ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်မှုကြောင့် အောက်ပိုင်းဒေသအချို့ မိုးရွာဦးမည်

11/11/2022 16:50 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ အလယ်ပိုင်းပင်လယ်ပြင်မှာ နိုဝင်ဘာလ ၁၅ ရက်လောက်ကစပြီး လေ ဖိအားနည်းရပ်ဝန်း-မုန်တိုင်းငယ်တစ်လုံးဖြစ်လာနိုင်မဲ့ အခြေအနေကြောင့် အဲ့ဒီကအရှိန်တွေနဲ့အတူ မြန်မာနိုင်ငံ အောက်ပိုင်းဒေသ အချို့မှာ မိုးရွာသွန်းမှုတွေ ရှိလာဦးမယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

မုန်တိုင်းအားပြင်းမှု အခြေအနေကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပြီး လက်ရှိအနေအထားတွေအရတော့ ဒေသတချို့မှာ နေရာကွက်မိုးကြီးတာတွေ ဖြစ်နိုင်တယ်လို့လည်း ဦးဝင်းနိုင်က ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မုန်တိုင်းလမ်းကြောင်းအခြေအနေ၊ ဘယ်ဒေသတွေမှာ မိုးရွာသွန်းမှုတွေရှိနိုင်လဲ ဆိုတာတွေအပေါ် ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

မုန်တိုင်းဖြစ်လာနိုင်ချေက သေချာသွားပြီလား။ မြန်မာနိုင်ငံ ဘယ်ဒေသတွေကို အရှိန်သက်ရောက်မလဲ? 

“သေချာသွားပြီ။ တနင်္သာရီတိုင်းကတော့ တစ်ရက်စောမယ်။ ၁၅ ရက်နေ့ကတည်းကစမယ်။ မွန်ပြည်နယ် ကော၊ ကရင်ပြည်နယ်ကော။ ပြီးသွားမှ ပဲခူးတိုင်းတစ်တိုင်းလုံး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်တောင်ပိုင်းနဲ့ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တွေဆီတော့ ၁၆၊ ၁၇၊ ၁၈ ကျမှ ပြန့်ပြီးတော့ရွာမှာ” 

အဲ့ဒီရက်တွေမှာ ဆက်တိုက်မိုးရွာမှာလား? 

“ ပြတ်တောင်း ပြတ်တောင်းပဲဖြစ်မယ်။ အများစုကတော့ အများဆုံးမိုးရေချိန်က ၃ ရက်အတွင်း ၁ လက်မခွဲကနေ ၂ လက်မ လောက်ပဲရှိမယ်။ အဲ့ဒီထက်မများဘူး။ တစ်ခုရှိတာက နေရာကွက်မိုးကြီးနိုင်တဲ့ ဒေသတွေတော့ရှိမယ်။ ဘာလို့ဆိုတော့ တချို့နေရာတွေမှာ ကြိုတင်ခန့်မှန်းမှာက တိမ်ဖြစ်တာ ထူတဲ့နေရာတွေရှိတယ်။ ဥပမာဆိုရင် လပွတ္တာပေါ်မှာထူတယ်။ ဘိုကလေးပေါ်မှာထူတယ်။ စသဖြင့်ပေါ့။ အဲ့တော့ ပြောချင်တာက မိုးကတော့ ရွာမယ်။ မုန်တိုင်း ဘယ်လောက်ထိ အားကောင်းလာမလဲ၊ ဘယ်လောက်အတိုင်းအတာထိ မြောက်ဘက်ကို ရွေ့လာမလဲဆိုတာတော့ တစ်ချက်စောင့်ကြည့်ရမယ်။ ဒါကတော့ ၂ ရက် ၃ ရက်အလိုလောက်ကျမှ သေချာပြောလို့ရမှာ” 

မုန်တိုင်းလမ်းကြောင်းအခြေအနေက ဘယ်လိုရှိမှာလဲ?

“ အခုက မုန်တိုင်းသွားမယ့်လမ်းကြောင်းကတော့ အနောက်ဘက်ကိုပဲသွားမယ်။ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းကနေ မြောက်ဘက် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းထဲကို ဘယ်လောက်ထိ ရောက်လာမလဲပေါ့။ နောက်တစ်ခုက အားဘယ်လောက်အထိ ကောင်းလာမလဲပေါ့။ ECMWF model ခန့်မှန်းချက်မှာက  အားပျော့နေတယ်။ GFS ခန့်မှန်းချက်ကကျ အားပြင်းနေတယ်။ လေတိုက်နှုန်းက တစ်နာရီကို ၁၀ မိုင်၊ ၁၅ မိုင်နှုန်း လောက်ကွာနေတယ်။ အဲ့တော့ လေတိုက်နှုန်းကွာနေသလို မုန်တိုင်းအရှိန်ကြောင့် ဖြစ်လာမယ့် တိမ်တိုက် တွေကလည်း ကွာတယ်။ GFS က ပိုများတယ်လို့ ပြနေတယ်။ ECMWF ကတော့ လောလောဆယ်မှာ နည်းနေ တယ်။ ဒီနှစ်ခုက နောက် ၂ ရက်လောက်မှ ကိုက်သွားမှာ” 

“ ကျွန်တော်တို့ ဘာကိုထပ်စောင့်ကြည့်ရမလဲဆိုတော့ အိန္ဒိယမိုးလေဝသဌာနက ဘယ်လိုထုတ်ပြန်မလဲ ဆိုတာကိုပဲ။ အခု ကြားထဲမှာ ဖြစ်သွားတဲ့ လေဖိအားနည်းရပ်ဝန်းတစ်လုံးရှိတယ်။ သီရိလင်္ကာကို ကျော်ပြီးတော့။ အဲ့ဒီတစ်လုံးက ကျွန်တော်တို့အပေါ်မှာ ဘာမှသက်ရောက်မှုမရှိခဲ့ဘူး။ ဆိုတော့ အခုဟာ ကကော အားဘယ်လောက်အထိ အတိအကျဖြစ်လာနိုင်မလဲဆိုတာကတော့ နောက် ၃ ရက်လောက်ဆို ကျွန်တော်တို့ သိပြီ” 

အောက်ပိုင်းဒေသတွေချည်းပဲလား။ အပေါ်ဘက်၊ အလယ်ပိုင်းဘက်တွေကာ အရှိန်သက်ရောက်မှုရှိနိုင်လား?

"အလယ်ပိုင်းဘက်ထိတော့ မရောက်ဘူး။ မကွေးဘက်ကိုလည်း မရောက်ဘူး။ စစ်ကိုင်းဘက်ကိုလည်း မရောက်ဘူး။ မန္တလေးတိုင်းဆိုရင်တောင် နေပြည်တော်လောက်ထိပဲ ထိနိုင်တယ်။ ဒါပေမဲ့ လက်ရှိ အနေ အထားတွေအရတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေလည်း ပါနေတော့ မိတ္ထီလာလောက်အထိလည်း ရောက်နိုင်တယ်"

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်