ငါးဗျားငါး၏ ထူးခြားသောသဘာဝနှင့် ဂေဟစနစ်အတွက် အကျိုးပြုပုံ
ငါးဗျားငါးသည် မြန်မာ့ကမ်းရိုးတန်းတွင် တွေ့ရလေ့ရှိသော ငါးသလဲထိုး/ငါးဖျင်းဥ မျိုးစိတ်ဝင် ငါးငယ်လေးတစ်မျိုးဖြစ်သည်။ အင်္ဂလိပ်လို Scaly hairfin anchovy ဟု အမည်တွင်ပြီး သိပ္ပံအမည်မှာ Setipinna taty ဖြစ်သည်။ ငါးဗျား သည် အပူပိုင်း အိန္ဒိယ-ပစိဖိတ်ဒေသရှိ ကမ်းရိုးတန်းရေတိမ်ပိုင်းများ၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ဒီရေအတက်အကျရှိသော မြစ်များတွင် အများဆုံးကျက်စားသည့် ငါးမျိုးစိတ် ဖြစ်ပါသည်။
နေထိုင်ကျက်စားမှုအလေ့အထ
ငါးဗျားငါးသည် အုပ်စုဖွဲ့ သွားလာတတ်ကြပြီး ကမ်းရိုးတန်းပင်လယ်ရေပြင်တွင် အများဆုံးတွေ့ရသော်လည်း ဆားငန်ဓာတ်နည်းသော မြစ်ဝကျွန်းပေါ်ဒေသများအထိ ကူးလာတတ်ကြသည်။ မိုးရာသီတွင် ရေကြည်ထက် ရေနောက်ကျိသော မြစ်များအတွင်း ပိုမိုကျက်စားလေ့ရှိကြသည်။
အရောင်
ငါးဗျား၏ ကိုယ်ထည်အရောင်မှာ ကျောဘက်တွင် အညိုရောင် သို့မဟုတ် အပြာရင့်ရောင်ရှိပြီး ဘေးဘက်နှင့် ဝမ်းဗိုက်ပိုင်းတို့တွင် တောက်ပသော ငွေမှင်ရောင် ရှိကြသည်။ ကိုယ်ထည် ဘေးဘက်များ ငွေရောင်/မီးခိုးရောင် သန်းပြီး တောက်ပသည်။ ကျောဆူးတောင် နှင့် အမြီးဆူးတောင် တို့သည် ယေဘုယျအားဖြင့် ဝါကျင်ကျင်အရောင် ရှိတတ်ကြသည်။
သက်တမ်း
ငါးဗျား၏ သဘာဝပတ်ဝန်းကျင်တွင် အသက်ရှင်သန်နိုင်သော သက်တမ်းမှာ အကြမ်းဖျင်းအားဖြင့် ၃ နှစ်မှ ၅ နှစ်ဝန်းကျင် ဖြစ်သည်။ ၎င်းနှင့် မျိုးနွယ်တူ အင်ချိုဗီ (Anchovy ) ငါးမျိုးရင်းဝင်အများစုသည် သက်တမ်းတိုသော ရေပေါ်အပေါ်ယံပိုင်းနေ (Pelagic fish) မျိုးစိတ်များဖြစ်ကြပြီး ပျမ်းမျှအားဖြင့် ၂ နှစ်မှ ၄ နှစ် သို့မဟုတ် အချို့မျိုးစိတ်များတွင် ၃ နှစ်မှ ၇ နှစ် အထိသာ ရှင်သန်နိုင်ကြသည်။
ငါးဗျားငါးသည် သက်တမ်းတိုသော်လည်း ဥအမြောက်အမြား ဥနိုင်ပြီး မျိုးပွားနှုန်း အလွန်မြန်ဆန်သောကြောင့် ပင်လယ်ပြင်ဂေဟစနစ်တွင် အခြားငါးကြီးများနှင့် ငှက်များအတွက် အဓိက အစားအစာအဖြစ် တည်ရှိနေသည်။
ခန္ဓာကိုယ်အရွယ်အစား
ငါးဗျားငါးသည် အလျား ၁၅ စင်တီမီတာမှ ၂၂ စင်တီမီတာအထိ အများဆုံး ကြီးထွားနိုင်ကြသည်။
မျိုးပွားခြင်း
ငါးဗျားသည် ဥအုသော ငါးမျိုးစိတ်ဖြစ်ပြီး မြစ်ဝကျွန်းပေါ်ဒေသများနှင့် ကမ်းရိုးတန်းရေတိမ်ပိုင်းများတွင် မျိုးပွားလေ့ရှိကြသည်။ မျိုးပွားသည့်ပုံစံမှာ မျိုးဥကြဲ၍သားဖောက်သော (Oviparous) ငါးမျိုးစိတ် ဖြစ်ပြီး အခြားအန်ချိုဗီ (Anchovy) ငါးများကဲ့သို့ပင် ရေထဲသို့ ဥများ ဥချကာ မျိုးအောင်စေပါသည်။
မျိုးပွားရာသီမှာ ပုံမှန်အားဖြင့် နှစ်တစ်နှစ်အတွင်း ရေအပူချိန် ပူနွေးသော ကာလများနှင့် မိုးရာသီ (ရေချိုများ စီးဝင်မှုကြောင့် အစာ ပေါများသည့်အချိန်) တွင် အဓိက မျိုးပွားကြသည်။ရာသီဥတုအပေါ်မူတည်၍ တစ်နှစ်လျှင် အကြိမ်ကြိမ် ဥချလေ့ရှိကြသည်။ ဥများကို ရေမျက်နှာပြင်မှ ရေလယ်ခေါင်ပိုင်းအထိမျောပါနေသော ပုံစံဖြင့် ချလေ့ရှိပြီး၊ ရေအပူချိန်ပေါ်မူတည်၍ ဥများမှ သားလောင်းများအဖြစ် ရက်ပိုင်းအတွင်း ပေါက်ဖွားလာကြသည်။ မျိုးပွားရန် သို့မဟုတ် သားလောင်းများ ကြီးထွားရန်အတွက် ကမ်းရိုးတန်းရေတိမ်များအပြင် မြစ်ဝကျွန်းပေါ်ဒေသများ နှင့် ဒီရေတောများဆီသို့ ဝင်ရောက်ကျက်စားတတ်ကြသည်။
အစာစားသည့် အလေ့အထ
ငါးဗျားသည် အသားစားသတ္တဝါ သို့မဟုတ် ရေကူးမျှောလှေပိုးမွှားများကို စားသုံးသည့်Zooplankton-feeder အမျိုးအစား ဖြစ်သည်။ အဓိကစားသုံးသည့်အစာများမှာ အရွယ်ရောက်ပြီးသော ငါးဗျားများသည် ပုစွန်ဆိတ်များ၊ ရေခွံမာကောင်ငယ်များနှင့် ပိုးမွှားများကို အဓိက ရှာဖွေစားသုံးကြသည်။ အရွယ်အစားအလွန်ကြီးမားလာပါက ငါးအကောင်ငယ်လေးများကိုပါ စားလေ့ရှိသည်။ ငါးဗျားအကောင်ပေါက်များသည် ရေကူးမျှောလှေပိုးမွှားငယ်လေးများ ဖြစ်သည့် အလွန်သေးငယ်သည့် အခွံမာရေသတ္တဝါ၊ အလွန်သေးငယ်သည့် ရေနေအနုဇီဝပိုးမွှားနှင့် သန်ကောင်လေးများကို ရွေးချယ်စားသုံးကြသည်။
ငါးဗျားများသည် ရေထဲတွင် မျောပါနေသော မျက်စိဖြင့် မမြင်နိုင်သည့် အစာများကို ပါးစပ်ဖွင့်၍ရေနှင့်အတူ မျိုချကာ ပါးဟက်ဖြင့် စစ်ထုတ်စားသုံးခြင်း ဖြစ်သည်။ မျိုးပွားရန် ဥဥသည့် ရာသီများတွင် အစာစားနှုန်း သိသိသာသာ လျော့နည်းသွားတတ်သည်။ နွေရာသီနှင့် ရေငန်စပ်ဒေသ အခြေအနေများပေါ်မူတည်၍ ၎င်းတို့၏ အစာစားလိုစိတ် ပြောင်းလဲလေ့ရှိပြီး ပတ်ဝန်းကျင်တွင် ပုစွန်နှင့် ပိုးမွှားပေါများသည့်ရာသီများ၌ အစာကို အဆက်မပြတ် ရှာဖွေစားသုံးကြသည်။
စားသုံးပုံ
ငါးဗျားသည် မြန်မာနိုင်ငံတွင် အစိုရော အခြောက်ပါ အစားများသည့် အရသာရှိသော ငါးလေးတစ်မျိုးဖြစ်သည်။ ၄င်း၏ ကိုယ်ထည်သည် ပါးလွှာပြီး အရိုးနုသောကြောင့် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်စားသုံးနိုင်ပါသည်။ အဓိက စားသုံးပုံနှင့် ချက်ပြုတ်နည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ငါးဗျားခြောက် ကြော်စပ်စပ်(သို့မဟုတ်) ဘာလချောင်ကြော်
ငါးဗျားကို အခြောက်လှမ်းထားသည့် ငါးဗျားခြောက် ကို အကြွပ်ကြော်၍ စားသုံးခြင်းသည် အလွန်ခေတ်စားလှသည်။ ပြုလုပ်ပုံမှာ ငါးဗျားခြောက်ကို ရေစင်အောင်ဆေးပြီး ခြောက်သွေ့အောင် ထားပါ (သို့မဟုတ် လေသန့်စင်စက်/Air Fryer ဖြင့် ၅ မိနစ်ခန့် အကြွပ်ဖုတ်ပါ)။ ဆီပူပူတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း သို့မဟုတ် ငရုတ်သီးမှုန့်တို့နှင့်အတူ အကြွပ်ကြော်ပြီး သကြား၊ ငံပြာရည် အနည်းငယ်တို့ဖြင့် အရသာသွင်းကာ ဘာလချောင်ကြော်ကဲ့သို့ စပ်စပ်လေး စားသုံးနိုင်ပါသည်။
၂။ ငါးဗျား အိုးကပ်ဟင်း
ငါးဗျားအစိုကို ချက်စားလိုပါက အရိုးပါဝါးစား၍ရသော အိုးကပ်ချက်နည်းက အသင့်တော်ဆုံးဖြစ်ပါသည်။ ပြုလုပ်ပုံမှာ ငါးဗျားအစိုကို အကြေးခွံနှင့် ကလီစာများ ဖယ်ရှားကာ စင်အောင်ဆေးပါ။ ဆီ၊ နနွင်း၊ ညက်နေအောင်ထောင်းထားသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်တို့ဖြင့် သမအောင်နယ်ကာ ရေအနည်းငယ်ထည့်၍ အိုးကပ်ချက်ရပါမည်။ ဟင်းကျက်ခါနီးတွင် ပင်စိမ်းရွက် (သို့မဟုတ်) နံနံပင် ဖြူးပေးပါက ညှီနံ့ပျောက်ပြီး အလွန်မြိန်သော ငါးလေးအိုးကပ်ဟင်း ရရှိပါသည်။
၃။ ငါးဗျားချဉ် (ငါးချဥ်)
ငါးဗျားလေးများကို အချဉ်သိပ်ပြီး ငါးချဉ် အဖြစ်လည်း ပြုလုပ်စားသုံးကြသည်။ပြုလုပ်ပုံမှာ ငါးဗျားကို ခေါင်းဖြတ်၊ ကလီစာထုတ်ပြီးနောက် ထမင်းကျက်၊ ဆား၊ ကြက်သွန်ဖြူတို့နှင့် သမအောင်နယ်ကာ ပုလင်း သို့မဟုတ် ဗူးထဲတွင် လေလုံအောင် ပိတ်ပြီး ရက်အနည်းငယ် နှပ်ထားရုံဖြင့် အရသာရှိသော ငါးချဉ်ကို ရရှိကာ ပြန်လည်ကြော်စားနိုင်ပါသည်။
ကျန်းမာရေးအကျိုးကျေးဇူးများ
၁။ အရိုးအဆစ် သန်မာစေခြင်း
ငါးဗျားသည် အရိုးပါဝါးစားနိုင်သည့် ငါးအမျိုးအစားဖြစ်၍ ခန္ဓာကိုယ်အတွက် လိုအပ်သော ကယ်လ်ဆီယမ် (Calcium) ဓာတ်ကို မြင့်မားစွာ ပံ့ပိုးပေးနိုင်ပြီး အရိုးပွရောဂါကို ကာကွယ်ပေးသည်။
၂။ နှလုံးကျန်းမာရေးကောင်းမွန်ခြင်း
ငါးဗျားတွင် ခန္ဓာကိုယ်အတွက် ကောင်းမွန်သော Omega-3 ဖက်တီးအက်ဆစ် ပါဝင်သောကြောင့် သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါသည်။
၃။ ဦးနှောက်နှင့် အာရုံကြော လုပ်ငန်းဆောင်တာများ ကောင်းမွန်စေခြင်း
ငါးဗျားတွင် အိုမီဂါသရီး ဖက်တီးအက်ဆစ် ပါဝင်သည်။အထူးသဖြင့်ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှု နှင့် လူကြီးများ၏ မှတ်ဉာဏ်ကျဆင်းမှု (Dementia) တို့ကို ကာကွယ်ရာတွင် Omega-3 သည် အထူးအရေးပါသည်။
၄။ ကိုယ်အလေးချိန် ထိန်းသိမ်းရန် အထောက်အကူပြုခြင်း
ငါးဗျားသည် ကယ်လိုရီနည်းပြီး ပရိုတင်းဓာတ်မြင့်မားသောကြောင့် ခန္ဓာကိုယ်ကြွက်သားများကို ပြုပြင် တည်ဆောက်ရာတွင် အထူးသင့်လျော်သည်။
၅။ သိုင်းရွိုက် ဂလင်းအား ကာကွယ်ပေးခြင်း
ဤငါးများတွင် ဆီလီနီယမ် (Selenium) ဓာတ် မြင့်မားစွာပါဝင်ပြီး ၎င်းသည် သိုင်းရွိုက်လုပ်ငန်းစဉ် ပုံမှန်လည်ပတ်ရန်အတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်တစ်ခုဖြစ်သည်။
၆။ မျက်စိအမြင်အာရုံကို တိုးတက်စေခြင်း
ငါးဗျားတွင် Omega-3 နှင့် ဗီတာမင်အေ (Vitamin A) ပါဝင်မှုသည် မျက်စိမှုန်ခြင်း၊အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ မျက်စိကွယ်ခြင်းတို့ကို ကာကွယ်ပေးသည်။
သတိပြုရန်အချက်များ
ငါးဗျားများကို ခြောက်သွေ့အောင်ပြုလုပ်ရာတွင် အချို့မှာ ဆားဓာတ် (Sodium) အလွန်မြင့်မားတတ်သည်။ ထို့ကြောင့် ဆားပါဝင်မှုများသော ငါးခြောက်များကို အလွန်အကျွံစားသုံးခြင်းသည် သွေးတိုးရောဂါ ရှိသူများနှင့် ကျောက်ကပ်ရောဂါ ရှိသူများအတွက် သတိပြုသင့်ပါသည်။
ငါးဗျားနှင့် ဂေဟစနစ်
ငါးဗျားသည် ရေချိုနှင့် ရေငန်စပ် ဂေဟစနစ်တွင် အရေးပါသော ရေနေသတ္တဝါတစ်မျိုး ဖြစ်သည်။ ၎င်းသည် အပူပိုင်း အင်ဒို-ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းများ၊ ဘင်္ဂလားပင်လယ်အော်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ရေတိမ်ပိုင်းများတွင် အုပ်စုလိုက် ကျက်စားလေ့ရှိသည်။ ငါးဗျားနှင့် ၎င်းကျက်စားရာ ဂေဟစနစ်အကြား ဆက်စပ်မှုနှင့် အရေးပါပုံများမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ အစာကွင်းဆက်ရှိ အဓိကနေရာ
ငါးဗျားများသည် ရေထဲတွင် မျောပါနေသော ဇီဝမှုံငယ်များဖြစ်သည့် ရေမျောသတ္တဝါငယ်များကို ရေစစ်၍ စားသောက်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဂေဟစနစ်၏ အစာကွင်းဆက်တွင် အပင်နှင့် ဇီဝမှုံများမှ ရရှိသော စွမ်းအင်ကို အဆင့်မြင့်စားသုံးသူများထံ လွှဲပြောင်းပေးသည့် အဓိကတံတားတစ်ခု ဖြစ်သည်။၄င်းတို့သည် အုပ်စုလိုက် နေထိုင်ကြသဖြင့် သားရဲငါးကြီးများ(ဥပမာ - ကကတစ်၊ ငါးကုလား၊ ငါးမန်း) နှင့် ရေပျံငှက်များအတွက် အလွန်အရေးပါသော အစာရင်းမြစ် ဖြစ်သည်။ ငါးဗျားကဲ့သို့သော ငါးငယ်လေးများ ရှင်သန်ပွားများမှုသည် ပင်လယ်ရေနေ သားရဲတိရစ္ဆာန်များ၏ ဂေဟစနစ် ဟန်ချက်ညီမှုကို တိုက်ရိုက်ထိန်းညှိပေးသည်။
၂။ ရေချိုနှင့် ရေငန်စပ် ဂေဟစနစ်ကို ဆက်သွယ်ပေးခြင်း
ငါးဗျားများသည် ပင်လယ်ကမ်းနီးရေတိမ်ပိုင်းနှင့် မြစ်ဝများကြား ရွှေ့ပြောင်းကျက်စားတတ်သောအလေ့အထ ရှိသည်။ ၎င်းတို့၏ ရွှေ့ပြောင်းသွားလာမှုသည် ရေငန်ပိုင်းနှင့် မြစ်ဝအဏ္ဏဝါဂေဟစနစ်နှစ်ခုအကြား အာဟာရဓာတ်များ စီးဆင်းလည်ပတ်မှုကို အားကောင်းစေသည်။
၃။ ဇီဝမျိုးစုံမျိုးကွဲနှင့် လူသားတို့၏ ဂေဟစနစ်
လူသားတို့၏ စားနပ်ရိက္ခာကွင်းဆက်တွင် ငါးဗျားသည် ငါးခြောက်၊ ငါးပိ၊ ငါးငံပြာရည် ပြုလုပ်ရန်နှင့် သားငါးဖမ်းဆီးရာတွင် အသုံးချရန် အရေးပါသော စီးပွားဖြစ် ငါးမျိုးစိတ်ဖြစ်သည်။ကမ်းရိုးတန်းဒေသခံ ရေလုပ်သားများ၏ အသက်မွေးဝမ်းကျောင်းမှုကို ထောက်ပံ့ပေးထားသည့်အတွက် လူမှု-စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ပေါင်းစပ်ထားသော ဂေဟစနစ်တွင် မရှိမဖြစ် ပါဝင်နေသည်။
ငါးဗျားတို့ ကျက်စားရာ မြစ်ဝနှင့် ကမ်းရိုးတန်း ဂေဟစနစ်များ ကောင်းမွန်နေစေရန်အတွက် ဒီရေတောများ ထိန်းသိမ်းခြင်းနှင့် ရေထုညစ်ညမ်းမှု ကာကွယ်ခြင်းတို့သည် အလွန်အရေးကြီးပါသည်။
အချုပ်အားဖြင့် ဆိုရလျှင်-
ငါးဗျားငါးသည် လူကြိုက်များသော ငါးအမျိုးအစားတွင် ပါဝင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးလည်း များပြားစွာ ရရှိနိုင်သည့်အပြင် ဂေဟစနစ်ကိုလည်း ကောင်းကျိုးပြုသောကြောင့် လူ့အကျိုးပြု ငါးမျိုးစိတ်ဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ဆက်စပ်မေးခွန်းများ
ဥစားကြက်ကို၁ရက်သားကနေ မီးသွေးနှင့်မီးကိုင်နည်း ဘယ်အချိန် လိုက်ကာအတင်အချက် ဘယ်နှစ်နာရီ မီးကိုင်သင့်လဲ၊ကာကွယ်ဆေးကဘယ်ဆေးသုံးရမလဲ ဘယ်လိုထိုးရမလဲ ပြောပြပေးပါ။
Khin Zar Hlaing • ဖြေကြားချက် 1 ခု
ဥစားကြက်အကောင်ရေ၁၀၀ဆိုရင်ခြံအကျယ်ဝန်ဘယ်လောက်ဆောက်ရလဲ
ကိုသီဟ • ဖြေကြားချက် 1 ခု
မွေးမြူရေးနှင့်ပတ်သက်သောဆေးဝါးများရောင်းချင်လို့ပါရန်ကုန်ကပါ နယ်ဆိုလဲအရောက်ပို့ပေးနိုင်ပါတယ် အဓိကသုံးနိုင်တဲ့တိရစ္ဆာန်တွေကတော့ ဆိတ် နွား မြင်း ဝက် ခွေးဈေးနှုန်းတွေသက်သာပါမယ်ရရှိနိုင်သောဆေးစာရင်းများပို့ပေးပါမယ်ရှင့်ဆက်သွယ်ပေးပါ။09975695505
Myint Myat Tharaphyi Aung • ဖြေကြားချက် 1 ခု
အသားတိုးကကြက်၁၀၀၀အတွက်အစာခွက်ဘယ်လောက်ရေဘူးဘယ်လောက်အသုံးပြုရပါသလဲ
Nyein Nyein chan • ဖြေကြားချက် 1 ခု
ဒေသကြက် အခုမှစမွေးပါမည် ၁၂ပေ×၂၀ပေ အကျယ်ခြံကို အဖတစ်ကောင်နှင့် အမဘယ်နှစ်ကောင်ထည့်ရမလဲခဗျား(လွှတ်မွေးရင် ရောဂါဖြစ်မှာရယ်၊ပြောက်မှာဆိုးလို့ပါ)
Ko Kyi • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၅)
03/11/2026
ဗီဒီယို
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့
03/11/2026
စားကျက်မြေ ရှားလာသဖြင့် တနိုင်တပိုင် ဘဲမွေးမြူမှု နည်းလာ
03/11/2026
စိုက်ပျိုးသုတ နိုဝင်ဘာလ
02/11/2026
ကမ္ဘာကြီး ပူလာချိန် အပင်တွေ ဘယ်လို ညှိယူနေကြလဲနဲ့ ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ထားရမလဲ
30/10/2026
More from နှင်းဖြူဖြူ
အားလုံး
စူပါအယ်လ်နီညို၏ ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုများ
19/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026