ဖြေကြားချက် ၁ ခု
အထွက်နှုန်းတော့ မသိပါဘူး။ စိုက်ပျိုးနည်းတော့ တွေ့လို့ ဖတ်နိုင်အောင် တင်ပေးလိုက်ပါတယ်။ ဘိုကိတ်ပဲ စိုက်ပျိုးနည်း အခုလိုရာသီမှာ စိုက်ပျိုးလို့ သင့်တော်တဲ့ ဘိုကိတ်ပဲစိုက်ပျိုးနည်းလေးကို ပြောပြပေးချင်ပါတယ်ဗျ။ ရာသီဥတု - စိုစွတ်တဲ့မိုးရာသီမှာ စိုက်တာများပြီး ခြောက်သွေ့တဲ့ နွေရာသီမှာလည်း ရေသွင်းစိုက်လေ့ရှိကြပါတယ်။ အလွန်အေးပြီး နှင်းကျတဲ့ရာသီဥတုကိုတော့ နှစ်သက်လေ့မရှိပါဘူးဗျ။ မြေအမျိုးအစား - ရေစီးဆင်းမှုကောင်းပြီး မြေအချဥ်ငံဓာတ် (၆.၅ - ၇) လောက် ရှိတဲ့ နုန်းမြေ၊ သဲနုန်းမြေတွေက အသင့်တော်ဆုံးမြေဖြစ်ပါတယ်။ ဒီမြေတွေက ရေမြုပ်တာကိုလည်း ရှောင်လွဲပေးနိုင်မှာဖြစ်ပါတယ်။ စိုက်ပျိုးချိန် - များသောအားဖြင့်တော့ ဧပြီလမှ ဩဂုတ်လ၊ ဩဂုတ်လမှ စက်တင်ဘာလ အစောပိုင်းလောက်အထိ စိုက်ပျိုးကြပါတယ်။ မြေပြင်ခြင်း - မစိုက်ခင်မှာမြေကို ထယ်ထိုး၊ ထွန်မွှေပြီး ရိုးပြတ်တွေနဲ့ အမှိုက်မှန်သမျှကို ရှင်းလင်းပေးပါ။ ဒါမှ ပေါင်းမြက်ပေါက်ရောက်မှုကို အနည်းဆုံးအနေအထားထိ လျော့ချနိုင်မှာလည်းဖြစ်ပါတယ်ဗျ။ မြေဩဇာထည့်ခြင်း - ဘိုကိတ်ပဲကိုယ်တိုင်ကိုက နိုက်ထရိုဂျင်ထုတ်ပေးတာမို့ နိုက်ထရိုဂျင်ကျွေးစရာမလိုပါဘူးဗျ။ တစ်ဧကကို နွားချေး (၇)စီး၊ ပုလဲ(၇) ပြည်၊ ပိုတက် (၁၂)ပြည်၊ တီစူပါ(၂၂) ပြည်ကို မြေခံအဖြစ်ထည့်ပေးပါ။ စိုက်ပျိုးခြင်း - မစိုက်ခင်မှာ မျိုးစေ့တွေကို မှိုသတ်ဆေးတစ်မျိုးမျိုးနဲ့ လူးနယ်ထားပေးပါ။ - တစ်ဧကကို မျိုးစေ့နှုန်းထား (၆-၈) ပြည်အထိ သုံးနိုင်ပါတယ်ဗျ။ - တိုက်ရိုက်အစေ့ချစိုက်လေ့ရှိပြီး ကျင်းအနက် တစ်လက်မလောက် တစ်ကျင်းကို ၂ စေ့နှုန်းနဲ့ စိုက်ပါ။ တစ်ကျင်းနဲ့တစ်ကျင်း အကွာအဝေးကို ၆ လက်မလောက်ခြားပေးပြီး တန်းခြားကို ၁၂ လက်မလောက်ထားပေးပါ။ ရေသွင်းပေးခြင်း - မိုးရာသီမှာစိုက်ရင် ရေအရမ်းမလိုအပ်ပေမယ့် နွေရာသီမှာစိုက်ရင်တော့ ရေသွင်းပေးဖို့လိုအပ်ပါတယ်ဗျ။ အထူးသဖြင့် အပင်ပေါက်ချိန်နဲ့ အစေ့ဆံတည်ချိန်တွေမှာ ရေလိုအပ်ပါတယ်။ Sprinkler နည်းနဲ့ ရေပေးမယ်ဆိုရင်တော့ တစ်နေ့ကို (၂-၄) နာရီလောက်ရေပေးပါ။ ပေါင်းမြက်ရှင်းခြင်းနဲ့ ကျရာက်တတ်သောပိုးမွှားရောဂါများ - ပေါင်းမြက်တွေက အပင်အတွက်ပေးတဲ့အာဟာရတွေကို ဖဲ့ယူစားသောက်ကြတာမို့ ပဲသက်တမ်းတစ်လျှောက်လုံးမှာ (၂-၃) ကြိမ် ကြားပေါင်းလိုက်ပေးဖို့ လိုပါတယ်ဗျ။ - အဓိကကျရောက်တတ်တဲ့ပိုးကတော့ လှေးပိုးနဲ့ သီးလုံးဖောက်ပိုးဖြစ်ပြီး ပျ၊ ယင်ဖြူနဲ့ အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါလည်း ကျရောက်တတ်ပါတယ်ဗျ။ ခူးဆွတ်ရိတ်သိမ်းခြင်း - ပျမ်းမျှအားဖြင့်တော့ စိုက်ပြီး ရက်ပေါင်း(၉၀-၁၂၀)လောက် အကြာမှာ ခူးဆွတ်ကြပါတယ်။ တစ်နည်းအားဖြင့် သီးထောင့်ရဲ့ ၉၅ % က ဝါညိုရောင်ပြောင်းလာတဲ့အချိန်မှာ ခူးဆွတ်ကြပါတယ်။ အများအားဖြင့် လက်နဲ့ခူးဆွတ်ကြပြီး ခူးပြီးသားသီးတောင့်တွေကို အရိပ်အောက် အေးတဲ့နေရာမှာ သိုလှောင်ထားလေ့ရှိကြပါတယ်ဗျ။ ထွန်းရာဇာ
ဆက်စပ်မေးခွန်းများ