ဖြေကြားချက် ၁ ခု
မြေငန် (သို့) pH 7 ထက်မြင့်တဲ့မြေ (သို့) Alkaline Soil နှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ ဗဟုသုတများ ဆားပေါက်မြေ၊ ဆပ်ပြာပေါက်မြေ၊ ဆား ဆပ်ပြာပေါက်မြေများအကြောင်းကို အရင်တခါရေးခဲ့ပြီးပါပြီ… ဒီတခါတော့ FB သူငယ်ချင်းတယောက်က အဖွဲ့ထဲမှာ မေးလာတဲ့ မေးခွန်းအပေါ်အခြေခံပြီးတော့ ဒီ Alkaline Soil အကြောင်းရေးဖို့ ဖြစ်လာတာပါ…စိတ်ဝင်တစားမေးလာတဲ့အတွက်ကျေးဇူးတင်ပါတယ်…တခါတလေကျတော့လည်း အလုပ်တခုကို လုပ်ရမယ်ဆိုတာသိပေမဲ့ တွန်းအားပါတော့ ပိုပြီးမြန်မြန်လုပ်ဖြစ်သွားတဲ့ သဘောမျိုးပေါ့… Alkaline Soil pH မြင့်တဲ့မြေလို့ဆိုရာမှာ pH က ဘယ်လောက်မြင့်တာလဲ ပြီးတော့ တဆက်တည်း EC ကကော ဘယ်လောက်ရှိတာလည်းဆိုတာအပေါ်မူတည်ပြီး နောက်ထပ်ဘာတွေအရေးတကြီးထပ်တိုင်းဖို့ လိုသလဲဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်…pH ၈.၅ ထက်မြင့်ပြီး EC ကျတော့ ၄ ထက်နိမ့်တဲ့မြေဆိုရင်တော့ ဆပ်ပြာပေါက် (Sodic Soil) မြေ ဖြစ်ဖို့များတာမို့လို့ မြေရဲ့ Na ပါဝင်မှု အချိုးအစားကို အရေးတကြီးသိဖို့လိုပါလိမ့်မယ်…ဒါမှသာ မြေဆီလွှာပြုပြင်ရမယ့် နည်းလမ်းကို ချင့်ချိန်နိုင်မှာမို့လို့ပါ…အဲ ဒါပေမဲ့ pH က ၇ နဲ့ ၈ လောက်ပဲရှိပြီးတော့ EC ကျတော့ သိပ်ကိုနိမ့်လွန်းနေတယ် ဆိုရင်တော့ တမျိုးတဖုံ စဉ်းစားရမှာပါ...ဒီတော့ EC ဘယ်လောက်က သိပ်နိမ့်လွန်းတာလဲ ဆိုတာ သိဖို့လိုလာပြီပေါ့…ယေဘုယအားဖြင့် EC က ၁.၈ dS/m ထက် နိမ့်နေရင် မြေဆီလွှာအတွင်းမှာ အာဟာရဓါတ်ချို့တဲ့မှုုဖြစ်နိုင်တယ်လို့ ဆိုပါတယ်... ဘာလို့လဲဆိုတော့ EC တန်ဖိုးဆိုတာက Na ဆိုတဲ့ အပင်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့ ဆားတမျိုးတည်းကို သာဖေါ်ပြတာမဟုတ်ဘဲ မြေဆီလွှာပျော်ရည်ထဲမှာ ပျော်ဝင်နေတဲ့ ဆားပမာဏစုစုပေါင်းကို ဖေါ်ပြတဲ့ အညွှန်းကိန်းတခုဖြစ်တာကြောင့် Na အပါအဝင် အခြားသော အာဟာရဓါတ်များရဲ့ အခြေအနေကိုလည်း ဖေါ်ပြနေလို့ပါပဲ….ဒါကြောင့် ယေဘုယအားဖြင့် အားလုံး သိထားပြီးကြတဲ့ အတိုင်း EC တန်ဖိုး သိပ်များနေရင် (ယေဘုယအားဖြင့် >4) ဒီမြေက ငန်တယ် လို့ ပြောကြပေမယ့် နည်းလွန်းနေရင်ကော ဆိုတာကိုတော့ သိပ်မပြောဖြစ်ကြတာ တွေ့ရပါတယ်....ဒါကလဲ EC သိပ်နည်းလွန်းတဲ့ ပြဿနာမျိုးက သိပ်ဖြစ်လေ့ဖြစ်ထ မရှိတာကြောင့်လည်းဖြစ်နိုင်မယ်ထင်ပါတယ်…တကယ်တော့ ဒီ EC တန်ဖိုးက သိပ်များလွန်းနေရင်လည်း အပင်တွေအတွက် ရေစုပ်ယူရာမှာ အခက်အခဲ ရှိတာ ဆားဓါတ်အဆိပ်သင့်တာ စတာတွေဖြစ်စေနိုင်သလို EC တန်ဖိုး အလွန်နိမ့်လွန်းတာကလည်း အပင်များ ရှင်သန်ကြီးထွားဖို့ လိုအပ်တဲ့ အာဟာရဓါတ်များကို မဖြည့်ဆည်းပေးနိုင်ဘူးဆိုတာကို ပြနေတာဖြစ်ပါတယ်...ဒါ့အပြင် အပင်များ ရှင်သန်ကြီးထွားဖို့ လိုအပ်တဲ့အာဟာရဓါတ်များရယူနိုင်ရေးမှာ အရေးပါလှတဲ့ သက်ရှိအဏုဇီဝပိုးမွှားများရဲ့ ရှင်သန်နိုင်မှုလည်း အလွန်နည်းနေတာကို ပြသနေခြင်းဖြစ်ပါတယ်…ဒီလို EC နိမ့်လွန်းတဲ့ အနေအထားမျိုးကို pH 7.5 ထက်မြင့်တဲ့ မြေမျိုးမှာ တွေ့ရတတ်ပါတယ်….ဘာဖြစ်လို့လဲဆိုတော့ pH က မြေဆီလွှာပျော်ရည်ထဲမှာ အာဟာရဓါတ်ပျော်ဝင်နိုင်မှုကို အဓိကလွှမ်းမိုးထားတဲ့ အချက်တခုဖြစ်လို့ပါပဲ…ပုံထဲမှာ မြင်ရတဲ့ အတိုင်းပဲ pH ၇ အထက်ရောက်လာပြီဆိုရင် Molybdenum ကလွဲလို့အနည်းလိုအာဟာရဓါတ်များရဲ့ ပျော်ဝင်မှုနှုန်းအလွန်နည်းသွားတာကို တွေ့ရပါတယ်…ဥပမာ အနည်းလို အာဟာရဓါတ် တမျိုးဖြစ်တဲ့ သံဓါတ် (Fe) ကိုကြည့်ရအောင်… သူ့ရဲ့ ပျော်ဝင်နုန်းဟာ pH 4.0 မှာ ၁၀၀ ppm ရှိတယ် ဆိုပါစို့… pH 6.0 ထိတက်သွားရင် ပျော်ဝင်နုန်းက ဝ.၀၁ ppm ပဲရှိတော့မှာဖြစ်ပါတယ်…pH 7.5 အထက်ကိုရောက်သွားရင် သံဓါတ်ရဲ့ ပျော်ဝင်နုုန်းက အပင်လိုအပ်တာထက် အလွန်းနည်းသွားနိုင်တာကြောင့် ဒီလိုမြေမျိုးမှာ သံဓါတ်ချို့တဲ့မှုကိုအတွေ့ရများပါတယ်…ဒါကြောင့် pH မြင့်တဲ့ မြေတွေမှာ အနည်းလို အာဟာရဓါတ်များဖြစ်ကြတဲ့ Cu, Zn, Fe, Mn တို့ချို့တဲ့မှု ပြဿနာကို အများဆုံး တွေ့ရမှာဖြစ်ပါတယ်... ထိန်းသိမ်းပြုပြင်နည်း ၁. Acid ထည့်ပေးခြင်း pH မြင့်နေတဲ့မြေကို pH နိမ့်သွားအောင် ဆာလ်ဖျူရစ်အက်ဆစ် (H2SO4)၊ ဖော့စဖောရစ်အက်ဆစ် (H3PO4)၊နဲ့ အခြားသော အော်ဂန်းနစ်အက်ဆစ်များ (သို့) ဆာလ်ဖာ (Elemental S) ထည့်ပေးလို့ရပါတယ်…ဒါပေမဲ့ ဒီမှာ တခု သတိပြုရမှာက pH မြင့်နေတဲ့ မြေက နဂိုကတည်းက ထုံးကျောက်မိခင်ကျောက်သားကနေ ဖြစ်ပေါ်လာတဲ့ မြေဖြစ်ပြီး မြေဆီလွှာထဲမှာ ထုံးဓါတ် (CaCO3) အများအပြားပါဝင်နေတဲ့မြေ ဟုတ်မဟုတ် စမ်းသပ်ဖို့လိုပါတယ်…ဒီလို ထုံးဓါတ်များနေတဲ့ မြေကို pH နိမ့်အောင်လို့ Acid ထည့်ပြုပြင်မယ်ဆိုရင် စီးပွားရေးအရ တွက်ခြေကိုက်နိုင်ဖွယ်ရာ မရှိပါဘူး…ဘာဖြစ်လို့လဲ ဆိုတော့ ထည့်လိုက်တဲ့ Acid ကို တန်ပြန်နိုင်တဲ့ ထုံးကများနေတာကြောင့် လောက်ငှအောင်ထည့်ရင်လည်း တွက်ခြေမကိုက်တာကြောင့် ဒီလိုမြေမျိုးမှာတော့ pH မြင့်တာကို ကြိုက်တဲ့ သီးနှံများဖြစ်ကြတဲ့ ဂေါ်ဖီထုပ်၊ ဂေါ်ဖီ၊ မုန်လာဥနီ၊ ဇလပ်ရွက်၊ တရုတ်နံနံ၊ မှုံညှင်း၊ ရုံးပတီ၊ တိုင်ထောင်ပဲ၊ ဘရိုကိုလီ၊ နေကြာ၊ ဗူးသီး၊ စတော်ဘယ်ရီ၊ ကြက်သွန်ဖြူ စတဲ့ သီးနှံတွေနဲ့ အစားထိုးစိုက်တာမျိုးကိုပဲ အကြံပြုလေ့ရှိပါတယ်...ပြီးတော့ Elemental S ကိုထည့်ပြီး pH ကျသွားအောင် ပြင်မယ်ဆိုရင် သတိပြုရမှာက သူ့ရဲ့ ဓါတ်ပြုပြုပြင်နိုင်တဲ့ နုန်းထားက အလွန်းနှေးတာကြောင့် အချန် ၁၂ လ ကနေ ၁၈ လ လောက်အထိ ပေးရမယ်ဆိုတာကိုပါပဲ...နောက်တခုက မြေတင်မဟုတ်ဘဲ သွင်းရေရဲ့ pH ကိုလည်း စစ်ဆေးဖို့လိုပြီး pH သိပ်မြင့်နေရင် သင့်တော်တဲ့ Acid အနည်းငယ်ထည့်ပေးခြင်းဖြင့် လိုချင်တဲ့ pH ကိုရအောင်လုပ်နိုင်ပါတယ်...ဒီလို သွင်းရေရဲ့ pH ကို လျှော့ချပေးခြင်းဖြင့် pH မြင့်တဲ့ သွင်းရေတွေမှာ ကာဘိုနှိပ် (carbonates) အနည်များကြောင့် ဖြစ်တတ်တဲ့ ရေပိုက်ပိတ်ဆို့ခြင်း၊ နော်ဇယ်ခေါင်းများ ပိတ်ဆို့ခြင်း စတဲ့ ပြဿနာများကိုလည်း ဖြေရှင်းပြီး ဖြစ်သွားမှာဖြစ်ပါတယ်…Acid ထည့်တဲ့ နေရာမှာတော့ သတိကြီးစွာ ထားဖို့လိုပါတယ်...Acid က ကိုင်တွယ်ရာမှာလည်း အန္တရယ်များသလို တစက်တည်းသော အက်ဆစ်ကသူ့ရဲ့ ပြင်းအားပေါ်မူတည်ပြီး ရေရဲ့ pH ကို ၂ ယူနစ်လောက် တန်းပြီးကျသွားနိုင်လို့ပါပဲ...ဒါကြောင့် အက်ဆစ်ထည့်ပြီးစိုက်ခင်းထဲ မသွင်းမီ ရေရဲ့ pH ကို သေချာအောင် အရင်တိုင်းကြည့်ဖို့လည်း လိုပါလိမ့်မယ်... ၂. Gypsum ထည့်ပေးခြင်း pH သိပ်မြင့်ပြီးတော့ EC နိမ့်လွန်းတဲ့ မြေမျိုးမှာ Gypsum ထည့်ပေးလို့ရပါတယ်…Gypsum ထဲမှာပါတဲ့ ဆာလ်ဖိတ် (SO42-) က pH ကိုနိမ့်စေနိုင်သလို ရေထဲကို အလွယ်တကူပျော်ဝင်နိုင်တဲ့ Gypsum (CaSO4.H2O) ဆားကြောင့် EC ကိုလည်းတက်လာစေနိုင်လို့ပါပဲ…ဒါပေမဲ့ ဒီလို Gypsum ထည့်တာကို တုံ့ပြန်မှု ရှိမရှိ သိရအောင် အရင်ဆုံး မြေနေရာ အနည်းငယ် (၃ ပေပတ်လည်) လောက်ကိုပဲ စမ်းထည့်ကြည့်သင့်ပါတယ်...ဒီလိုစမ်းရာမှာ ထည့်ရမယ့် Gypsum ကို တဧက ကို ပေါင် ၂၀၀၀ ဆိုပါစို့ ၃ ပေ ပတ်လည်မှာ ထည့်ရမယ့် ပမာဏက {(၃x၂၀၀၀)/၄၃၅၆၀= ဝ.၁၃ ပေါင် = ၁၀ ကျပ်သား} ဖစ်ပါတယ်…ဒီလိုထည့်ပြီး စမ်းကြည့်လို့ တုံ့ပြန်မှုကိုတွေ့တယ်ဆိုမှ ဧရိယာတခုလုံးကို ထည့်တာက စီးပွားရေးအရ တွက်ခြေကိုက်မှာပါ… ၃. မြေဆွေးဓါတ်များထည့်ပေးခြင်း ရနိုင်သလောက် အမှိုက်သရိုက်များကနေမြေဆွေးပုံများများပြုလုပ်ပြီးထည့်ပေးဖို့က ဒီလို pH မြင့်တဲ့ မြေမျိုးမှာ အလွန်အရေးကြီးပါတယ်…ဒီလို မြေဆွေးဓါတ်များများထည့်ပေးခြင်းကြောင့် ၎င်းတို့ကနေ ထုတ်လိုက်တဲ့ အော်ဂန်းနစ် အက်ဆစ်ဓါတ်များကြောင့် pH ကိုနိမ့်စေနိုင်သလို မြေဆီလွှာတွင်းမှာ အဏုဇီဝသက်ရှိများလည်း ပွားများလာပြီး အာဟာရဓါတ်ရရှိမှုလည်း တိုးတက်လာမှာဖြစ်ပါတယ်… ဒီလိုမြေမျိုးမှာ N ဓါတ်မြေသြဇာအနေနဲ့လည်း အမိုးနီးယမ်း ဆာလ်ဖိတ် [(NH4)2SO4] လို မြေကိုတဖြည်းဖြည်းချဉ်စေတဲ့ မြေသြဇာမျိုးကိုပဲ ရွေးချယ် သုံးသင့်ပါတယ်… ကျေးဇူးရှင် ဆရာ ဆရာမ များနှင့် စိုက်ပျိုးရေးမှ ညီအကို မောင်နှမများအားလုံးဧ။် ဆွေးနွေးအကြံပြုချက်များ ကို လေးစားစွာ ကြိုဆိုလျက် crd : Nang Seng Aye
ဆက်စပ်မေးခွန်းများ
စပါးပင် ၁လခွဲ အရွက်တေ ရော်ခြောက်လာတယ်ဗျာ ဘာဆေးသုံးရင်အဆင်ပြေမလဲ ကူညီကြပါ ဆရာတို့ ကျေးဇူးတင်ပါတယ်
ဖြေကြားချက် 1 ခု
စမ်းကိုင်နေတဲ့ယာမြေကိုဘယ်လိုပြုပြင်ရမလဲ(မိုးတွင်းစမ်းကိုင်)နိုဝင်ဘာလလယ်လောက်မြေပဲစိုက်ချိန်မြေအစိုဘက်နည်းနည်း...
ဖြေကြားချက် 1 ခု
စပါးခင်းအ။ရွက်ဖျားခြောက်နေတဃ်ဘာဆေးသုံးရမလဲ
ဖြေကြားချက် 1 ခု
ကျွန်တော်၏ ယာမြေသည် သီးနှံထွက်လျှင်လဲ အစေ့ဆံပြည့်မှီပါသည် ရာသီဥတုမကောင်းလျင်လဲ သီးနှံရပါ၏ သို့ပေမယ့် နောက်နှစ်...
ဖြေကြားချက် 0 ခု
ကျွန်တော်၏ တိုက်ရိုက် စပါးခင်းသည် ရက်ပေါင်း၄၀ ရှိပါသည် ပင်ပွားလဲမရပါ အပင်လဲရှည်မလာ အရွက်တွေလဲခြောက်နေပါသည်...
ဖြေကြားချက် 1 ခု