တရုတ်မှာ နို့စားနွားမတွေပုံတူမျိုးပွားနိုင်ပြီနှင့် ကမ္ဘာတလွှား စိတ်ဝင်စားဖွယ်မွေးမြူရေးသတင်းများ
ကမ္ဘာတလွှားမှာ ရက်သတ္တပတ် တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ မွေးမြူရေးသတင်းတွေ များစွာအနက် အချို့သတင်းတွေက နည်းပညာရဲ့ ခေတ်ရှေ့ပြေးမှုနဲ့ ပြည်သူလူထုအကျိုး၊ နိုင်ငံ့အကျိုး၊ ကမ္ဘာလောက အကျိုးအတွက် အားတက်ဖွယ် သတင်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အချို့သတင်းတွေကတော့ စိတ်ဓာတ်ကျစရာ အနိဌာရုံတွေ ဖုံးလွှမ်းနေပြန်ပါတယ်။
အခြားတစ်ဖက်မှာတော့ မွေးမြူရေးကဏ္ဍရဲ့ အရေးပါပုံကို သိမြင်တဲ့ လူ့အဖွဲ့အစည်းတွေက မွေးမြူရေးသမားတွေရဲ့ ရေရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြတယ်ဆိုတဲ့ သတင်းတွေလည်း ပါဝင်နေပြန်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်အတွက် ကမ္ဘာတလွှား စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းများကို ဖော်ပြရာမှာတော့ အဲဒီလို မတူညီတဲ့အခြေအနေတွေကို ရောထွေးပြီး သတင်းအသုတ်စုံအဖြစ် တည်ခင်းတင်ဆက်လိုက်ရပါတယ်။
ပုံတူမျိုးပွားနည်းနဲ့ နို့စားနွားမကလုံးတွေ တရုတ်ထုတ်နိုင်ပြီ..

တရုတ်သိပ္ပံပညာရှင်တွေဟာ သာမန်နို့စားနွားမတွေထက် နို့ထွက်နှုန်း အများကြီးပိုကောင်းတဲ့ နွားမတစ်ကောင်ကို ပုံတူမျိုးပွားထားတဲ့ နွားမ (cloned super cow) သုံးကောင်ကို အောင်အောင် မြင်မြင် ထုတ်လုပ်နိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် Global Times သတင်းစာကို ကိုးကားပြီး Business Insider က ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
တရုတ်သုတေသီတွေဟာ အနောက်မြောက်ဒေသ စိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ် (Northwest A&F University) နဲ့ တွဲဖက်ပြီး သုတေသနလုပ်ငန်းတွေ ဆောင်ရွက်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးကာလဖြစ်တဲ့ ဇန်နဝါရီ ၂၃ ရက်မှာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ Ningxia Hui ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အဲဒီနွားလေးတွေကို မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနို့စားနွားငယ်လေး ၃ ကောင်ဟာ တရုတ်နိုင်ငံ တစ်နိုင်ငံလုံးမှာရှိတဲ့ ဖရီရှန်နို့စားနွားမတွေထဲက အကောင်းဆုံးနွားမတွေကို ပုံတူမျိုးပွားထားတာ ဖြစ်ပါတယ်။ အဲဒီ နွားမတွေဟာ တစ်နှစ်ကို နွားနို့ ၁၈ တန် ထုတ်လုပ်ပေးနိုင်ပြီး သူ့ရဲ့သက်တမ်းတလျှောက်မှာ နို့တန်ချိန် ၁၀၀ ကျော် ထုတ်လုပ်ပေးနိုင်တဲ့ နွားမတွေ ဖြစ်ပါတယ်။ အဲဒီ နို့ထုတ်လုပ်မှု ပမာဏဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ ဖရီရှန်နို့စားနွားမတွေရဲ့ ပျမ်းမျှနို့ထုတ်လုပ်မှုထက် ၁.၇ ဆ ပိုပြီး များပြားပါတယ်။
ဒီလို နို့ထွက်နှုန်း အလွန်ကောင်းမွန်တဲ့ super cow တွေကို ရွေးချယ်ပြီး သူတို့နဲ့ တထေရာတည်းတူတဲ့ နွားငယ်လေးတွေကို ပုံတူ မျိုးပွားထုတ်လုပ်နိုင်ခဲ့တာဟာ အနာဂတ် နို့စားနွားမွေးမြူရေးကဏ္ဍအတွက် ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။
အဲဒီ သုတေသနစီမံကိန်းကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ Jin Yaping ရဲ့ အဆိုအရတော့ ဒီ စမ်းသပ်အောင်မြင်မှုဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးအပေါ်မှာ အများကြီး အကျိုးပြုမဲ့သဘော ရှိနေပါတယ်။ တရုတ်နိုင်ငံဟာ နို့စားနွားမွေးမြူရေးနဲ့ ပတ်သက်လို့ နိုင်ငံခြားကို ၇၀ ရာခိုင်နှုန်းလောက် မှီခိုနေရတာပါ။ တစ်နိုင်ငံလုံးမှာ နို့စားနွားမကောင်ရေ ၆.၆ သန်းလောက် မွေးမြူထားပါတယ်။ အဲဒီနွားတွေဟာ နှစ်ပေါင်းများစွာ နိုင်ငံခြားကနေ မျိုးမှာယူတင်သွင်းထားတဲ့ ဟော်စတိန်းဖရီရှန် နွားမတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ နွားမ အကောင်ရေ ၁၀,၀၀၀ မှာ ၅ ကောင်နှုန်းလောက်ပဲ ထုတ်လုပ်မှု အမြင့်မားဆုံးရရှိပြီး ရာသီဥတုနဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို ခံနိုင်ရည်ရှိကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ထိပ်တန်းနွားမတွေရဲ့ မျိုးဗီဇတွေကို ထိန်းသိမ်းပြီး၊ ထုတ်လုပ်မှု အမြင့်မားဆုံးရရှိအောင် ဆောင်ရွက်ဖို့ အတော်ခက်ခဲပါတယ်။
ဒါ့အပြင် အကောင် ၁၀,၀၀၀ မှာမှ ၅ ကောင်သာ ပါဝင်နိုင်တဲ့ ထိပ်တန်းနွားမတွေကို မထိန်းသိမ်းမိဘဲ လက်လွတ်ဆုံးရှုံးသွားတာတွေကလည်း အမြောက်အမြားပါ။ ဒါကြောင့် အခုလို ပုံတူမျိုးပွားနည်းပညာနဲ့ ထိပ်တန်းနွားမတွေကို ပွားများယူထားမယ်ဆိုရင် အများကြီး အကျိုးဖြစ်ထွန်းလာနိုင်ပါတယ်။
Northwest A&F University ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ Super Cow တွေကို ပုံတူမျိုးပွားထားတဲ့ သန္ဓေသားဟာ အခု ပထမအသုတ်မှာ ၁၂၀ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၄၂ ရာခိုင်နှုန်းကို မွေးစားနွားမကြီးတွေဆီမှာ ကိုယ်ဝန်လွယ်ထားကြပြီ ဖြစ်ပါတယ်။ ၁၇.၅ ရာခိုင်နှုန်းကတော့ ရက်ပေါင်း ၂၀၀ ကြာလာတဲ့အထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မျိုးအတွက် ပြည်ပကို မှီခိုရတာကို လျှော့ချဖို့ကြိုးစားနေပြီး လာမဲ့ ၂-၃ နှစ်အတွင်းမှာ Super Cow အကောင်ရေ ၁၀၀၀ ကျော်တဲ့ နွားအုပ်တစ်အုပ်ကို ဖန်တီးတည်ထောင်သွားဖို့ စီစဉ်ထားတယ်လို့လည်း Jin Yaping က ဆိုပါတယ်။
မြန်မာ့အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုဟာ မြန်မာ့မွေးမြူသူများအတွက် စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အဲဒီနိုင်ငံရဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရေး ကြိုးပမ်းအားထုတ်မှုဟာလည်း စိတ်ဝင်တစား လေ့လာရမဲ့ကိစ္စဖြစ်ပါတယ်။ နည်းပညာခေတ်ကြီးထဲမှာ ဘယ်နိုင်ငံနဲ့မှ အဆက်အသွယ်မလုပ်ဘဲ ကိုယ့်တစ်နိုင်ငံတည်း ထီးထီးကြီး နေရစ်ဖို့ဆိုတာ “ပြည်တွင်းဖြစ်ကို အားပေးပါ” ဆိုတဲ့ ဝါဒဖြန့် စာသားလောက်နဲ့ အလုပ်မဖြစ်နိုင်ပါဘူး ဆိုတာကိုလည်း ဒီသတင်းက မီးမောင်းထိုးပြနေတာမို့ မြန်မာ့မွေးမြူသူ များအတွက် စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်အဖြစ် တင်ပြလိုက်ရပါတယ်။
မိုင်းကွင်းထဲက ယူကရိန်း စိုက်ပျိုးမွေးမြူရေးသမားတို့ ဘဝ

စိုက်ပျိုးမွေးမြူရေးသမားတွေရဲ့ ဘဝက ပုံမှန်အခြေအနေမှာကို မလွယ်ကူလှပါဘူး။ စစ်ပွဲတွေဖြစ်ပွားနေတဲ့ အခြေအနေမှာတော့ ပိုလို့တောင် ဆိုးဝါးလှပါသေးတယ်။ ရုရှား - ယူကရိန်း စစ်ပွဲအကြားမှာ အသက်ကို ရင်းပြီး မိုင်းကွင်းထဲ အလုပ်လုပ်နေကြရတဲ့ ယူကရိန်း စိုက်ပျိုးရေးသမား၊ မွေးမြူရေးသမားတွေအကြောင်း သတင်းတစ်ပုဒ်ကို Agriland (www.agriland.ie) က ပြီးခဲ့တဲ့ စနေနဲ့က သတင်းဆောင်းပါးတစ်ပုဒ်ရေးသား ဖော်ပြခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ စာရင်းအင်း အချက်အလက်တွေအရ ယူကရိန်းနိုင်ငံမှာ မြေဧရိယာ စတုရန်း ကီလိုမီတာ ၂ သိန်းခွဲလောက်ဟာ မိုင်းကွင်းတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးအကျယ်အဝန်းရဲ့ ၄၀ ရာခိုင်နှုန်းလောက် ရှိတာပါ။ အထူးသဖြင့်တော့ မွေးမြူရေးသမားတွေဟာ မိုင်းတွေကို ပိုကြောက်နေကြရတယ်လို့ ဆိုပါတယ်။
ယူကရိန်းနိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဝင်ငွေဟာ ဂျီဒီပီရဲ့ ၁၇ ရာခိုင်နှုန်းလောက် ရှိပါတယ်။ စစ်ပွဲကာလအတွင်းမှာ စိုက်ပျိုးမရ၊ မွေးမြူမရနဲ့မို့ တိုင်းပြည်ရော၊ စိုက်ပျိုးမွေးမြူသူတွေပါ ဒုက္ခ ရောက်နေရတာပါ။ ထူးခြားတာကတော့ ယူကရိန်းမှာ စစ်ပွဲကြောင့် နို့စားနွားကောင်ရေ ၂ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီပမာဏဟာ မြန်မာနိုင်ငံမှာရှိတဲ့ နို့စားနွားကောင်ရေ စုစုပေါင်းရဲ့ ၂ ဆ လောက် ဖြစ်ပါတယ်။
ပြည်ပကျူးကျော်မှုကြောင့် စစ်ပွဲဖြစ်ပွားနေရတဲ့ ယူကရိန်းနိုင်ငံက မွေးမြူရေးသမားတွေရဲ့ ဘဝကို စာနာ နားလည်ရင်း ကိုယ့်ပြည်တွင်းက လတ်တလော အခြေအနေတွေကြားမှာ ရုန်းကန်လှုပ်ရှားနေကြရတဲ့ မြန်မာ့မွေးမြူရေးသမားတွေကိုလည်း ပြန်လည်မြင်ယောင်ကြည့်နိုင်ဖို့ စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းတစ်ပုဒ်အဖြစ် မျှဝေတင်ဆက်လိုက်ရပါတယ်။
မွေးမြူရေးသမားတွေကို အခမဲ့ ကျန်းမာရေးစစ်ဆေးပေးတဲ့ အစီအစဉ်

အင်္ဂလန်နိုင်ငံ အနောက်အလယ်ပိုင်းက Shropshire ဒေသလေးမှာတော့ မွေးမြူရေးသမားတွေအတွက် ထူးခြားတဲ့ အစီအစဉ်တစ်ခု စတင်နေပါပြီ။ အဲဒါကတော့ မွေးမြူရေးသမားတွေကို ကျန်းမာရေး အခမဲ့ စစ်ဆေးပေးတဲ့ အစီအစဉ်လေးပါ။ ဘီဘီစီ သတင်းဌာနရဲ့ ဖေဖော်ဝါရီလ ၂ ရက် သတင်းအရ အဲဒီဒေသက တိရစ္ဆာန်တွေကို လေလံတင်ရောင်းချတဲ့နေရာ (နွားပွဲဈေးလိုနေရာ) တစ်ခုဖြစ်တဲ့ (Halls Shrewsbury Livestock Auction Centre) မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ပြီး ဖေဖော်ဝါရီ ၂၁ ရက်အထိ ကျန်းမာရေးစစ်ဆေးပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ကို Shropshire ဒေသအာဏာပိုင်တွေနဲ့ မွေးမြူရေးသမားများသမဂ္ဂတို့က ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။ အခြေခံကျန်းမာရေးစစ်ဆေးမှုတွေကို ပြုလုပ်ပေးပြီး၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးအတွက် ဆွေးနွေး အကြံပေးတဲ့အစီအစဉ်တွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
မွေးမြူရေးလုပ်ငန်းဆိုတာ အခြားလုပ်ငန်းတွေနဲ့ မတူဘဲ အလုပ်ချိန် ကြာမြင့်စွာ လုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ဇီဝလုံခြုံရေးအကြောင်းပြချက်ကြောင့် လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေမှာ မွေးမြူရေးခြံကို တည်ထောင်ကြရတာပါ။ ပြင်ပက ဧည့်သည်ဆောင်သည်တွေလည်း လာချင်တိုင်းလာလို့ မရပါဘူး။ ဒီလို ပတ်ဝန်းကျင်အခြေအနေမျိုးမှာ မွေးမြူရေးသမားတွေဟာ အခြားသူတွေထက် ပိုပြီး ကိုယ်ခန္ဓာကျန်းမာရေး၊ စိတ်ကျန်းမာရေးတွေ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အစိုးရနဲ့ အသင်းအဖွဲ့တွေ ပူးပေါင်းပြီး မွေးမြူရေးသမားတွေ ကျန်းမာရေး စစ်ဆေးဖြစ်အောင် ကူညီပေးတာ ဖြစ်ပါတယ်။
မွေးမြူရေးသမားတွေဟာ လေလံဈေးကို ပုံမှန်လာလေ့ရှိတာမို့ အဲဒီနေရာမှာ ကျန်းမာရေးဌာနက ဝန်ထမ်း တွေက လာရောက်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေကို ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။
အင်္ဂလန်လို နိုင်ငံမျိုးမှာတောင် မွေးမြူရေးသမားတွေဟာ ကျန်းမာရေးထိခိုက်မှု မြင့်မားတယ်ဆိုရင် မြန်မာနိုင်ငံလို နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုမရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံလေးက မွေးမြူရေးသမားတွေမှာလည်း ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေး ထိခိုက်မှုတွေ မရှိဘဲနေမယ်လို့ မထင်ပါဘူး။ ဒါကြောင့် မွေးမြူရေးသမားများအနေနဲ့ မိမိတို့ရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့နဲ့ Shropshire က မွေးမြူရေးသမားများလို အခမဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ရရှိနိုင်ကြစေဖို့ ဆန္ဒပြုရင်း စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်အဖြစ် တင်ပြလိုက်ရပါတယ်။
Ref:
- Holy Cow! China clones three 'Super Cows' to produce milk by the gallons (Business Insider)
- Clones of super cows born in NW China, to help avoid stranglehold in dairy industry: project leader (The Global Times)
- Free health checks for farmers at Shrewsbury livestock auctions (BBC)
- Graphic video: ‘Ukrainian farmers cannot risk their lives on minefields’ (Agriland)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025