စိုက်ပျိုးသုတ ဖေဖေါ်ဝါရီလ

01/02/2022 19:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ရာသီဥတုမှာ ဖေဖေါ်ဝါရီလတွင် အအေးစတင်လျော့တော့မည်။ မိုးကြိုသီးနှံများ အထူးသဖြင့် ပဲတီစိမ်း၊ နှမ်းလျင်နှင့် အခြားမိုးကြိုယာသီးနှံများ စတင်စိုက်ပျိုးရန် အကောင်းဆုံး အချိန်ဖြစ်ပါသည်။ 

မိုးကြိုသီးနှံများကိုစိုက်ပျိုးကာ ရိတ်သိမ်းပြီးလျှင် သီးနှံထုတ်လုပ်မှုတိုးတက်ရေးအတွက် မိုးစပါးကို ဆက်လက်စိုက်ပျိုးနိုင်သည်။ နှစ်သီးစားသီးနှံပုံစံဖြစ်မည်။ အကယ်၍ တတိယသီးနှံ တစ်မျိုးမျိုးကို ဆက်လက်စိုက်ပျိုးနိုင်သေးလျှင် သုံးသီးစားသီးနှံပုံစံဖြစ်မည်။ မိုးကြိုသီးနှံ ကြောင့် သီးနှံစိုက်စွမ်းအားမြင့်မားပြီး လယ်ယာဝင်ငွေတိုးစေနိုင်မည် ဖြစ်ပါသည်။

သွင်းရေရရှိရေး

မိုးကြိုရာသီစိုက်ယာသီးနှံများတွင် ပဲတီစိမ်း၊ နှမ်းလျင်၊ ချည်မျှင်ရှည်ဝါစသည့် သီးနှံများ ပါဝင်သည်။ မိုးရာသီချိန်မဟုတ်သဖြင့် မိုးကိုမျှော်ကိုးလို့မရပါ။ မိုးကြိုသီးနှံများ စိုက်ပျိုးအောင် မြင်ရန် လိုအပ်သောရေအစိုဓာတ်အတွက် သွင်းရေကိုသာ အားကိုးရတော့မည်။ ဆည်ရေ၊ မြစ်ချောင်းရေ စသည့်သွင်းရေရရှိမှသာ စိုက်ပျိုးရန် ဖြစ်ပါသည်။ 

ယာသီးနှံများအတွက် ၁။ထွန်ရေးပြုပြင်ဖို့ ရေသွင်းရန်လိုသည်။ ၂။သီးပွင့်ချိန် အစိုဓာတ်ရှိ နေစေဖို့ ရေသွင်းရန်လိုသည်။ မြေတွင်းအစိုဓာတ် တည်ရှိနေစေရေးအတွက် အနည်းဆုံး ထိုနှစ်ချိန်တွင် ချိန်ဆပြီး ရေသွင်းပေးရန် လိုပါသည်။

နှမ်းလျင်သီးနှံ

နှမ်းလျင်သီးနှံကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးလျှင် မေလကုန်တွင် ရိတ်သိမ်းနိုင်သည်။ ထို့ကြောင့်ဇွန်လတွင် မိုးစပါးကို ပုံမှန် စိုက်ပျိုးနိုင်သည်။ မိုးစပါး ရိတ်သိမ်းပြီးသည်နှင့် ပဲမျိုးစုံ၊ နေကြာ၊ ပြောင်းဖူးကြိုက်နှစ်သက်ရာကို စိုက်ပျိုးနိုင်သည်။ မိုးကြိုနှမ်းလျင်သီးနှံ ပါဝင်သော နှစ်သီး၊ သုံးသီး သီးနှံပုံစံများကို အောင်မြင်စွာ ချမှတ် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ပဲတီစိမ်းသီးနှံ

ပဲတီစိမ်းသီးနှံကိုလည်း သွင်းရေအစိုဓာတ်ဖြင့် ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးကာ နှမ်းလျင်ကဲ့သို့ပင် မေလကုန်ထက် နောက်မကျဘဲ ကောက်သိမ်းနိုင်သည်။ ပုံမှန်မိုးစပါးကို ဇွန်လတွင် စိုက်ပျိုးနိုင်သည်။ မိုးစပါးအပြီးတွင် အခြားယာသီးနှံ တစ်မျိုးမျိုးကို စိုက်ပျိုးနိုင်သည်။ ပဲတီစိမ်းသည် သီးနှံပုံစံအတွက် အလွန်အသုံးဝင်ပါသည်။

ချည်မျှင်ရှည်ဝါသီးနှံ

မိုးကြိုချည်မျှင်ရှည်ဝါကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးရန်ဖြစ်သည်။ ကောက်သိမ်းပြီးစီးနိုင် သည်မှာ ဇူလိုင်လ ဖြစ်သည်။ ဇူလိုင်လတွင် မိုးစပါးကို စိုက်ပျိုးနိုင်သည်။ ဤသို့ဖြင့် နှစ်သီးစား မိုးကြိုချည်မျှင်ရှည်ဝါ - မိုးစပါးသီးနှံပုံစံကို ချမှတ်ဆောင်ရွက်နိုင်ပါသည်။

အခြားယာသီးနှံများ

ဖေဖေါ်ဝါရီလတွင်စိုက်ပျိုးနိုင်သည့် အခြားသီးနှံများရှိသေးသည်။ ၄င်းတို့မှာ မြေပဲ၊ ပြောင်းဖူး၊ ငြုပ်စသည့်သီးနှံများ ဖြစ်သည်။ စပါးသီးနှံနှင့် နှိုင်းစာလျှင် ယာသီးနှံက ရေလိုအပ်မှု နည်းသည်။ နွေစပါးအတွက် ဆည်ရေအပြည့်အဝမပေးနိုင်သည့်ဒေသများတွင်  ယာသီးနှံ တစ်မျိုးမျိုးကို စိုက်ပျိုးစေလိုပါသည်။ 

မည်သည့်ယာသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ ထည့်သွင်းစဉ်းစားစေလိုသည်မှာ ရိတ်သိမ်း ချိန်ဖြစ်သည်။ မိုးကြိုသီးနှံများကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးပြီး ဇွန်လနှင့် ဇူလိုင်လတွင် ရိတ်သိမ်းပြီးစီးစေလိုပါသည်။ 

ရွေးချယ်သင့်သည့်မျိုး

မိုးစပါးကို ပုံမှန် ဇွန်၊ ဇူလိုင်လတွင်စိုက်ပျိုးနိုင်ရန် စိုက်ပျိုးမည့် ယာသီးနှံ၏မျိုးသည်- ၁။သက်တမ်းတို အထွက်ကောင်းမျိုးဖြစ်သင့်သည်။ ၂။မျိုးကောင်းမျိုးသန့်ဖြစ်သင့်သည်။ ၃။အပင်ငယ်သန်စွမ်းမှုစွမ်းအင် ကောင်းသောမျိုး ဖြစ်သင့်သည်။ ၄။မျိုးစေ့ဆောင်ရောဂါများ ကပ်ငြိပါမလာသောမျိုး ဖြစ်သင့်သည်။ ၅။မစိုက်ပျိုးမီ အပင်ပေါက်ရာခိုင်နှုန်းကို စမ်းသပ်သင့်သည်။ ဤအချက်များသည် အမြဲတမ်းသိရှိရွေးချယ် လိုက်နာသင့်သည့် အချက်များပင် ဖြစ်ပါသည်။

 စပါးသီးနှံ 

နွေစပါးကို ဖေဖေါ်ဝါရီလတွင်စတင် စိုက်ပျိုးသင့်သည်။ အထူးသဖြင့်အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများအတွက် ထောက်ခံခြင်း ဖြစ်ပါသည်။ မတ်လနှင့် ဧပြီလတို့တွင်မှ အများစုက စိုက်ပျိုးတာ တွေ့ရသည်။ အထက်တွင် ဖေါ်ပြခဲ့သကဲ့သို့ မိုးစပါးစိုက်ချိန်ကို စဉ်းစားစေလိုသည်။ မိုးစပါးကို ဇူလိုင်လထက်နောက်မကျစေလိုပါ။ သို့ဖြစ်၍ ဖေဖေါ်ဝါရီလမှာ နွေစပါးစတင် စိုက်ပျိုးပါလို့ ပြောရခြင်းဖြစ်ပါသည်။

နွေစပါးသည် သွင်းရေဖြင့်စိုက်ပျိုးရသည်ဖြစ်ရာ သွင်းရေချွေတာသုံးစွဲရေးကိုလည်း အလေးထားသင့်သည်။ ပျိုးထောင်ကောက်စိုက်စနစ်ထက် တိုက်ရိုက်မျိုးစေ့ချစနစ်က ရေကို ချွေတာရာရောက်သည်။ တိုက်ရိုက်မျိုးစေ့ချစနစ်သည် ပျိုးထောင်ကောက်စိုက်စနစ်ထက် ရေလိုအပ်မှုနည်းသည်။ လုပ်သားလိုအပ်မှု နည်းသည်။ အသက်ရက်ကို ၇ ရက်မှ ၁၀ ရက်ခန့် တိုစေနိုင်သည်။ အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး စိုတစ်လှည့်ခြောက် တစ်ခါရေသွင်းစနစ် (Alternate Wetting and Drying System-AWD)ကို ဆောင်ရွက်ခြင်းဖြင့် သွင်းရေကိုလည်း ချွေတာနိုင်ပါသည်။ 

နွေစပါးသည် မိုးစပါးထက် အထွက်ပိုလေ့ရှိသည်။ သို့သော် ပေါင်းမြက်ထူပြောပါက မိုးစပါးထက် အထွက်လျော့နည်းနိုင်သည်ကို သတိမူသင့်သည်။ ပေါင်းမြက်ပင်များသည် စပါးပင် နှင့်အတူ တစ်ပြိုင်တည်း ပေါက်ရောက်လေ့ရှိသည်။ ပေါင်းမြက်က စပါးပင်ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်ယှက်ဟန့်တား၍ စပါးအထွက်နှုန်းကို ထိခိုက်စေသည်။ စတင်စိုက်ပျိုးစဉ်ကပင် ထွန်ရေး တမန်းကောင်းအောင်ပြုပြင်ခြင်းဖြင့် ပေါင်းမြက်ပေါက်ရောက်လာနိုင်မှုကို စတင်ကာကွယ်ပါလို့ တိုက်တွန်းလိုပါသည်။

ဆည်ရေ၊ မြစ်ချောင်းရေ၊ မြေအောက်‌ရေစသည့် သွင်းရေတစ်မျိုးမျိုးရရှိသည့်ဒေသ များတွင် သီးနှံထုတ်လုပ်မှုတိုးတက်ရေးအတွက် အရေးပါသော မိုးကြိုသီးနှံများနှင့် နွေစပါး စိုက်ပျိုးရေးကို ဖေဖေါ်ဝါရီလအတွက် စိုက်ပျိုးသုတပေးဝေမျှလိုက်ရပါသည်။

ဆင်းသီဟ

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်