ကကတစ်ငါး စီးပွားဖြစ်မွေးမြူနည်းများ အပိုင်း(၁)

22/09/2022 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ကကတစ်ငါး(Sea bass)မှာ စျေးကွက်တွင် ဝယ်လိုအားကောင်းသော တန်ဖိုးမြင့်ငါးအမျိုးအစားဖြစ်ပြီး ပြည်ပပို့ကုန်အဖြစ်လည်း နာမည်ကြီးပါသည်။

ဒါ့ကြောင့်  ကကတစ်ငါးကို စီးပွားဖြစ်မွေးမြူလိုသူများအတွက် ကကတစ်ငါး သားပေါက်ပြုစုနည်းနှင့် မွေးမြူနည်းကို အသေးစိတ်လေ့လာရေးသား ဖော်ပြပေးပါမည်။

ကကတစ်ငါး သားပေါက်ပြုစုနည်းနှင့် မွေးမြူနည်း

  • ကကတစ်ငါးသားပေါက်များကို ကန်ငယ်ဖြင့်သော်လည်းကောင်း၊ လှောင်အိမ်စနစ် (Cage culture system) ဖြင့်သော်လည်းကောင်း မွေးမြူနိုင်ပါသည်။
  • မွေးမြူရာတွင် ပြုစုကန်နှင့် အသားတိုးကန် ဟူ၍ ကန်အမျိုးအစား(၂)မျိုးဖြင့် မွေးမြူရန် လိုအပ်ပါသည်။

သားပေါက်ပြုစုခြင်း (Nursery)

  • ကကတစ်သားပေါက်များအား ပြုစုကန်များဖြင့် မွေးမြူရာတွင် မြေသားကန်ဖြင့်သော်လည်းကောင်း၊ လှောင် အိမ်စနစ်ဖြင့်သော်လည်းကောင်း မွေးမြူနိုင်ပါသည်။
  • ၀.၅ လက်မမှ ၁ လက်မအရွယ် သားပေါက်များအား စတင်မွေးမြူကာ ၃ လက်မမှ ၄ လက်မအရွယ်သို့ ရောက် ရှိသည်အထိ မွေးမြူသင့်ပါသည်။
  • ဤသို့ မွေးမြူခြင်းအားဖြင့် သားပေါက်အချင်းချင်း အစာနှင့် နေရာအတွက် ယှဉ်ပြိုင်ရမှု လျော့ကျစေပြီး အချင်းချင်းသတ်ဖြတ်စားသောက်မှုအား ထိရောက်စွာ လျော့ကျစေပါသည်။
  • သားပေါက်ပြုစုမှုကို သစ်သားကန်၊ အုတ်ကန်များဖြင့် ဆောင်ရွက်လေ့ရှိကြသော်လည်း ၎င်းကန်အမျိုးအစားများတွင်ဆိုပါက အစာကြွင်း၊ အစာကျန်များ ကန်အောက်ခြေတွင် စုပုံကာ ဘက်တီးရီးယားများ ပေါက်ဖွားလာပြီး ရောဂါကျရောက်တတ်သည့် အားနည်းချက် ရှိပါသည်။ သို့သော် ယင်းပြဿနာကို စုပုံနေသောအစာများအား ဖယ်ရှားခြင်းနှင့် ပုံမှန်ရေလဲလှယ်ခြင်းအားဖြင့်တော့ ရှောင်ရှားနိုင်ပါသည်။ 
  • သစ်သားကန်၊ အုတ်ကန်များဖြင့် သားပေါက်ပြုစုရာ၌ အားသာချက်တစ်ရပ်မှာ သားပေါက်များအား အရွယ်တူများ ရွေးချယ်စုပေါင်းခြင်း(sorting) ပြုလုပ်ရာတွင် ထိရောက်မှု ကောင်းမွန်ပြီး လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။ 

(၁) မြေသားကန်ဖြင့် သားပေါက်ပြုစုခြင်း 

  • မြေသားကန်ဖြင့် သားပေါက်ပြုစုရာတွင် အသုံးပြုသင့်သော ကန်အရွယ်အစားမှာ ၀.၁ ဧကမှ ၀.၅ ဧက အရွယ်ရှိ မြေသားကန်များ ဖြစ်ပါသည်။
  • ရေအနက်အနေဖြင့် ၁ ပေခွဲမှ ၂ ပေခွဲ အနက် ရှိသင့်ပါသည်။
  • ကန်တွင် ရေသွင်းပေါက်နှင့် ရေထုတ်ပေါက်အား သီးခြားစီ တပ်ဆင်ထားရမည်ဖြစ်ပြီး ရေထုတ်ပေါက်ဘက်သို့ ဆင်ခြေလျှောနိမ့်ဆင်းသွားရမည် ဖြစ်ပါသည်။
  • ရေသွင်းပေါက်နှင့် ရေထုတ်ပေါက်များတွင် ၁ မီလီမီတာအရွယ် အပေါက်များပါရှိသော ဆန်ကာများ တပ်ဆင်ထားရန် လိုအပ်ပြီး ထိုသို့တပ်ဆင်ထားခြင်းဖြင့် ပြင်ပမှသားစားငါးများ၊ အစာလုဖက်ငါးများ ဝင်ရောက်လာမှုကို ကာကွယ်ထားရမည်ဖြစ်ပါသည်။ 
  • သားပေါက်ထည့်သွင်းမှု နှုန်းထားမှာ ၃ ပေပတ်လည်တွင် ၀.၄ လက်မမှ ၁ လက်မအရွယ် သားပေါက်ကောင်ရေ  ၂၀ မှ ၅၀ ကောင်နှုန်း( ၁ ဧကလျှင် သားပေါက်ကောင်ရေ ၈၀၀၀၀ မှ ၂၀၀၀၀၀ နှုန်း) ဖြစ်ပါသည်။ 
  • ကန်ပြင်ဆင်မှုနှင့် စီမံခန့်ခွဲမှုမှာ သာမန်ကန်များအတိုင်း ဆောင်ရွက်နိုင်ပြီး သားပေါက်ထည့်သွင်းမှုကို နံနက်စောစော (သို့မဟုတ်) ညနေပိုင်းတွင် အပူချိန်နှင့် အငန်နှုန်းအား အသားကျစေရန် (acclimatized) ဆောင်ရွက်ပြီးမှ ထည့်သွင်းသင့်ပါသည်။
  • ကန်ရေအား နေ့စဉ် ၃ဝ ရာခိုင်နှုန်း လဲလှယ်ပေးနိုင်ပါက အကောင်းဆုံး ဖြစ်ပါသည်။
  • ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် အစာကြွင်း၊ အစာကျန်များမှ သော်လည်းကောင်း၊ သဘာဝအစားအစာများကြောင့်သော်လည်းကောင်း ရေ၏အရည်အသွေးကျဆင်းခြင်းကို ကာကွယ်နိုင်ပါသည်။ 

(၂) လှောင်အိမ်စနစ်ဖြင့် သားပေါက်ပြုစုခြင်း

  • စတုဂံပုံ ဆန်ကာပိုက်ကို အမာခံသစ်သားဘောင်ပေါ်တွင် တပ်ဆင်ပြီး ပလတ်စတစ်ဖော့တုံးများ (Styrofoam)၊ ပလတ်စတစ် (သို့မဟုတ်) သံစည်ပိုင်းများတပ်ဆင်ပြီးရေပေါ်တွင်ပေါလောပေါ်စေသည့် ရေပေါ်လှောင်အိမ်ပုံစံ( floating type) အနေဖြင့်သော်လည်းကောင်း၊ ဝါး(သို့မဟုတ်) သစ်သားတိုင်များဖြင့် စိုက်ထူထားသော အခြေစိုက်ပုံစံ (stationary type) ဖြင့်သော်လည်းကောင်း ကကတစ်သားပေါက်ပြုစုခြင်းကို ဆောင်ရွက်နိုင်ပါသည်။
  • လှောင်အိမ်အရွယ်အစား အနေဖြင့် ၁.၀ မီလီမီတာ  ဆန်ကာပိုက်တပ်ဆင်ထားသော ၁၀ ပေ x ၃ ပေ x ၃ ပေ အရွယ်မှ စတင်ကာ ၁၅ ပေ x ၆ ပေ x ၃ ပေ အရွယ်အစားများကို အသုံးများကြပါသည်။
  • ၎င်းလှောင်အိမ်များကို မြစ်အတွင်း၊ ကမ်းခြေများနှင့် ကန်အတွင်းတွင်လည်းကောင်း တပ်ဆင်ထားနိုင်ပါသည်။ 
  • နေရာရွေးချယ်ရာတွင် ဇီဝညစ်ညမ်းမှုကင်းစင်ပြီး ရေစီးအား မပြင်းထန်သည့်နေရာအား ရွေးချယ်သင့်ပါသည်။
  • လှောင်အိမ်ဆန်ကာများအား ညစ်ညမ်းစေသောပစ္စည်းများ ပိတ်ဆို့နေခြင်း၊ ပေါက်ပြဲနေခြင်းများ မရှိစေရန် ပုံမှန်စစ်ဆေးနေရန် လိုအပ်ပါသည်။ 
  • ရေလဲလှယ်မှုအား အထူးပြုလုပ်ရန် မလိုအပ်ဘဲ သဘာဝအတိုင်း ရေစီးရေလာဖြင့်သာ လဲလှယ်သွားမည် ဖြစ်ပါသည်။ 
  • သားပေါက်ထည့်သွင်းနှုန်းအနေဖြင့် ၃ ပေပတ်လည် ဧရိယာတွင် သားပေါက် ၈၀ မှ ၁၀၀ ကောင်နှုန်း ( ၁ ဧကလျှင် ၃၂ဝဝဝဝ မှ ၄ဝဝဝဝဝ ကောင်နှုန်း ) ဖြင့် ထည့်သွင်းနိုင်ပါသည်။
  • မွေးကာလ ၃၀ ရက်မှ ၄၅ ရက်သားရရှိချိန် (သို့မဟုတ်) သားပေါက်အရွယ်အစားအနေဖြင့် ၂ လက်မမှ ၄ လက်မအရွယ် ရောက်ရှိချိန်တွင် အသားတိုးကန်များ အတွင်းသို့ မထည့်သွင်းမီ အရွယ်အစားအလိုက် အုပ်စုများခွဲခြင်း(sorting)  ပြုလုပ်ပေးရန် လိုအပ်ပါသည်။ 
  • အသားတိုးကန်များအတွင်း ကြီးထွားနှုန်းကောင်းမွန်မှု၊ ရှင်သန်နှုန်းကောင်းမွန်မှုနှင့် ကကတစ်သားလောင်းများ အချင်းချင်း ပြန်လည်စားသောက်မှုတို့သည် ထည့်သွင်းမွေး မြူသော ကကတစ်သားလောင်းများ၏ ထည့်သွင်းမွေးမြူနှုန်းအပေါ်တွင် မူတည်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

Ref: ငါးလုပ်ငန်းသင်တန်းကျောင်းမှ ပို့ချသော ငါးမွေးမြူနည်းစနစ်များ။

(အပိုင်း - ၂ တွင် လှောင်အိမ်စနစ်ဖြင့် မွေးမြူခြင်း၊လှောင်အိမ်တည်ဆောက်ပုံ၊ ရေပေါ်လှောင်အိမ် အမျိုးအစား စသည်တို့ကို ဖော်ပြပေးပါမည်။) 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်