ့ ကောင်းကျိုးဆိုးပြစ်
ဘယ်အရာကိစ္စမဆို အကောင်းနဲ့အဆိုးဟာ ဒွန်တွဲနေတတ်တာ သဘာဝတစ်ခုပါပဲ။ မွေးမြူရေးလုပ် ငန်းဆိုတာလည်း ကောင်းကျိုးဆိုးပြစ်တွေ ယှဉ်တွဲနေတဲ့ သက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုပါ။ ဘယ်လို အကောင်း၊ အဆိုးတွေ ရှိနေသလဲဆိုတာကို သုံးသပ်နိုင်ဖို့ သုတေသီတွေဟာ ဝင်ငွေနည်းနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေက ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး၊ ရှင် သန်နှုန်းနဲ့ အာဟာရပြည့်ဝမှုတွေနဲ့ မွေးမြူရေးလုပ်ငန်းတွေကြားက ဆက်စပ်မှုကို လေ့လာသုတေ သန ပြုခဲ့ကြပါတယ်။
ရလဒ်က စိတ်ဝင်စားစရာပါ။ မွေးမြူရေးလုပ်ကိုင်ခြင်းအားဖြင့် ဆင်းရဲတဲ့နိုင်ငံတွေရဲ့ အာဟာရပြည့်ဝစွာ စားသုံးနိုင်မှုကို အထောက်အကူအများကြီး ပြုစေပေမဲ့ တစ်ဖက်မှာလည်း ရောဂါကူးစက်မှုဆိုတဲ့ဆိုးကျိုးကို မွေးမြူရေးမလုပ်ကိုင်တာထက် ပိုပြီး ခံစားရတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
သုတေသီတွေက electronic database ၁၂ ခုကနေ ရရှိခဲ့တဲ့ အချက်အလက်တွေရယ်၊ ၁၉၉၁ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ နှစ်ပေါင်း ၃၀ အကြား ထွက်ရှိခဲ့တဲ့ သုတေသနစာတမ်းတွေက အချက် အလက်တွေရယ်ကို စုပေါင်းပြီး ခြုံငုံသုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သုံးသပ်ချက် ရလဒ်တွေကို Nutrition Research Review ဂျာနယ်မှာ တင်ပြခဲ့ကြပါတယ်။
“တိရစ္ဆာန်တွေမွေးမြူထားခြင်းဟာ ခန္ဓာကိုယ်ကြီးထွားကြံ့ခိုင်မှုနဲ့ ဆက်စပ်မှုရှိနေသလို၊ အမျိုးသမီးတွေရဲ့ အာဟာရဓာတ်ရရှိနိုင်မှုနဲ့လည်း တိုက်ရိုက်ဆက်စပ်နေတယ်” ဆိုတာကို အနှစ် ၃၀ အတွင်းက သုတေသန စာတမ်းတွေမှာ အထင်အရှားတွေ့ရှိခဲ့ကြရပါတယ်။ လေ့လာခဲ့ကြတဲ့ သုတေသန စာတမ်း ၅ စောင်တိုင်းမှာ အ နည်းဆုံး ၂ စောင်ဟာ အဲဒီအချက်ကို မီးမောင်းထိုးဖော်ပြနေတာကို တွေ့ရှိခဲ့ကြရပါတယ်။
ဒါပေမဲ့ သုတေသီတွေ လေ့လာခဲ့တဲ့ အနှစ် ၃၀ ကာလအတွင်းက သုတေသနစာတမ်းတွေထဲက ကူးစက်ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်တဲ့ စာတမ်းတွေကို ရွေးချယ်လေ့လာကြည့်တဲ့အခါ စာတမ်း ၅ ခုမှာ ၄ ခု က “ကူးစက်ရောဂါတွေဟာ တိရစ္ဆာန်တွေထံကနေစတင်ပြီး လူကို ရေ၊ အစားအသောက်၊ အင်းဆက်ပိုးမွှားတွေကနေတဆင့် ကူးစက်ရောက်ရှိလာကြတယ်” ဆိုတဲ့အချက်ကို ဖော်ပြနေကြောင်း တွေ့ရှိရပြန်ပါတယ်။
ဒါကြောင့် မွေးမြူရေးလုပ်ငန်းတွေနဲ့ လူတွေရဲ့ လူမှုစီးပွားဘဝတွေ၊ အာဟာရတွေကို ဖြည့်ဆည်းပေးနေတဲ့ တပြိုင်နက်တည်းမှာ တိရစ္ဆာန်ကနေ လူကို ကူးစက်လာနိုင်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး တစ်စုတည်းသောကျန်းမာရေး (One Health) ဆိုတဲ့ ချဉ်းကပ်မှုနဲ့ ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ဖို့ မူဝါဒချမှတ်သူတွေမှာ တာဝန်ရှိတယ်လို့ သုတေသီတွေက ထောက်ပြပါတယ်။
ဒီသတင်းကိုတော့ International Livestock Research Institute ကို ကိုးကားပြီး၊ Medical Xpress မှာ ဇန်နဝါရီလ ၁၈ ရက်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ မွေးမြူသူတွေကိုယ်တိုင် သတိပြုမိနိုင်ဖို့နဲ့ တာဝန်ယူထားသူတွေ အမှန်တကယ် တာဝန်ယူနိုင်စေဖို့ ရည်ရွယ်ပြီး စိတ်ဝင်စားဖွယ်သတင်းတစ်ပုဒ်အဖြစ် တင်ဆက်လိုက်ရပါတယ်။
အင်ဒိုနီးရှားရဲ့ မွေးမြူရေးကဏ္ဍမှာ အတားအဆီးဖြစ်လာနေတဲ့ အရေပြားအကျိတ်နာရောဂါ
အင်ဒိုနီးရှားနိုင်ငံရဲ့ မွေးမြူရေးကဏ္ဍမှာ ခွာနာလျှာနာရောဂါ (FMD) နဲ့ အရေပြားအကျိတ်နာရောဂါ (LSD) တွေ ဖြစ်တယ်လို့ အင်ဒိုနီးရှား စိုက်ပျိုးရေးဌာနက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ခွာနာလျှာနာရောဂါ အထိုက်အလျောက်ကင်းစင်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၂၂ ခုနှစ်က အနောက် ဂျာဗား ပြည်နယ်အတွင်း ခွာနာလျှာနာရောဂါ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ ကျွဲ၊ နွား၊ သိုး၊ ဆိတ် ကောင်ရေ ထောင်နဲ့ချီပြီး ရောဂါကူးစက်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မွေးမြူရေးအတွက် အတော်လေး စိုးရိမ်စရာဖြစ်ခဲ့တာပါ။ အခုတော့ ရောဂါကို ကောင်းကောင်း ထိန်းချုပ်လာနိုင်ပြီ ဖြစ်ပါတယ်။
ခွာနာလျှာနာရောဂါနဲ့အတူ နောက်ထပ်ဒုက္ခပေးလာနေတဲ့ ရောဂါကတော့ အရေပြားအကျိတ်နာရောဂါလို့ ခေါ်တဲ့ Lumpy skin disease (LSD) ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Yogyakarta ပြည်နယ်ထဲက Sleman ခရိုင်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အရေပြားအကျိတ်ရောဂါ ကာကွယ်ဆေးကို စတင်ထိုးနှံနေပြီ ဖြစ်ပါတယ်။ အဲဒီလို ကာကွယ်ဆေးစတင်ထိုးနှံတဲ့အခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ မွေးမြူရေးနှင့် တိရစ္ဆာန်ကျန်းမာရေးဦးစီးဌာန အတွင်းဝန်တက်ရောက်ခဲ့ပြီး ခရိုင်အာဏာပိုင်တွေထံကို နွားအကောင် ၁၃၀၀ စာ ကာကွယ်ဆေးတွေ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ခရိုင်ထဲမှာ အရေပြားအကျိတ်နာရောဂါကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရောဂါစတင်တွေ့ရှိပြီး တစ်လအကြာမှာ ထိရောက်တဲ့ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းတွေ စတင်နိုင်ခဲ့တာကတော့ ချီးကျူးစရာပဲ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မွေးမြူရေးနှင့် တိရစ္ဆာန်ကျန်းမာရေးဦးစီးဌာန ကတော့ ၂၀၂၃ ခုနှစ်အတွင်းမှာ ကျွဲ၊ နွား အားလုံးကို လွှမ်းခြုံကာကွယ်နိုင်တဲ့ ခွာနာလျှာနာရောဂါနဲ့ အရေပြားအကျိတ်နာရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာလည်း အရေပြားအကျိတ်နာရောဂါ စတင်ဖြစ်ပွားလာနေတာ နှစ်နဲ့ချီ ကြာမြင့်လာနေပြီ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ စတင်တွေ့ရှိခဲ့တဲ့ အဲဒီရောဂါဟာ တဖြည်းဖြည်းနဲ့ မြန်မာပြည်အနှံ့ကို ပျံ့နှံ့ကူးစက်လာနေတာကို တွေ့နေရပါတယ်။ ထိရောက်တဲ့ကာကွယ်ဆေးနဲ့ ကြိုတင်ကာကွယ်နိုင်ပါလျက်နဲ့ တစ်နိုင်ငံလုံး အကာအကွယ်မဲ့ ရောဂါကူးစက်ခံရမယ်ဆိုရင်တော့ စိတ်မချမ်းသာစရာပါပဲ။ အင်ဒိုနီးရှားနိုင်ငံရဲ့ နမူနာကို အတုယူပြီး ထိရောက်တဲ့ တုံ့ပြန်မှုတစ်ခုခုတော့ ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း သတိပြုနိင်စေဖို့ Antara သတင်းဌာနရဲ့ သတင်းကို စိတ်ဝင်စားဖွယ်သတင်းတစ်ပုဒ်အဖြစ် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
ကြီးထွားလာနေတဲ့ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးဈေးကွက်
မွေးမြူရေးတိရစ္ဆာန်တွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ၂၀၂၂ ခုနှစ်အတွင်း အရှိန်အဟုန်နဲ့ ကြီးမားလာခဲ့တယ်လို့ သုတေသနတွေက ဆိုပါတယ်။ ၂၀၂၁ ခုနှစ်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ဒေါ် လာ ၁၆.၉၇ ဘီလီယံ တန်ဖိုးရှိတဲ့ အဲဒီလုပ်ငန်းကဏ္ဍကြီးဟာ ၂၀၂၂ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၁၈.၅၂ ဘီလီ ယံ အထိ ကြီးမားလာတယ်လို့ ဆိုပါတယ်။ ဒါဟာ တစ်နှစ်တာကာလအတွင်း ၉.၁ ရာခိုင်နှုန်း ကြီးထွားလာတာပဲ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်အရောက်မှာ ကြက်ကာကွယ်ဆေးထုတ်လုပ်ရေး တစ်ခုတည်းကတင် ၂၃.၈၃ ဘီလီယံ ရှိလာလိမ့်မယ်လို့လည်း ခန့်မှန်းထားပြန်ပါတယ်။ ဒါဟာ လာမဲ့ ၃ - ၄ နှစ်အတွင်း ဖြစ်ထွန်းလာမဲ့ မွေးမြူရေးကဏ္ဍရဲ့ ကြီးထွားဖွံ့ဖြိုးမှုအနေအထားကို ထင်ဟပ်ပြနေတာပါ။
ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာကတော့ ၂၀၂၁ ခုနှစ်က မွေးမြူရေးတိရစ္ဆာန်ကျန်းမာရေးကဏ္ဍအတွက် အကြီးမားဆုံးဈေးကွက်ဟာ မြောက်အမေရိကဒေသ ဖြစ်ခဲ့ပေမဲ့၂၀၂၆ အထိ ခန့်မှန်းချက်မှာတော့ အလျင်မြန်ဆုံး ကြီးထွားလာမယ့် ဈေးကွက်ဟာ အာရှ-ပစိဖိတ်ဒေသ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။
ဒီအချက်အလက်တွေကိုတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ ထွက်ရှိလာတဲ့ Farm Animal Healthcare Global Market Report 2022: Ukraine-Russia War Impact အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။
အဲဒီ ကိန်းဂဏန်းခန့်မှန်းချက်တွေအရ မြန်မာပါဝင်တဲ့ အာရှ - ပစိဖိတ်ဒေသအတွင်းမှာ မွေးမြူရေးကဏ္ဍဟာ အရှိန်အဟုန်နဲ့ ကြီးထွားဖွံ့ဖြိုးလာဖို့ ရှိသလို၊ ယှဉ်ပြိုင်မှုတွေက ပိုမိုမြင့်မားလာမှာ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံက ဘယ်လိုအနေအထားနဲ့ ယှဉ်ပြိုင်ပွဲထဲမှာ ပါဝင်လာမလဲဆိုတာ ကြိုတင်တွေးဆနိုင်ဖို့ စိတ်ဝင်စားဖွယ်သတင်းတစ်ပုဒ်အဖြစ် တင်ဆက်လိုက်ရပါတယ်။
ဒေါက်တာသက်ခိုင် စုစည်းတင်ပြသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025