ဖြေကြားချက် ၁ ခု
ပဲယင်းစိုက်ပျိုးနည်း ရာသီဥတု အမျိုးအစား ပဲယင်းက ပူနွေးတဲ့ရာသီဉတုကို ကြိုက်နှစ်သက်ပါတယ်။ အပူချိန် (၁၈ မှ ၃၇)ဒီဂရီစင်တီဂရိတ်အထိ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ စိုက်ချိန်ကတော့ ဇူလှိုင်လအတွင်း စိုက်ခြင်းက အသင့်တော်ဆုံးဖြစ်ပြီး ဩဂုတ်၊စက်တင်ဘာလအထိ စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးထုတ်လုပ်သော ဒေသများ ပဲယင်းကို မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့မှာ အများအပြားစိုက်ပျိုးကြပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာလည်း အသင့်အတင့်စိုက်ပျိုးကြပါတယ်။ မြေအမျိုးအစား ပဲယင်းကို မြေအမျိုးအစား အတော်များများမှာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ ရေစီးရေလာကောင်းတဲ့ နုန်းမြေတွေနဲ့ မြေဩဇာကြွယ်ဝတဲ့ သဲနုန်းမြေတွေမှာတော့ ပိုပြီးသင့်တော်ပါတယ်။ ဒါပေမယ့် ဆားပေါက်တဲ့မြေ၊ သဲဆန်တဲ့မြေနဲ့ ရေဝပ်တဲ့မြေတွေမှာတော့ မစိုက်သင့်ပါဘူးဗျ။ မျိုးစေ့နှုန်းထား အတန်းလိုက်စိုက်မယ်ဆိုရင် ၁ ဧကကို (၆ မှ ၈) ပြည်နှုန်း သုံးစွဲနိုင်ပြီး ကြဲပက်စိုက်မယ်ဆိုရင်တော့ (၁၀-၁၂) ပြည်အထိ သုံးစွဲပေးရပါမယ်။ မြေပြင်ခြင်းနဲ့ စိုက်ပျိုးခြင်း - ပဲယင်းစိုက်မယ့်မြေကို ထယ်နက်နက်တစ်ကြိမ်နဲ့ ထွန်ရေးနှစ်ကြိမ်ဝင်ပြီး မြေပြင်သင့်ပါတယ်။ စိုက်မယ့်မြေမှာရှိတဲ့ ပေါင်းမြက်အမှိုက်တွေနဲ့ ရိုးပြတ်တွေကို ရှင်းပေးပါ။ - ထယ်ထိုးထွန်မွှေနေစဉ်အတွင်း သဘာဝမြေဆွေးများ၊ နွားချေးများ ထည့်ပေးပါ။ ဓာတ်မြေဩဇာများအဖြစ် ပုလဲ (၆-၈) ပြည်၊ တီစူပါ (၂၀-၂၄) ပြည်နှုန်းဖြင့် ထည့်ပေးပါ။ - ပဲယင်မျိုးစေ့တွေကို တန်းကြား (၁၀-၁၂) လက်မ၊ ပင်ကြား (၄-၅) လက်မ ထား၍ အတန်းလိုက်စိုက်ပါ။ မျိုးစေ့တွေကို မြေကြီးအနက် တစ်လက်မထားစိုက်ပြီး ရေအနည်းငယ်ဖျန်းပေးပါ။ မြေဩဇာကျွေးခြင်းနဲ့ ရေသွင်းခြင်း - စိုက်ပျိုးနောက်ပိုင်းမှာတော့ မြေဩဇာကျွေးခြင်းကို အထူးတလည်ထပ်ပြီး လုပ်စရာမလိုတော့ပါဘူး။ မြေပြင်ချိန်တုန်းက ကျွေးခဲ့တာတွေနဲ့ လုံလောက်မှုရှိပါတယ်ဗျ။ - ရေသွင်းခြင်းကိုတော့ မိုးရာသီမှာ လုပ်စရာမလိုပါဘူး။ နွေရာသီမှာတော့ (၂-၃) ကြိမ်ရေသွင်းပေးဖို့ လိုအပ်ပါတယ်။ ပေါင်းနှိမ်နင်းခြင်း သီးနှံသက်တမ်းတစ်လျှောက်မှာ ပေါင်းကျရောက်ခြင်းက အဓိကပြဿနာတစ်ရပ်ပါပဲ။ ပေါင်းမြက်တွေက မြေကြီးထဲမှာရှိတဲ့ ပဲပင်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို လုယူစားသုံးကြတာမို့ အထူးကာကွယ်နှိမ်နင်းဖို့ လိုအပ်ပါတယ်။ စိုက်ပြီးရက်ပေါင်း (၃၀-၅၀) အတွင်း (၂-၃) ကြိမ် ကြားပေါင်းလိုက်ပေးဖို့ လိုအပ်ပါမယ်။ မြေဖုံးခြင်းလုပ်ပေးနိုင်မယ်ဆိုရင်တော့ ပေါင်းနှိမ်နင်းဖို့ အသင့်တော်ဆုံးနည်းလမ်းဖြစ်သလို မြေကြီးရဲ့အစိုဓာတ်ပါထိန်းထားပေးနိုင်ပါတယ်။ ကျရောက်တတ်သော ပိုးမွှားနဲ့ ရောဂါများ - ပဲယင်းမှာဆိုရင်တော့ သီးလုံးဖောက်ပိုးနဲ့ ကျိုင်းနက်ကောင်တွေသာ အဓိကကျရောက်တာကို တွေ့ရပါတယ်။ ခူးမွေးရှည်တွေလည်း ကျရောက်တတ်ပါတယ်။ သီးလုံးဖောက်ပိုးကို Acephate အဆီဖိတ် 75 SP၊ ကျိုင်းနက်ကောင်တွေကို Deltamethrin ဒယ်တာမီသရင် 2.8 EC ဖြင့် နှိမ်နင်းနိုင်ပါတယ်။ - ရောဂါတွေအနေနဲ့ကတော့ အဝါရောင်မိုစေ့ရောဂါနဲ့ အရွက်ပုပ်၊ အရိုးပုပ်ရောဂါတွေ ကျရောက်တတ်ပါတယ်။ အဝါရောင်မိုစေ့ရောဂါကို ကာကွယ်ဖို့ဆိုရင် အပင်တွေ စဝါကတည်းက နှုတ်ပစ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ခူးဆွတ်ရိတ်သိမ်းခြင်း - ပဲယင်းကို စိုက်ပျိုးပြီး (၃-၄) လ အကြာ ရက်ပေါင်း (၉၀-၁၂၀) အတွင်း ခူးဆွတ်ရိတ်သိမ်းကြပါတယ်။ - တစ်နည်းအားဖြင့် သီးတောင့်တွေရဲ့ ၈၀% က အညိုရောင်ပြောင်းနေတဲ့အချိန်မှာ စတင်ခူးဆွတ်နိုင်ပါပြီ။ - ခူးဆွတ်ခြင်းကို မနက်ခင်းပိုင်းမှာလုပ်ဆောင်ခြင်းက ပိုသင့်တော်စေပါတယ်။ ခူးဆွတ်ပြီးတဲ့သီးတောင့်တွေကို နေလှန်းအခြောက်ခံပြီး အစေ့ထုတ်ကာ သိုလှောင်ထားနိုင်ပါတယ်။ ထွန်းရာဇာ
ဆက်စပ်မေးခွန်းများ