ကျွဲ၊ နွား၊ သိုး၊ ဆိတ်များအတွက် အာဟာရဖြည့်စွက်စာ ယူရီးယားသကာတုံးပြုလုပ်နည်း

04/04/2022 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

 

အာဟာရဖြည့်စွက်စာ ယူရီးယားသကာတုံးမှာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်ကဲ့သို့ စားမြုံ့ပြန် သတ္တဝါများအတွက် မရှိမဖြစ်လိုအပ်သော ဖြည့်စွက်စာဖြစ်ပါသည်။

 

၄င်းသကာတုံးကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်များကို ဖြည့်စွက်စာအဖြစ်ကျွေးမွေးပါက အာဟာရဓာတ် ပိုမိုရရှိစေခြင်းကြောင့် ကြီးထွားမှုကို  ပိုမိုကောင်းမွန်စေပါသည်။ ပူအိုက်ခြောက်သွေ့သော ရာသီတွင် အာဟာရဓာတ်နည်းပါးသော အစာကြမ်းများကို စားရသော တိရစ္ဆာန်များ၊ လယ်ကွင်းများတွင်ထိန်းကျောင်းမွေးမြူထားသော တိရစ္ဆာန်များအတွက် အထူးလိုအပ်ပါသည်။

 

ယူရီးယားသကာတုံးကို တစ်နှစ်ပတ်လုံးကျွေးမွေးနိုင်ပါသည်။

 

ယူရီယားသကာတုံးပြုလုပ်ရာတွင် အခြေခံအားဖြင့် ပါဝင်သောပစ္စည်းများမှာ-

 

 

 

  (က) သကာရည် - ၃၅ %

 

  (ခ)  ဖွဲနု - ၃၅%    

 

   (ဂ) ယူရီးယား(ပုလဲ)မြေသြဇာ - ၁၀%

 

   (ဃ) ဘိလပ်မြေ - ၅%

 

    (င) ထုံး - ၁၀%

 

    (စ) ဆား - ၅% တို့  ဖြစ်ပါသည်။ 

 

 

 

လိုအပ်သောပစ္စည်းကိရိယာများမှာ -

 

(က) သကာတုံးပြုလုပ်ရန်အတွက် (သစ်သားခွက်၊ ပလတ်စတစ်ခွက်၊ သံပုံး၊သွပ်ပုံး)။

 

(ခ) အထက်ပါ ပါဝင်ပစ္စည်းများ။ 

 

(ဂ) ရောစပ်ရန်အတွက်ကရိယာများ(ဂေါ်ပြား၊ ဇလားခွက်ကြီး)။

 

(ဃ) ချိန်ခွင်တို့  ဖြစ်ပါသည်။ 

 

 

 

ပြုလုပ်နည်းမှာ -

 

 

 

၁။ ဖွဲနု၊ ဘိလပ်မြေ၊ ထုံးတို့ကို အထက်ပါအချိုးအစားတိုင်းချိန်တွယ်၍ သမအောင်မွှေပါ။ 

 

၂။ သကာရည်၊ ယူရီးယား၊ ဆားတို့ကိုလည်း အထက်ပါ အချိုးအစားအတိုင်းချိန်တွယ်၍ ဇလုံထဲရောထည့်၍ သမအောင် ရောနယ်ပါ။

 

၃။ နယ်ပြီးပါက ဖွဲနုအရောထဲသို့ သကာရည်အရောကို  လောင်းထည့်ပြီး သမအောင်နယ်ပါ။

 

၄။ သမသွားသောအခါ အသင့်ပြုလုပ်ထားသောပုံစံခွက်အတွင်းသို့ သတ်မှတ်အလေးချိန်အတိုင်း ထည့်၍ သစ်သားဒင်ဖြင့်ထုထောင်းခြင်း၊ နင်းပြားခံ၍ ခြေထောက်ဖြင့်နင်းသိပ်ခြင်းပြုလုပ်ပါ။ 

 

၅။ ပြီးလျှင် ပုံစံခွက်ထဲမှ သကာတုံးကို ထုတ်ယူပြီး(၂၄) နာရီခန့် အရိပ်ထဲတွင် အခြောက်ခံထားပြီးပါက ကျွဲ၊ နွား၊ သိုး၊ ဆိတ်များကို ကျွေးမွေးနိုင်ပြီဖြစ်ပါသည်။

 

 

 

 

 

ကျွေးမွေးရန်နှုန်းထားမှာ -

 

သကာတုံးများထည့်ကျွေးရာတွင် အလေအလွင့်နည်းစေရေးအတွက် သကာတုံးထည့်နိုင်သည့် သစ်သားခွက် (သို့)  သတ္တုခွက်တွင်ထည့်၍ အောက်ပါနှုန်းထားအတိုင်းကျွေးမွေးနိုင်ပါသည်။

 

(က) နွားကြီးများတစ်ရက်လျှင်    (၂၀ - ၅၀) ကျပ်သား။ 

 

(ခ) (၆) လအထက်ကျွဲနှင့် နွားငယ်များကို တစ်ရက်လျှင် (၉ - ၁၅) ကျပ်သား။

 

(ဂ) သိုး၊ ဆိတ်များကို တစ်ရက်လျှင်(၄ - ၆ )ကျပ်သား ကျွေးနိုင်ပါသည်။

 

 

 

အကျိုးသက်ရောက်မှုအနေဖြင့် -

 

ယူရီးယားသကာတုံး(၁)ပိဿာသည် နှမ်းဖတ်(၁)ပိဿာ(သို့) စပ်စာ(၂)ပိဿာ၏ အာဟာရတန်ဖိုးနှင့် ပျမ်းမျှအားဖြင့်တူညီပါသည်။ သကာတုံးကျွေးမွေးခြင်းအားဖြင့်  နို့စားနွားမများနို့ထွက် (၂၀)% တိုးခြင်း၊ ဇီးပြန်ရနှုန်းမြန်၍ သားပေါက်နှုန်းကောင်းခြင်း၊  တိရစ္ဆာန်အငယ်များကြီးထွားနှုန်းကောင်း၍  အရွယ်ရောက်စောခြင်း၊ ကျန်းမာဝဖြိုးခြင်း၊  ခိုင်းနွားများ   လုပ်ငန်းခွင်စွမ်းအားတိုးတက်လာခြင်း စသည့်အကျိုးသက်ရောက်မှုများ ရရှိနိုင်ပါသည်။

 

 

 

သတိပြုရမည်အချက်များမှာ -

 

(က) သကာတုံးပြုလုပ်စဉ် ယူရီးယားအခဲနှင့် ဘိလပ်မြေအခဲများ မပါစေရ။

 

(ခ) သကာရည်ထဲတွင် ပုလဲဓာတ်မြေသြဇာများ ပျော်ဝင်အောင်မွှေပါ။

 

(ဂ) ပါဝင်သည့်ပစ္စည်းများကို နှံ့စပ်အောင်ရောနှောရပါမည်။

 

(ဃ) သကာတုံးသည် အာဟာရဖြည့်စွက်စာဖြစ်၍ အစာနု (သို့) အစာကြမ်းနှင့်တွဲဖက်ကျွေးရပါမည်။

 

(င)  ရေလုံလောက်စွာ သောက်နိုင်စေရန်ထားရှိရပါမည်။

 

(စ)  စတင်ကျွေးမွေးချိန်တွင် နည်းနည်းချင်းစတင်ကျွေး၍ တဖြည်းဖြည်းပမာဏ တိုး၍ကျွေးသင့်ပါသည်။

 

 

 

ယူရီးယားအဆိပ်သင့်ခြင်းဖြစ်ပွားပါက အဆိပ်သင့်လက္ခဏာများနှင့် ကုသနည်းများ

 

 

 

အလွန်အကျွံစားမိပါက    အဆိပ်အတောက်ဖြစ်တတ်ပါသည်။ လက္ခဏာများမှာ - 

 

       (က) ပါးစပ်တဝိုက်အမြှုပ်ထွက်ခြင်း၊

 

        (ခ)  ဘယ်ဖက်ဘေးရှိ အစာအိမ်ရောင်ခြင်း၊

 

        (ဂ) အရက်မူးနေသကဲ့သို့ဖြစ်နေခြင်း၊

 

       (ဃ) မအီမသာဖြစ်ပြီး အသက်ရှူကြပ်ခြင်း၊

 

        (င) ဒယီးဒယိုင်ဖြစ်ခြင်း၊

 

        (စ) အကြောဆွဲခြင်းတို့ ဖြစ်ပွားတတ်ပါသည်။

 

ကုသခြင်း

 

(က) အဆိပ်သင့်၍ မကျန်းမာသောတိရစ္ဆာန်များကိုသီးခြားစီ ခွဲခြားထားခြင်း။

 

(ခ)  အစာခွက်အတွင်းမှ သကာတုံးများကိုဖယ်ရှားပေးခြင်း။

 

(ဂ) ရှာလကာရည် (၁)လီတာမှ (၂) လီတာအထိ ရေနှင့်ရော၍ မကျန်းမာသောတိရစ္ဆာန်များကို တိုက်ကျွေးခြင်းတို့ဖြစ်ပါသည်။

 

 

 

ကျွဲ၊ နွား၊ သိုး၊ ဆိတ်များအတွက် အာဟာရဖြည့်စွက်စာ သကာတုံးများကို အလွယ်တကူဝယ်ယူကျွေးမွေးနိုင်သော်လည်း  အရည်အသွေးမမှန်ခြင်း၊ လတ်ဆတ်မှုမရှိခြင်း စသောကိစ္စရပ်များနှင့်ကြုံတွေ့နိုင်သဖြင့် အလွယ်တကူရရှိနိုင်သော ကုန်ကြမ်းများဖြင့် ကိုယ်တိုင်ပြုလုပ်နိုင်ပါက ကုန်ကျစရိတ် ပိုမိုသက်သာနိုင်သလို ပိုမိုအကျိုးရှိနိုင်ပါကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါသည်။

 

 

မှီငြမ်း-မွေးကုဦးစီးဌာနမှ ဖြန့်ဝေသော လက်ကမ်းစာစောင်များ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Natural Cure Co.,Ltd ကြော်ငြာ

ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံးမင်္ဂလာပါရှင့် ခုမိတ်ဆက်ပေးချင်တာကတော့ အန်စီကွန်ပေါင်းဓာတ်မြေဩဇာလေးတွေဖြစ်ပါတယ် တောင်သူကြီးများအနေဖြင့် သီးပင်စားပင်စိုက်ပြီဆိုတာနဲ့ မြေဩဇာကျွေးလေ့ရှိကြတယ်မဟုတ်လား မြေဩဇာဆိုတာနဲ့ (NPK)အချိုးအစုံရှိတဲ့ အန်စီဓာတ်မြေဩဇာလေးတွေကို သတိရလိုက်ပါရှင့် အောက်မှာ အချိုးတစ်ခုချင်းစီအလိုက် ပုံလေးတွေနဲ့ အတူတူ ဖော်ပြပေးလိုက်ပါတယ်ရှင့် အသေးစိတ်သိလိုပါက 09958457742 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်