မွေးမြူသူတိုင်း လေ့လာကြည့်သင့်တဲ့ Feedipedia

24/08/2023 15:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

မွေးမြူရေးလုပ်ငန်းမှာ အကြီးမားဆုံး ကုန်ကျစရိတ်ဟာ အစာဖိုးကုန်ကျစရိတ်ပဲ ဖြစ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် မွေးမြူရေးလုပ်ငန်းတစ်ခုရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် စုစုပေါင်းအနက် ၇၀ ရာခိုင်နှုန်းဝန်းကျင်ဟာ အစာဖိုးကုန်ကျစရိတ် ဖြစ်ပါတယ်။ ဒါကြောင့် အစာဖိုးကုန်ကျစရိတ်ဟာ မွေးမြူရေးလုပ်ငန်းရဲ့ အကျိုးအမြတ်ရရှိနိုင်မှုအပေါ် သက်ရောက်မှု အလွန်ကြီးမားပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်အတွင်းမှာ မွေးမြူရေးသမားတွေအနေနဲ့ အစာအာဟာရနဲ့ ပတ်သက်ပြီး သိပ်ခေါင်းမစားခဲ့ရဘူးလို့ ဆိုလို့ရပါတယ်။ မိမိမွေးမြူတဲ့တိရစ္ဆာန်ရဲ့ အမျိုးအစား၊ မျိုး၊ အသက်အရွယ်၊ ထုတ်လုပ်မှုတွေအလိုက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို အတိအကျနီးပါး ရရှိနိုင်တဲ့ ရောစပ်စာတွေကို အစာကုမ္ပဏီတွေထံကနေ ဝယ်ယူပြီး အသုံးပြုရုံပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အစာထုတ်လုပ်သူတွေက သူတို့ရဲ့ အစာတွေကို အရည်အသွေးမြင့်သည်ထက်မြင့်အောင်၊ တိရစ္ဆာန်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသည်ထက် ကိုက်ညီအောင် တီထွင်ကြံဆ ထုတ်လုပ်လာကြတာပါ။ ဒါကြောင့်‌ မွေးမြူသူအများစုဟာ တိရစ္ဆာန်ရဲ့ အစာအာဟာရ နဲ့ ပတ်သက်ပြီး လေ့လာစရာ မလိုတော့သလောက်နီးပါး ဖြစ်ခဲ့ပါတယ်။ 

ဒါပေမယ့် အခုတော့ ပြဿနာ နည်းနည်းရှိလာပါပြီ။

ကမ္ဘာတလွှား တိရစ္ဆာန်အစာကုန်ကြမ်းဈေးနှုန်း မြင့်တက်လာနေတာရယ်၊ မြန်မာပြည်ရဲ့ ထူးခြားတဲ့ အခြေအနေတွေရယ်ကြောင့် အစာဈေးနှုန်းတွေက အဆမတန်ဆိုတာထက်ကို ပိုပြီး မြင့်တက်လာနေပါတယ်။ ဒါကြောင့် မွေးမြူသူတွေ၊ အစာထုတ်လုပ်သူတွေဟာ အစာအတွက် ကုန်ကျစရိတ်ကို လျှော့ချချွေတာနိုင်ဖို့ စဉ်းစားလာကြပါတယ်။ အသားတိုးကြက်လို အမှားမခံတဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ သိပ်အပြောင်းအလဲ မလုပ်ကြပေမယ့် သိုး၊ ဆိတ်၊ နွားတို့လို အကြမ်းခံတဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို မွေးမြူရာမှာ နဂိုကျွေးနေကျ အစာတွေအစား ပိုပြီးဈေးသက်သာ၊ ပိုပြီးပေါပေါများများရလွယ်တဲ့ အစာတွေကို ရှာဖွေကျွေးမွေးလာကြပါတယ်။ (ဥပမာအားဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းမှာ ယခင်က အသုံးမပြုခဲ့ဖူးတဲ့ တရုတ်ပဲကြီးကို ထည့်သွင်းအသုံးပြုလာကြတာမျိုးပါ။) ဒါကြောင့် အစာကုန်ကြမ်းအမယ်အသစ်တွေအကြောင်း ပိုမိုသိရှိဖို့ လိုအပ်လာတော့မှာ ဖြစ်ပါတယ်။ 

အဲဒီလို အစာကုန်ကြမ်းတွေအကြောင်း သိရှိဖို့ လိုအပ်လာတဲ့အခါ အချက်အလက်တွေ ဘယ်လိုရှာဖွေရမလဲဆိုတာက ပြဿနာ တစ်ခုပါ။ ဒီပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူပြုနိုင်မယ့် ဝဘ်ဆိုဒ်တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ Feedipedia (www.feedipedia.org) ဆိုတဲ့ ဝဘ်ဆိုဒ်ပါ။ 

အဲဒီ ဝဘ်ဆိုဒ်ဟာ ကမ္ဘာတလွှားက မွေးမြူသူတွေ၊ အာဟာရဗေဒပညာရှင်တွေ၊ အစာထုတ်လုပ်သူတွေ၊ ကျောင်းသားတွေ၊ မွေးမြူရေးဌာနဆိုင်ရာတွေ၊ စသည်ဖြင့် သက်ဆိုင်သူအားလုံးအတွက် အခမဲ့ အသုံးပြုခွင့်ပေးထားတဲ့ ဝဘ်ဆိုဒ်ဖြစ်ပါတယ်။ Feedipedia ကို ပြင်သစ်နိုင်ငံ စိုက်ပျိုးရေးသုတေသနအင်စတီကျူ့ (INRAE  - French National Institute for Agricultural Research) ၊ ပြင်သစ် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသန စင်တာ (CIRAD - Centre de Coopération Internationale en Recherche Agronomique pour le Développement)၊ ပြင်သစ်နိုင်ငံ မွေးမြူရေးအသင်း (AFZ - French Association for Animal Production) နဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တည်ထောင်ထားတာ ဖြစ်ပါတယ်။ 

Feedipedia ဟာ သူ့ရဲ့ နာမည်အတိုင်း တိရစ္ဆာန်အစာ (Feed) တွေအကြောင်း ရေးသားထားတဲ့ အွန်လိုင်း စွယ်စုံကျမ်း (Encyclopedia) တစ်ခုဖြစ်ပါတယ်။ ကမ္ဘာတလွှားက တိရစ္ဆာန်အစာအမျိုးအစားပေါင်း ၁၄၀၀ ကျော်ရဲ့ အကြောင်းကို အဓိကအုပ်စုကြီး (၄) စု အဖြစ် ခွဲခြားဖော်ပြထားပါတယ် - 

(၁) တိရစ္ဆာန်အစာကြမ်းပင်များ (Forage plants)

(၂) အပင်ထွက်ပစ္စည်း/ဘေးထွက်ပစ္စည်းများ (Plant products/By-products)

(၃) တိရစ္ဆာန်ထွက်ပစ္စည်းများ (Feed of animal origin) 

(၄) အခြားအစာများ (Other) 

အစာတစ်မျိုးချင်းစီရဲ့ ဒေသန္တရအမည်၊ သိပ္ပံအမည်၊ စသည်ဖြင့် အမည်တစ်ခုခုကို သိရှိရုံနဲ့ အဲဒီအစာရဲ့ အကြောင်းကို အသေးစိတ် လေ့လာနိုင်ပါတယ်။ 

  • ဘယ်ဒေသမှာ ဘယ်လို စိုက်ပျိုးလို့ရတဲ့ တိရစ္ဆာန်အစာပင်လဲ။
  • အာဟာရဓာတ်ပါဝင်မှု အချိုးအစားတွေက ဘယ်လိုလဲ။
  • ဘယ်တိရစ္ဆာန်တွေကို ကျွေးမွေးနိုင်သလဲ။ 
  • ဘယ်လောက်ပမာဏအထိ ကျွေးမွေးနိုင်သလဲ။ ဘေးထွက်ဆိုးကျိုးက ဘာတွေလဲ။
  • အဆိပ်အတောက်နဲ့ မလိုလားအပ်တဲ့ ဓာတ်ပစ္စည်းတွေ ဘာတွေ ဘယ်လောက်နှုန်းလောက် ပါဝင်သလဲ။
  • ဘယ်လိုတန်ဖိုးမြှင့်တင် ထုတ်လုပ်ပြီး အသုံးပြုနိုင်မလဲ။
  • အဲဒီ့ အစာကို စိုက်ပျိုးထုတ်လုပ် အသုံးပြုမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ကို ဘယ်လို သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်သလဲ။

Feedipeida ဝဘ်ဆိုဒ်ကို စတင်လွှင့်တင်ကတည်းက ဝဘ်ဆိုဒ်မှာပါဝင်တဲ့ အချက်အလက်တွေကို ဘာသာ စကား အတော်များများနဲ့ လေ့လာဖတ်ရှုနိုင်အောင် စီစဉ်ထားခဲ့တာပါ။ မြန်မာနိုင်ငံသားတွေအတွက်ကတော့ ယခင်က အင်္ဂလိပ်ဘာသာနဲ့ပဲ ဖတ်ရှု့လေ့လာနိုင်ခဲ့တာပါ။ အခုတော့ဖြင့် အဲဒီဝဘ်ဆိုဒ်ကို မြန်မာဘာသာနဲ့ အလွယ်တကူ လေ့လာနိုင်ပြီ ဖြစ်ပါတယ်။ ဒီမှာ သတိပြုရမှာက မြန်မာဘာသာပြန်ဆိုတာကို Google Translate က ထောက်ပံ့ကူညီထားတာဖြစ်ပြီး လွဲချော်မှုအချို့ ရှိနိုင်တယ်ဆိုတာပါပဲ။ 

ဘယ်လိုပဲဖြစ်ဖြစ် ဝဘ်ဆိုဒ်ကနေ အခုရရှိနေတဲ့ ဝန်ဆောင်မှုနဲ့တင်ကိုပဲ မြန်မာ့မွေးမြူသူတွေ၊ စိုက်ပျိုးသူတွေအတွက် အများကြီး အထောက်အကူပြုနိုင်တယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့်လည်း ဒီဝဘ်ဆိုဒ်လေးကို သွားရောက်လေ့လာကြည့်ကြဖို့ မိတ်ဆက်ပေးရခြင်း ဖြစ်ပါတယ်။ စာဖတ်သူများအတွက် တစုံတရာ အကျိုးရှိလိမ့်မယ်လို့ ယုံကြည်မိသလို သွားရောက်လေ့လာကြည့်ဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။ Feedipedia ဝဘ်ဆိုဒ်ကို သွားရောက်လေ့လာပြီးတဲ့နောက် စာဖတ်သူတို့ရရှိတဲ့ အတွေ့အကြုံတွေ၊ အကျိုးရလဒ်တွေကိုလည်း ဒီဆောင်းပါးအောက်မှာ မှတ်ချက်ရေးပြီး ပြန်လည်မျှဝေပေးပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ်။ 

သက်ခိုင်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်