အသားတိုးမွေးမြူမည့် နို့စားနွားထီးငယ်များအား ပြုစုပျိုးထောင်ခြင်း - နိဒါန်း
(Dairy-beef calves rearing)
နို့စားနွားမတွေက မွေးဖွားလာတဲ့ နွားငယ်လေးတွေထဲက တစ်ဝက်လောက်ဟာ နွားမလေးတွေ ဖြစ်ပြီး ကျန်တဲ့ တစ်ဝက်လောက်က နွားထီးလေးတွေ ဖြစ်ပါတယ်။
နွားမလေးတွေကို နွားမတမ်းအဖြစ် ဆက်လက်မွေးမြူပြီး နောက်ပိုင်းမှာတော့ နို့စားနွားမကြီးတွေ အဖြစ် ဆက်လက်မွေးမြူကြပါတယ်။ နွားထီးလေးတွေကိုတော့ နို့စားနွားမွေးမြူရေးမှာ ပြန်ပြီးသုံးလို့ မရပါဘူး။
ခြွင်းချက်အနေနဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ နွားထီးလေးတချို့ကို မျိုးနွားသိုးအဖြစ် ရွေးချယ်ပြီး နို့စားနွားမွေးမြူရေးမှာ ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် နို့စားနွားမတွေက မွေးလာတဲ့ နွားထီးလေးတွေကို အသားတိုးနွားအဖြစ် ဆက်လက်မွေးမြူမယ်ဆိုရင် အလားအလာရှိတဲ့ အခြေအနေဖြစ်ပါတယ်။ အဲဒီလို အသားတိုးအဖြစ် မွေးမြူတဲ့ နို့စားနွားထီးငယ်လေးတွေကို “dairy-beef calves” လို့ ခေါ်ပါတယ်။ နို့စားနွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ dairy-beef calves တွေ မွေးမြူခြင်းဟာလည်း အရေးပါတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နို့စားနွားမွေးမြူရေးလုပ်ငန်းဟာ အတိုင်းအတာတစ်ခုအထိ ရှင်သန်နေပါတယ်။ အသားတိုးနွားမွေးမြူရေးလုပ်ငန်းကိုလည်း မြေစမ်းခရမ်းပျိုး စတင်ဆောင်ရွက်လာကြပြီ ဖြစ်ပါတယ်။ နို့စားနွားမွေးမြူရေးလုပ်ငန်းက ထွက်လာတဲ့ နွားထီးလေးတွေကို အသားတိုးနွားအဖြစ် အောင်မြင်ဖြစ်ထွန်းအောင် စနစ်တကျနဲ့ မွေးမြူထုတ်လုပ်နိုင်မယ်ဆိုရင် နို့စားနွားမွေးမြူရေးလုပ်ငန်းအတွက် ဝင်ငွေတိုးလာနိုင်သလို အခြားတစ်ဖက်မှာလည်း အသားထုတ်လုပ်ရေးကဏ္ဍအတွက် အထောက်အကူအများကြီး ရလာနိုင်ပါတယ်။
“အစကောင်းမှ အနှောင်းသေချာ” ဆိုတဲ့ မြန်မာစကားပုံဟာ မွေးမြူရေးလုပ်ငန်းအားလုံးအတွက်လည်း လုံးဝ မှန်ကန်တဲ့ လမ်းညွှန်ချက် ဖြစ်ပါတယ်။ ဒါကြောင့် နို့စားနွားထီးလေးတွေကို အသားတိုးနွားအဖြစ် မွေးမြူထုတ်လုပ်ရာမှာလည်း ဒီစကားပုံက ကွက်တိ မှန်ကန်နေတုန်းပါပဲ။ dairy-beef calves လေးတွေကို မွေးကင်းစကနေ နွားငယ်လေးဘဝတွေကတည်းက စနစ်တကျ ပြုစုစောင့်ရှောက် မွေးမြူမှသာလျှင် အသားတိုးနွားကြီးတွေအဖြစ် ဆက်လက်မွေးမြူတဲ့အခါ ကြီးထွားနှုန်းကောင်းမွန်ပြီး စီးပွားရေးအရ အကျိုးအမြတ် ဖြစ်ထွန်းနိုင်မှာ ဖြစ်ပါတယ်။
နွားငယ်လေးများ ပြုစုပျိုးထောင်ခြင်း (Calf Rearing) ဆိုတာဘာလဲ။

နွားငယ်လေးများ ပြုစုပျိုးထောင်ခြင်း (Calf rearing) ဆိုတာကတော့ “နွားငယ်ကလေး မိခင်ဝမ်းက ကျွတ်ချိန်” ကနေ နောက်ထပ် “၁၂ ပတ်” အကြာ ကာလအထိ နွားငယ်လေးတွေကို ပြုစုစောင့်ရှောက်မွေးမြူရတဲ့ စီမံခန့်ခွဲမှုတွေ အားလုံးကို ခြုံငုံပြီး ခေါ်ဆိုတာဖြစ်ပါတယ်။ အဲဒီအချိန် ၁၂ ပတ်အတွင်းမှာ နွားငယ်လေးတွေကို အစာဘယ်လို ကျွေးမလဲ၊ ဘယ်လို အဆောက်အဦနဲ့ ထားမလဲ၊ ဘယ်လိုစောင့်ရှောက်မလဲ၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာတွေ ဆောင်ရွက်ပေးရမလဲ စသည်ဖြင့် စီမံခန့်ခွဲမှုအမျိုးမျိုး ပါဝင်ပါတယ်။ အဲဒီစီမံခန့်ခွဲမှုတွေကို ဆောင်ရွက်ရာမှာ အဓိကဦးတည်ရမယ့် ရည်ရွယ်ချက်ကတော့ “နို့ဖြတ်ပြီးနောက်မှာ နွားငယ်လေးဟာ ကျန်းမာသန်စွမ်းပြီး အသားတိုးနွားအဖြစ် ကောင်းကောင်းမွန်မွန် ကြီးထွားနိုင်ဖို့” ပဲ ဖြစ်ပါတယ်။
နွားငယ်လေးများ ပြုစုပျိုးထောင်ခြင်း၏ အရေးပါမှု
နို့စားနွားငယ်လေးတွေကို အသားတိုးနွားအဖြစ် မွေးမြူရာမှာ နွားငယ်လေးတွေကို ပြုစုပျိုးထောင်ရတဲ့ ပထမဆုံး ၁၂ ပတ်ဟာ အရေးအကြီးဆုံးကာလ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် -
နွားငယ်လေးတွေရဲ့ အရည်အသွေးနဲ့ သူတို့ကို ပြုစုစောင့်ရှောက်တဲ့ စီမံခန့်ခွဲမှုတွေဟာ အသားတိုးနွားအဖြစ် နောက်ဆုံးရောင်းချတဲ့အချိန်အထိ တောက်လျှောက် သက်ရောက်လွှမ်းမိုးသွားမှာဖြစ်ပါတယ်။
နွားခြံတစ်ခြံမှာ အသက် ၁ နှစ်အောက် နွားငယ်လေးတွေရဲ့ သေဆုံးမှုနှုန်းကို ကြည့်လိုက်ရင် ၅၀ ရာခိုင်နှုန်းကျော်ဟာ အသက် ၆ ပတ်သား မတိုင်မီမှာ သေဆုံးတာ ဖြစ်ပါတယ်။
အဲဒီကာလမှာ ဖြစ်ပေါ်တဲ့ ရောဂါကူးစက်မှုနဲ့ သေဆုံးနှုန်းတွေရဲ့ အကျိုးဆက်အဖြစ် မွေးမြူရေးခြံရဲ့ အမြတ်အစွန်းကို အကြီးအကျယ် ထိခိုက်စေမှာ ဖြစ်ပါတယ်။
ဒါကြောင့် နို့စားနွားထီးလေးတွေကို အသားတိုးအဖြစ် မွေးမြူလိုသူတွေအနေနဲ့ မိမိခြံမှာပေါက်တဲ့ နွားထီးလေးတွေကို မွေးမယ်ဆိုရင် မွေးကင်းစကနေ စတင်ပြီး စနစ်တကျ မွေးမြူစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။
တကယ်လို့ မိမိက အခြားနို့စားနွားခြံက နို့စားနွားထီးလေးတွေကို ဝယ်ယူပြီး အသားတိုးအဖြစ် မွေးမြူမယ်ဆိုရင် တော့ မိမိမွေးမြူမယ့်စနစ်နဲ့ ကိုက်ညီတဲ့ နွားငယ်လေးတွေကို ရွေးချယ်ဝယ်ယူဖို့နဲ့ မိမိခြံကို နွားထီးလေးတွေ ရောက်ရှိလာတဲ့အခါမှာလည်း စနစ်တကျနဲ့ ပြုစုစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ အဲဒီအချက်နှစ်ချက်ဟာ မွေးမြူရေးခြံအောင်မြင်ဖို့နဲ့ အကျိုးအမြတ်ဖြစ်ထွန်းဖို့အတွက် အဓိကသော့ချက်တွေပဲ ဖြစ်ပါတယ်။
နွားကလေးကြီးထွားမှုသီအိုရီ (Growth Theory)
နွားငယ်ကလေးတွေကို ပြုစုစောင့်ရှောက်မှု ဘယ်လောက်အရေးကြီးသလဲဆိုတာကို အကောင်းဆုံး ရှင်းပြပေးနိုင်တာကတော့ “ကြီးထွားမှုသီအိုရီ (Growth theory)” ပဲ ဖြစ်ပါတယ်။

နွားငယ်လေးတွေရဲ့ ကြီးထွားမှုတွေကို ဂရပ်ဖ် ဆွဲကြည့်ရင် အင်္ဂလိပ်အက္ခရာ “အက်စ် (S)” ပုံစံ ထွက်ပါတယ်။
S ပုံ ဂရပ်ဖ်ပေါ်မှာ ပါရှိတဲ့ အဆင့်တစ်ဆင့်ချင်းစီတိုင်းဟာ သူနဲ့ကပ်လျက်နောက်ကပါလာတဲ့ အဆင့်အပေါ် လွှမ်းမိုးသက်ရောက်ပါတယ်။
ဒါကြောင့် မွေးဖွားချိန်မှာရှိတဲ့ နွားငယ်လေးရဲ့ ခန္ဓာကိုယ်အလေးချိန် (birth weight) ဟာ အရွယ်ရောက်ချိန်မှာရှိတဲ့ ခန္ဓာကိုယ်အလေးချိန် (weight at puberty) အပေါ် သက်ရောက်ပါတယ်။ အရွယ်ရောက်ချိန်မှာ ရှိတဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ကြီးရင့်တဲ့အရွယ်မှာရှိတဲ့ အလေးချိန် (weight at maturity) အပေါ်မှာ ဆက်ပြီး သက်ရောက်မှု ရှိပြန်ပါတယ်။
တကယ်လို့ နွားငယ်လေးကို ပြုစုပျိုးထောင်ချိန် (calf rearing) ကာလမှာ စနစ်တကျ စီမံခန့်ခွဲတာမျိုး မလုပ်ခဲ့ရင် ကျန်တဲ့အဆင့်တိုင်း အဆင့်တိုင်းမှာ ပုံမှန်အောက် နိမ့်ကျတဲ့ ကြီးထွားနှုန်းကိုသာ ဆက်ကာဆက်ကာ ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အသားထုတ်လုပ်ဖို့ နောက်ဆုံးရောင်းချချိန်မှာ အကျိုးအမြတ် သိပ်ကိုနည်းပါးသွားမှာ ဖြစ်ပါတယ်။
နွားငယ်လေးများ ပြုစုပျိုးထောင်ရာတွင် ပါဝင်မည့် အဆင့်များ
နွားငယ်ကလေးတွေကို ပြုစုပျိုးထောင်ရမယ့် အချိန် ၁၂ ပတ်ကို အဆင့် ၃ ဆင့် ခွဲခြားပြီး သတ်မှတ်ထားပါတယ်။
အဆင့် ၁
နွားငယ်လေး မွေးဖွားချိန်ကနေ အသက် ၄ ပတ်သားအထိ အဆင့်ဖြစ်ပါတယ်။
အစာအနေနဲ့ အရည်တွေကို အဓိကထားပြီး စားသောက်တဲ့ အချိန်ကာလ ဖြစ်ပါတယ်။ နို့ သို့မဟုတ် နို့အစားထိုးအစာ (milk replacer) ကို တိုက်ကျွေးရပါတယ်။
အစာထဲမှာပါတဲ့ အာဟာရဓာတ်တွေ (အသားဓာတ်၊ ကဆီဓာတ်နဲ့ အဆီ) ကို ချေဖျက်ပြီး ခန္ဓာကိုယ်ထဲကို စုပ်ယူနိုင်ဖို့လိုအပ်တဲ့ အင်ဇိုင်းတွေ နွားငယ်လေးရဲ့ အစာလမ်းကြောင်းထဲမှာ လုံလုံလောက်လောက် ရှိနေပါ သေးတယ်။
အဆင့် ၂
နွားငယ်လေးရဲ့ အသက် ၄ ပတ်ကနေ ၈ ပတ်အထိ ကြားကာလကို အဆင့် ၂ အဖြစ် သတ်မှတ်ပါတယ်။
အစာအိမ် အကန့် ၄ ကန့်အနက် ပထမအကန့်ဖြစ်တဲ့ ရူမင် (Rumen) ဖွံ့ဖြိုးနေရတဲ့ ကာလဖြစ်ပါတယ်။
ဒါကြောင့် နေ့စဉ်ကျွေးမွေးတဲ့အစာထဲမှာ အစိုင်အခဲ (solid) တွေ ပါဝင်ဖို့ လိုအပ်လာပါပြီ။
အစာနု (concentrate) ကို ကျွေးမွေးရမှာ ဖြစ်ပြီး၊ အစာစားနှုန်းဟာ နို့တိုက်နှုန်း၊ နို့အစားထိုးအစာ တိုက်နှုန်းတွေပေါ် မူတည်ပြီး အနည်းအများ ကွာခြားနိုင်ပါတယ်။
ဒါ့အပြင် အစာနုရဲ့ အရသာရှိမှု (palatability) နဲ့ အစာချေနိုင်နှုန်း (digestibility) တွေပေါ်မှာလည်း မူတည်ပြီး အစာစားနှုန်း ကွာခြားနိုင်ပါတယ်။
အဆင့် ၃
အသက် ၈ ပတ် နောက်ပိုင်း ဖြစ်ပါတယ်။
၈ ပတ် နောက်ပိုင်းမှာ နွားငယ်လေးဟာ နို့၊ နို့အစားထိုး အစာအရည်တွေအပေါ် မမှီခိုတော့ပါဘူး။
အစာခြောက်ကို ကောင်းကောင်း စားနိုင်လာပါပြီ။
နို့၊ နို့အစားထိုးအစာအရည်တွေကို မဖြတ်တောက်ခင်မှာ အစာနုကို လုံလုံလောက်လောက် စားတတ်၊ စားနိုင်အောင်တော့ လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။
အသားတိုးအဖြစ် ဆက်လက်မွေးမြူမယ့် နို့စားနွားထီးလေးတွေကို နို့မဖြတ်မီ ၃ ရက်ဆက်တိုက် တစ်ရက် ၁ ကီလိုဂရမ်နှုန်းနဲ့ အစာနု ကျွေးမွေးပေးပါတယ်။
နွားငယ်ပြုစုပျိုးထောင်မှု ကောင်းမွန်စေရန် လိုက်နာရမည့် သဘောတရားများ
နွားငယ်လေးတွေ ပြုစုပျိုးထောင်တဲ့လုပ်ငန်း အောင်မြင်ဖို့အတွက်ဆိုရင် မွေးမြူရေးသမားအနေနဲ့ -
အခြေခံသဘောတရားတွေကို ပိုင်ပိုင်နိုင်နိုင် သိထားရမယ်။
အတွေ့အကြုံရှိရမယ်။ မရှိရင် လေ့လာသင်ယူရမယ်။
ကိုယ်တိုင်က မိမိရဲ့ မွေးမြူရေးခြံအပေါ် စူးစမ်းလေ့လာမှု အားကောင်းရမယ်။
နွားငယ်လေးတွေကို သူတို့ရဲ့ မျိုးဗီဇက ပေးထားတဲ့ ကြီးထွားနိုင်စွမ်းအပြည့် ကြီးထွားနိုင်အောင်၊ ထုတ်လုပ်နိုင်စွမ်းအပြည့် ထုတ်လုပ်နိုင်အောင်၊ နောက်ပြီး သတ်မှတ်ချိန်မှာ သတ်မှတ်အလေးချိန်နဲ့ ထုတ်ရောင်းနိုင်အောင် ဆိုရင် -
နွားငယ်လေးတွေအတွက် သင့်လျော်မှန်ကန်တဲ့ ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးပေးရမယ်။
အကောင်းဆုံး အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးရမယ်။
နွားငယ်ပြုစုပျိုးထောင်မှု ကောင်းမွန်စေဖို့အတွက် လိုက်နာကျင့်သုံးရမယ့် အခြေခံသဘောတရား (၁၀) ချက် (10 principles of good calf rearing) ရှိပါတယ်။ အဲဒါတွေကတော့...
(၁) မှန်ကန်ကောင်းမွန်တဲ့ နွားငယ်ကို ရွေးချယ်/ဝယ်ယူဖို့ လိုတယ်။
(၂) မွေးခါစ နွားငယ်လေးတွေကို နို့ဦးရည် (colostrum) အလုံအလောက် တိုက်ကျွေးပေးရမယ်။
(၃) နွားငယ်လေးတွေကို သယ်ယူပို့ဆောင်တဲ့အခါ၊ ထားသိုမွေးမြူတဲ့အခါ ဒဏ် (stress) ကင်းရမယ်။
(၄) လုံလောက်တဲ့ နေရာထိုင်ခင်း ရှိရမယ်။
(၅) အဆောက်အဦဟာ အကျယ်အဝန်း မှန်ကန်ရမယ်။
(၆) လေဝင်လေထွက် လုံလောက်ကောင်းမွန်ရမယ်။
(၇) နို့၊ နို့အစားထိုးအစာ ကျွေးမွေးမှုပုံစံတွေ မှန်ကန်ရမယ်။
(၈) သောက်ရေ အလုံအလောက် တိုက်ကျွေးပေးရမယ်။
(၉) အစာနု၊ အစာကြမ်း ကျွေးမွေးမှုပုံစံတွေ မှန်ကန်ရမယ်။
(၁၀) အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှု ပေးရမယ်။
ထုတ်လုပ်မှုအညွှန်းကိန်းများ
နို့စားနွားထီးလေးတွေကို အသားတိုးမွေးမြူရာမှာ ခြံတစ်ခြံချင်းစီအလိုက် သင့်လျော်ပြီး၊ လက်တွေ့ကျတဲ့ ထုတ်လုပ်မှုဆိုင်ရာ ရည်မှန်းချက်တွေ ထားရှိဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးဆိုတဲ့ အခြေအနေအဖြစ် သတ်မှတ်ထားတဲ့ ထုတ်လုပ်မှု အညွှန်းကိန်းတွေကတော့
နွားငယ်လေး အသက် ၈ ပတ်သားမှာ မွေးခါစအလေးချိန်ရဲ့ နှစ်ဆရှိရမယ်။ (ဥပမာ မွေးခါစနွားလေးဟာ အလေးချိန် ၄၀ ကီလိုဂရမ် ရှိရင် အသက် ၈ ပတ်သားမှာ အလေးချိန် ၈၀ ကီလိုဂရမ် ရှိရမယ်။
ကြီးထွားနှုန်း (growth rate) ဟာ တစ်ရက်ကို ၇၀၀-၈၀၀ ကီလိုဂရမ် ရှိရမယ်။
၁၂ ပတ်အတွင်း နွားငယ်လေး သေဆုံးနှုန်းဟာ ၃ ရာခိုင်နှုန်းအောက်မှာပဲ ရှိရမယ်။
၁၂ ပတ်အတွင်း နွားငယ်လေး ရောဂါဖြစ်နှုန်း (မကျန်းမမာဖြစ်နှုန်း) ဟာ ၁၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိရမယ်။
အထက်မှာဖော်ပြထားတဲ့ ထုတ်လုပ်မှုအညွှန်းကိန်းတွေဟာ နို့စားနွား၊ အသားစားနွား မွေးမြူရေးတွေ အင်မတန် ဖွံ့ဖြိုးတိုးတက်တဲ့ ဥရောပနိုင်ငံတွေမှာ သမပိုင်းဒေသနို့စားနွားမျိုးစစ် နွားထီးလေးတွေအတွက် သတ်မှတ်ပေးထားတဲ့ ထုတ်လုပ်မှုအညွှန်းကိန်းတွေ ဖြစ်ပါတယ်။ ရာသီဥတုနဲ့ အစာရေစာကြောင့် သမပိုင်းနို့စားနွား မျိုးစစ်တွေ မမွေးမြူနိုင်ဘဲ ကပြားတွေသာ မွေးမြူနိုင်တဲ့ မြန်မာနိုင်ငံလို အပူပိုင်းဒေသနိုင်ငံတွေမှာတော့ သီးခြားစံနှုန်းတွေနဲ့ ချဉ်းကပ်မှ လက်တွေ့ ကျနိုင်ပါလိမ့်မယ်။ အဲဒီလို ထုတ်လုပ်မှုစံနှုန်းတွေ ဘယ်လောက်ထားသင့်တယ်ဆိုတာကို သိနိုင်ဖို့အတွက်ကတော့ တက္က သိုလ်တွေ၊ အစိုးရဌာနတွေက သုတေသနတွေ လုပ်ဆောင်ပြီး ရရှိလာတဲ့အချက်အလက်တွေကို မွေးမြူသူတွေသိအောင် ဖြန့်ဝေပေးရမှာဖြစ်ပါတယ်။
မှတ်သားစရာ သော့ချက်များ
ဒီဆောင်းပါးဟာ အသားတိုးအဖြစ် မွေးမြူမယ့် နို့စားနွားထီးလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတာနဲ့ ပတ်သက်ပြီး နိဒါန်းပျိုးတင်ပြထားခြင်းသာ ဖြစ်ပါတယ်။ တင်ပြချက်တွေအပေါ်ကနေ သော့ချက်အဖြစ် မှတ်သားစေလို တာကတော့
နို့စားနွားငယ်လေးတွေကို အသားတိုးနွားအဖြစ် မွေးမြူရာမှာ နွားငယ်လေးတွေကို ပြုစုပျိုးထောင်ရတဲ့ ပထမဆုံး ၁၂ ပတ် ဟာ အရေးအကြီးဆုံးကာလ ဖြစ်ပါတယ်။
မွေးမြူသူအနေနဲ့ အဲဒီ ၁၂ ပတ်တာကာလအတွင်းမှာ စနစ်တကျ စီမံခန့်ခွဲတာမျိုး မလုပ်ခဲ့ရင် မွေးမြူတဲ့ နွား ရဲ့ ကြီးထွားမှုအဆင့်တိုင်းမှာ ဆက်ခါဆက်ခါ ထုတ်လုပ်မှုညံ့ဖျင်းနေမှာ ဖြစ်ပါတယ်။
ထုတ်လုပ်မှု အကောင်းဆုံးဖြစ်ဖို့အတွက် နွားငယ်လေးတွေအတွက် သင့်လျော်မှန်ကန်တဲ့ ပတ်ဝန်းကျင် အ ခြေအနေကို ဖန်တီးပေးပြီး အကောင်းဆုံး အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးရမယ်။
စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ သေးစိတ်အချက်အလက်တွေကို ဆက်လက်ဖော်ပြမယ့် ဆောင်းပါးတွေမှာ ဆွေးနွေးသွားပါမယ်။
ဒေါက်တာသက်ခိုင်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၅ လ ကနို့ခွဲနွားကလေးကိုအစာနု အစာကြမ်းကျွေးမွေးမှုပုံစံလေးသိချင်ပါတယ်
Min Maung
လွန်ခဲ့သော ၁ နှစ် ကခိုင်းနွားအထီးတွေကိုအသားတိုးစေနည်းအစာအာဟာရပိုင်းအချက်အလက်အစုံသိချင်ပါတယ်
ဦးတင်မျိုးဝင်း
လွန်ခဲ့သော ၃ နှစ် ကနိူ့စားနွားမ(5)ကောင်မွေးချင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025