ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
စက်တင်ဘာလဆန်းပိုင်းက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်(Chongqing) မြို့ကို မိသားစုနဲ့အတူ ခရီးလေးတစ်ခုထွက်ဖြစ်ရင်း ချုံချင့်မြို့အရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀ ဝန်းကျင်မှာရှိတဲ့ ဝူလုံသဘာဝရှုခင်းဒေသ (Wulong Karst National Geology Park / 武隆喀斯特) ကို သွားရောက်လေ့လာခွင့် ရရှိခဲ့ပါတယ်။
ဝူလုံဆိုတာကတော့ ကမ္ဘာကျော် သဘာဝအံ့ဖွယ် ထုံးကျောက်မြေမျက်နှာသွင်ပြင် (Karst Landscape) ဒေသတစ်ခုဖြစ်ပြီး သဘာဝအတိုင်း ဖြစ်တည်နေတဲ့ ဧရာမကျောက်တံတားကြီးတွေ၊ မတ်စောက်တဲ့ ချောက်ကမ်းပါးကြီးတွေ၊ နက်ရှိုင်းလှတဲ့ မြေကျွံတွင်းကြီးတွေ နဲ့ သဘာဝလှိုင်ဂူတွေ စုဝေးနေတဲ့နေရာပါ။ ၂၀၀၇ ခုနှစ်က ယူနက်စကို (UNESCO) က ကမ္ဘာ့သဘာဝအမွေအနှစ်စာရင်းဝင် (World Natural Heritage) အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
ကျွန်တော် အဓိက ပြောပြချင်မိတာက ဝူလုံ အကြောင်းမဟုတ်ပါဘူး။ ဝူလုံသဘာဝရှုခင်းတွေကြားမှာ တွေ့ရှိခဲ့ရ တဲ့ သစ်ပင်တစ်ပင်ရဲ့ အကြောင်းပါ။
သဘာဝမြေကျွံတွင်းကြီးထဲမှာ လမ်းလျှောက်ရင်း ကျောက်တံတားကြီးတွေရဲ့ အလှကို ခံစားနေချိန်မှာပဲ သစ်ပင်တစ်ပင်ကို အထင်ကရ စိုက်ပျိုးပြီး ပြကွက်တစ်ခုအဖြစ်နဲ့ ပြသထားတာ တွေ့ရပါတယ်။ အနားကပ်ကြည့်တဲ့ အခါ မြန်မာပြည်မှာ အလှဆင်ဘွန်ဆိုင်း (Bonsai) ပင်လေးအဖြစ် မြင်ဖူးသလိုလိုရှိတဲ့ အပင်တစ်မျိုး ဖြစ်တာကို တွေ့ရပါတယ်။ အပင်နဲ့ ပတ်သက်ပြီး ရေးထိုးထားတာတွေကို ဖတ်ကြည့်တော့ Hamamelidaceae မျိုးရင်းဝင် အမြဲစိမ်းချုံပင်အမျိုးအစားဖြစ်တဲ့ Distylium chinense ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်ဘာသာသာစကားနဲ့ 蚊母树 – Wénmǔshù (ဝမ်မူရှု) လို့ခေါ်ပြီး အင်္ဂလိပ်လိုတော့ Chinese Mosquitotree လို့ ခေါ်တယ်လို့ ဆိုပါတယ်။ ဆက်စပ်ပြီး လေ့လာကြည့်တော့ အချို့သောနေရာတွေမှာ Chinese Mosquitomum လို့ ခေါ်တာလည်းတွေ့ရပါတယ်။ တရုတ်ဘာသာစကားအရ蚊 – wén ဆိုတာ ခြင် ပါ။ 母 – mǔ ကတော့ မိခင်ကို ဆိုလိုပါတယ်။树 – shù ကတော့ သစ်ပင်ပါ။ “ခြင်ရဲ့မိခင်အပင်” လို့ လုံးကောက်ဘာသာပြန်ရမှာပါပဲ။ ဒါကြောင့်လည်း တချို့က အင်္ဂလိပ် ဘာသာနဲ့ Chinese Mosquitomum လို့ ခေါ်ကြတာဖြစ်မယ် ထင်ပါတယ်။
ပထမတော့ ခြင်တွေကြောက်တဲ့အပင်မျိုး၊ ခြင်နိုင်တဲ့အပင်မျိုး ဖြစ်မယ်လို့ ထင်ခဲ့မိပါသေးတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။
ဟိုးရှေးရှေးတုန်းကတော့ တရုတ်တွေက ခြင်တွေဟာ အဲဒီ ဝမ်မူရှု အပင်ကနေ ပေါက်ပွားလာကြတယ်လို့ ယူဆခဲ့ကြတယ်လို့ ဆိုပါတယ်။ ဖြစ်ပုံက ဒီလိုပါ။
အဲဒီအပင်ရဲ့ အရွက်တွေပေါ်မှာ ပျပိုး (Gall aphids) တို့လို အင်း ဆက်ပိုးမွှားလေးတွေနေကြပြီး အရွက်တစ်သျှူးတွေအတွင်းမှာ ဥဥချကြပါတယ်။ အဲဒီအခါ အပင်ဆဲလ်တွေဟာ ပုံ မှန်မဟုတ်တဲ့ လှုံ့ဆော်မှုတွေ ရရှိပြီး ဖောင်းကြွကြီးထွားလာကြတယ်လို့ ဆိုပါတယ်။ အင်းဆက်ပိုးလောင်းလေးတွေဟာ အဲဒီ အဖုတွေထဲမှာ ခိုလှုံကြီးပြင်းကြပြီး အကောင်ကြီးဖြစ်လာတဲ့အချိန်မှာ အပေါက်ဖောက်ပြီး အပြင်ကို ပျံ သန်းထွက်ခွာသွားကြပါတယ်။ ဒါကို လူတွေက ခြင်တွေလို့ ယူဆပြီး ဒီသစ်ပင်ကနေ ခြင်တွေ ပေါက်ပွားလာကြတာ ဖြစ်မယ်လို့ ယူဆခဲ့ကြတာပါ။ ဒါနဲ့ပဲ ခြင်တွေရဲ့မိခင်အပင် (ဝမ်မူရှု) ဆိုတဲ့အမည်ကို ရရှိခဲ့တာပါ။ တကယ်တော့ ဒီ အပင်နဲ့ ခြင် တွေ ဘယ်လိုမှ မပတ်သက်ပါဘူး။
ဒီအပင်ကို ဘယ်လိုခေါ်သလဲ ဆိုတာထက်ပိုပြီး အလေးထားဆွေးနွေးလိုတာက ဝမ်မူရှု အပင်ကို “တရုတ် နိုင်ငံ၏ ဒုတိယအဆင့် အမျိုးသားအဆင့် ကာကွယ်စောင့်ရှောက်ထားသည့် မျိုးသုဉ်းလုနီးပါး ရှားပါးအပင် (China National Class II Protected Endangered Plant)” တစ်မျိုးအဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းကာကွယ်ထားတယ် ဆိုတဲ့ အချက်ပါ။
ဝမ်မူရှု ဟာ အမြစ်စနစ် အလွန်ခိုင်မာပြီး ရေကြီးရေလျှံမှုနှင့် ရေအောက်နစ်မြုပ်မှုဒဏ်ကို ကာလရှည် ခံနိုင်ရည်ရှိပါတယ်။ ချုံချင့်ဒေသမှာ အဓိကအားဖြင့် ယန်စီမြစ်နဲ့ သူ့ရဲ့မြစ်လက်တက်တွေတစ်လျှောက် မတ်စောက်တဲ့ တောင်စောင်းတွေ၊ ကျောက်ကမ်းပါးတွေမှာ ပေါက်ရောက်တယ်လို့ သိရပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၅၀ အတွင်း ရေမျက်နှာပြင်အတက်အကျရှိတဲ့ နေရာတွေမှာ ရှင်သန်ပေါက်ရောက်တယ်လို့လည်း သိရပါ တယ်။ တနည်းအားဖြင့်တော့ ဝမ်မူရှုတွေဟာ ယန်စီမြစ်နဲ့ မြစ်လက်တက်တွေတစ်လျှောက် မြစ်ကမ်းပါးယံတွေကို ထိန်းသိမ်းထားပေးတဲ့ အပင်တွေ ဖြစ်ပါတယ်။
ဝမ်မူရှုပင်တွေက ယန်စီမြစ်ရဲ့ သက်တမ်းကို ထိန်းထားပေးတယ်လို့လည်း ပြောနိုင်ပါတယ်။
ဒါပေမယ့် အခုတော့ အဲဒီအပင်တွေဟာ မျိုးသုဉ်းဖို့အန္တရာယ်ရှိတာကြောင့် အစိုးရက ထိန်းသိမ်းကာကွယ် နေရတဲ့ အခြေအနေကို ရောက်နေပါတယ်။
၁၉၉၄ ခုနှစ်မှာ တရုတ်အစိုးရက ယန်စီမြစ်ပေါ်မှာ လျှိုမြောင်သုံးသွယ် ရေလှောင်တမံ (三峡 ဆန်းရှား - Three Gorges Dam) ကို တည်ဆောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ဖွင့်လှစ်ပါတယ်။ အဲဒီ ရေလှောင်တမံကြီးကြောင့် အကျိုးရော အပြစ်တွေပါ ရရှိခဲ့ပါတယ်။
ထင်ရှားတဲ့အကျိုးကျေးဇူးအနေနဲ့ကတော့ အဲဒီ ရေလှောင်တမံကြီးကနေ လျှပ်စစ်ဓာတ်အား ၂၂,၅၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီး၊ တရုတ်ပြည်သူတွေရဲ့ စီးပွားရေးဖွံ့ဖြိုးဖို့၊ လူနေမှုဘဝအဆင့်မြင့်မားဖို့ အထောက်အကူပြုနိုင်ခဲ့တာပါ။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရေအားလျှပ် စစ်ထုတ်လုပ်ရေးစက်ရုံ ၃၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၁၂ ရုံ ရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်စွမ်းက ၆၇၂၅ မဂ္ဂါဝပ် ရှိတယ်လို့ သိရပါတယ်။ ဒါ ကြောင့် လျှိုမြောင်သုံးသွယ်ရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်းက မြန်မာတစ်ပြည်လုံးထုတ်လုပ်နိုင်စွမ်းထက် ၃ ဆကျော် ပိုပြီး မြင့်မားတဲ့သဘောပါ။
အဲဒီလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကြောင့် ရုပ်ကြွင်းလောင်စာတွေ အသုံးပြု ရမှု လျှော့ချနိုင်ပြီး ဂေဟစနစ်ကို အကျိုးပြုပြန်ပါသေးတယ်။
ဒါ့အပြင် မြစ်အောက်ပိုင်းဒေသတွေမှာ သမိုင်းတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရတဲ့ ရေကြီးရေလျှံမှုတွေကို ထိန်းချုပ်နိုင်ခဲ့သလို၊ မြစ်ကြောင်းတစ်လျှောက် ရေကြောင်းပို့ ဆောင်ရေးစနစ်ကိုလည်း ပိုမိုထိရောက်အောင် အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဆိုးကျိုးတွေ ရှိနေပြန်ပါတယ်။ ရေလှောင်ကန် ဧရိယာကြောင့် မြို့ရွာပေါင်းများစွာ ရေ နစ်မြုပ်ခဲ့ရပြီး လူဦးရေ ၁ ဒသမ ၃ သန်းကျော် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပါတယ်။ အများစုက ချုံချင့်မြို့ကို ရွှေ့ ပြောင်းလာကြရတာပါ။
တစ်ချိန်တည်းမှာ ရေလှောင်ကန် ဧရိယာထဲမှာရှိနေတဲ့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွေ ရေအောက် ရောက်သွားခဲ့ရပါတယ်။ ဒါ့အပြင် ဒေသရင်း တောရိုင်းတိရစ္ဆာန်တွေနဲ့ ရှားပါးအပင်တွေရဲ့ မူလနေထိုင်ရာဒေသတွေ ပျက်စီးခဲ့ရပါတယ်။ ဝမ်မူရှု အပင်တွေဟာ အဲဒီလိုနည်းနဲ့ မျိုးသုဉ်းဖို့အန္တရာယ်ရှိတဲ့အဆင့် ကို ရောက်လာခဲ့ရတာပါ။
နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ ရေထုထည်ပမာဏ အလွန်ကြီးမားတာကြောင့် တမံပြိုကျမှုတွေနဲ့ ငလျင်လှုပ်ခတ်နိုင်ခြေအန္တရာယ်တွေအပေါ် သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက စဉ်ဆက်မပြတ် စောင့်ကြည့် နေကြရပါတယ်။
လျှိုမြောင်သုံးသွယ်ရေလှောင်တမံကြီး တည်ဆောက်မှုမှာ အကျိုးတွေရော၊ အပြစ်တွေရော ရှိနေပြီး အဲဒီ အကျိုးနဲ့ အပြစ်တွေကို ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတာ အတော်ကို ပညာသားပါသလို၊ အရေးလည်းကြီးပါတယ်။ အခု ဆွေးနွေးတင်ပြချက်ကတော့ ရေလှောင်တမံကြီး တည်ဆောက်ထားတာ ကောင်းတယ်၊ မကောင်းဘူး ဆိုတာကို အာရုံစိုက်ဆွေးနွေးလိုတာ မဟုတ်ပါဘူး။

လိုရင်းကို ဆက်ရရင် ဝမ်မူရှုပင်တွေဟာ ဒေသမျိုးရင်းတွေဖြစ်ပြီး လျှိုမြောင်သုံးသွယ် ရေလှောင်တမံကြီး ကြောင့် မျိုးသုဉ်းလုဖြစ်ခဲ့ရပါတယ်။ ဒါကို တရုတ်အစိုးရက ပြန်လည်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေရတယ် ဆိုတဲ့ အချက်က အဓိကကျတဲ့အချက်ပါ။ ကျွန်တော် ရရှိလိုက်တဲ့အတွေးကတော့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဂေဟစနစ်ကို ဖျက်စီးမိပြီဆိုရင် အလျင်မြန်ဆုံး ပြန်လည်ပြုပြင်ကုစားဖာထေးသင့်တယ် ဆိုတဲ့အချက်ပါ။
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဇီဝမျိုးစုံမျိုးကွဲအကြွယ်ဝဆုံး (Megadiverse) နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း စက်မှုဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်လုပ်ဆောင်ခဲ့တာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကို ကြီးကြီးမားမား ရင်ဆိုင်ခဲ့ရပါတယ်။ နိုင်ငံအကျိုးတစ်ခုအတွက် အ ခြားအကျိုးတစ်ခုကို ဖျက်စီးသလို ဖြစ်ခဲ့တာပါပဲ။ ဒါပေမယ့် လတ်တလောနှစ်တွေမှာတော့ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန်/အပင်များထိန်းသိမ်းရေး (Conservation) ကို နိုင်ငံတော်အဆင့် မဟာဗျူဟာအဖြစ် ပြောင်းလဲ သတ်မှတ်ပြီး သိသာထင်ရှားတဲ့ စီမံချက်တွေ ချမှတ်ဆောင်ရွက်လာခဲ့တယ် လို့ ဆိုပါတယ်။
ဥပမာအနေနဲ့ကတော့ တရုတ်အစိုးရဟာ စီးပွားရေးတိုးတက်မှုသက်သက်ကိုပဲ ဦးစားပေးတဲ့ မူဝါဒကနေ ၂၀၁၈ ခုနှစ်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ "ကြည်လင်သော ရေနှင့် စိမ်းလန်းသော တောင်များသည် ရွှေတောင် ငွေတောင်များ ဖြစ်သည်" (Lucid waters and lush mountains are invaluable assets) ဆိုတဲ့ အခြေခံအတွေးအခေါ်ကို ထည့်သွင်းပြဋ္ဌာန်းခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံ မြေဧရိယာတစ်ခုလုံးရဲ့ ၂၅ ရာခိုင်နှုန်းကျော် (အထူးသဖြင့် ဂေဟစနစ်အရ အလွန်ထိရှလွယ်တဲ့ ဒေသတွေ၊ ဇီဝမျိုးစုံမျိုးကွဲ ပေါကြွယ်ဝရာ နေရာတွေ) ကို "Red Line" ဇုန် အဖြစ် သတ်မှတ် ထားတယ်လို့ ဆိုပါတယ်။ အဲဒီဇုန်တွေအတွင်းမှာ စက်မှုဇုန်တည်ဆောက်တာ၊ မြို့ပြချဲ့ထွင်တာနဲ့၊ သဘာဝကို ပျက်စီးစေတဲ့ စီးပွား ရေးလုပ်ငန်းတွေကို ဥပဒေအရ အကြွင်းမဲ့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။ ဒါတွေအပြင် အမျိုးသားဥယျာဉ်တွေ တည်ထောင်တာ၊ မျိုးစိတ်တွေကို ထိန်းသိမ်းတာ၊ စတာတွေကိုလည်း လုပ်နေပါတယ်။ ဝမ်မူရှုအပင်ကို ထိန်းသိမ်းထားတာမျိုးပါ။
ဝူလုံသဘာဝရှုခင်းဒေသက သဘာဝမြေကျွံတွင်းကြီးထဲ လမ်းလျှောက်ရင်း တွေ့ခဲ့မြင်ခဲ့ရတဲ့ သစ်ပင်တစ်ပင်က ဂေဟစနစ်ထိန်းသိမ်းရေး သင်ခန်းစာတွေ အမြောက်အများ ပေးနေပါတယ်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုးပွားလာတဲ့ လူဦးရေရဲ့ လူမှုစီးပွားဘဝတွေကို မြှင့်တင်နိုင်ဖို့ အခြေခံအဆောက်အအုံ စီမံကိန်းကြီးတွေကို အ ကောင်အထည်ဖော်ခြင်းဟာ မလွှဲမရှောင်သာတဲ့ လိုအပ်ချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုဖွံ့ဖြိုးရေး နောက်ခံကြောင့်ပဲဖြစ်စေ၊ စီမံကိန်းတွေရဲ့ အရိပ်အောက်မှာ သဘာဝဂေဟစနစ်ကြီးဟာ အနည်းနဲ့အများ ထိခိုက် နစ်နာရလေ့ ရှိတာကို သတိပြုကြရမှာပါ။
ပိုပြီးအရေးကြီးတာက ထိခိုက်သွားတဲ့ ဂေဟစနစ်ကို ဘယ်လိုပြန်လည် ဖာထေးပြုပြင်မလဲဆိုတဲ့ ကျိုးကြောင်းဆီလျော်တဲ့ ကတိကဝတ်နဲ့ လက်တွေ့လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ လျှိုမြောင်သုံးသွယ်ရေလှောင်တမံကြီးရဲ့ အံ့ဖွယ်အင်ဂျင်နီယာ နည်းပညာနဲ့ ခမ်းနားကြီးကျယ်မှု၊ အသုံးတည့်မှုအပေါ် ဂုဏ်ယူခဲ့တဲ့ တရုတ်နိုင်ငံဟာ ရေလှောင်ကန်ကြီးအောက် ပျောက်ဆုံးသွားတဲ့ ဝမ်မူရှုပင်တွေ ပြန်လည်ရှင်သန် နိုင်ဖို့ ကြိုးစားနေရပြီ ဖြစ်ပါတယ်။
ကျွန်တော်တွေ့ခဲ့ရတဲ့ ဝမ်မူရှုသစ်ပင်လေးဟာ "ဖွံ့ဖြိုးရေးဟူသည် သဘာဝတရားကို စတေးခြင်းမဟုတ်ဘဲ သဘာဝတရားနှင့် သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်ခြင်းသာ ဖြစ်ရမည်" ဆိုတဲ့ အမှန်တရားကို မီးမောင်းထိုးပြနေပါတော့တယ်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပဲပွင့်တွေတအားကြွေ နေလို့ ကြည့်လိုက်တော့ အထဲမှာလှေးတွေ့နေရလို့ဆရာ အစီတာမီပရစ်နဲ့ လန်ဘဒါ တစ်ကြိမ် အဘာမက်တင် တစ်ကြိမ် ဝင်ထားပါတယ်ဆရာ လက်ထဲမှာ အစီတာ + လန်ဘဒါ / အဘာမက်တင် / အိမာမက်တင်ဘန်ဇို + လန်ဘဒန် / ဆိုင်ပါသရင် အဲ့ဆေးတွေရှိပါသေးတယ်ဆရာ
U Yan • ဖြေကြားချက် 0 ခု
"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ
Kyaw Aye • ဖြေကြားချက် 2 ခု
ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ
U Than Toe Aung • ဖြေကြားချက် 3 ခု
ပဲတီစိမ်းသီးလုံးဖောက်ပိုးတွေကိုဘာဆေးနိင်လဲဗျပြောခဲ့ကြပါအုံး
SiThu • ဖြေကြားချက် 2 ခု
ကျွန်ုပ်၏ခရမ်းချဥ်ပင်အဲလိုဖြစ်နေ ဘာဆေးဖျန်းရမလဲ
pius • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from Khaing Kyi Thit
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....