စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာများ အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၉) အပင်များအတွက် လိုအပ်သောရေ (Water for Plants) အပိုင်းနှင့် အမှတ် စဉ် (၂၃၁၊ ၂၃၂၊ ၂၃၃၊ ၂၃၄၊ ၂၃၅၊ ၂၃၆) စိုက်ပျိုးရေးဆိုင်ရာရေသွင်းနည်းပညာ အပိုင်း-၂, ၃, ၄, ၅, ၆ နှင့် ၇ တို့တွင် ရေးသားဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်နေသော ရေသွင်းခြင်းဆိုင်ရာအင်ဂျင်နီယာပညာ (Irrigation Engineering) ရှုဒေါင့်မှမဟုတ် ဘဲ အပင်၏ရေလိုအပ်ချက် (Plant water requirement)၊ မြေကြီး၏ ရေလိုအပ်ချက် (Soil Water Requirement)၊ မြေ-ရေ-အပင် တို့ ဆက်နွယ်နေပုံ (Soil Water Plant Relationships) ကို စိုက်ပျိုးရေး ပညာရှုဒေါင့်မှ ဆက်လက်ရေးသား ဆွေးနွေးပါမည်။
(၃) အပေါ်မှရေဖြန်းရေသွင်းနည်းစနစ် (Overhead or Sprinkler Irrigation)
ရေကို ဖိအားဖြင့် ပက်ဖြန်းကာ သဘာဝမိုးရွာသကဲ့သို့ ရေပေးသည့်နည်းဖြစ်သည်။ ရေအ သုံးချမှုထိရောက်မှု ၇၀–၈၅% ရရှိနိုင်ပါသည်။ တစ်နည်းအားဖြင့် အပေါ်မှရေဖျန်း၍ ရေ သွင်းခြင်းနည်း (Sprinkler Irrigation) ဆိုသည်မှာ ရေကိုပိုက်လိုင်းများမှတစ်ဆင့် ဖိအား ဖြင့် ပို့ဆောင်ပြီး Sprinkler (ရေဖျန်းခေါင်း/ရေဖျန်းစက်) များမှ တစ်ဆင့် ရေစက်ရေမှုန် များအဖြစ် မြေပြင်နှင့် သီးနှံများအပေါ်သို့ ဖျန်းပေး၍ သဘာဝ မိုးရွာသကဲ့သို့ ရေသွင်းပေး သောနည်း ဖြစ်သည်။

ပုံ - ၁ ရေဖြန်းစနစ်ရေသွင်းခြင်း
အားသာချက်များ (Advantages)
(၃-က) ရေကို ညီညာစွာ ဖြန့်ဝေပေးနိုင်ခြင်း
စနစ်ကို မှန်ကန်စွာ ဒီဇိုင်းဆွဲတပ်ဆင်ပြီး အသုံးပြုပါက စိုက်ကွင်းအတွင်း ရေကို အတော်အတန် ညီညာစွာ ဖြန့်ဝေပေးနိုင်သည်။ ထို့ကြောင့် သီးနှံများအတွက် ရေ လိုအပ်ချက်ကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်သည်။
(၃-ခ) မြေမျက်နှာသွင်ပြင် မညီညာသောနေရာများတွင် အသုံးပြုနိုင်ခြင်း
မြေပြင်မညီညာသော လယ်ယာမြေများ၊ တောင်စောင်းများနှင့် မြေမျက်နှာသွင်ပြင် မတူညီသောနေရာများတွင်လည်း အသုံးပြုနိုင်သည်။ မြေမျက်နှာပြင်အပေါ်မှ ရေသွင်း ခြင်း (Surface Irrigation) ကဲ့သို့ စိုက်ကွင်းမြေပြင်ကို အလွန်အကျွံ ညှိပေးရန် (Land Levelling) မလိုအပ်ပါ။
(၃-ဂ) ရေကို ချွေတာနိုင်ခြင်း
စနစ်ကို ကောင်းမွန်စွာ ဒီဇိုင်းဆွဲ၍ စီမံခန့်ခွဲအသုံးပြုပါက ရေကို သီးနှံလိုအပ်ချက်နှင့်အညီ ထိန်းသိမ်း/ချုပ်ပေးနိုင်သဖြင့် ရေဆုံးရှုံးမှုကို လျှော့ချနိုင်ပါသည်။
(၃-ဃ) သဲမြေများတွင် အသုံးပြုရန် သင့်လျော်ခြင်း
သဲမြေများတွင် ရေစိမ့်ဝင်နှုန်း (Infiltration Rate) မြင့်မားသောကြောင့် ရိုးရိုး မြေမျက်နှာ ပြင်မှရေသွင်းခြင်းဖြင့် ရေသွင်းရန် အခက်အခဲရှိနိုင်သည်။ ရေဖြန်းစနစ်က မြေ၏ ရေစုပ်ယူနိုင်မှုနှင့် ကိုက်ညီအောင် ရေကို ထိန်းချုပ်၍ ဖြည်းဖြည်းချင်း ပေးနိုင်သည်။
(၃-င) လုပ်သားလိုအပ်ချက် လျော့နည်းခြင်း
ဤစနစ်ကို စနစ်တကျတပ်ဆင်ထားပါက အလိုအလျောက် (Automation) သို့မဟုတ် တစ်စိတ်တစ်ပိုင်း အလိုအလျောက်စနစ်ဖြင့် အသုံးပြုနိုင်သောကြောင့် လုပ်သား လိုအပ် ချက်ကို လျှော့ချနိုင်သည်။
(၃-စ) ဓာတ်မြေဩဇာနှင့်အချို့သောအပင်ဆေးဝါးများကိုရေနှင့်အတူပေးနိုင်ခြင်း
ရေတွင်ပျော်ဝင်နိုင်သော ဓာတ်မြေဩဇာများကို ရေနှင့်အတူ သီးနှံများသို့ ပေးနိုင်သည်။ ထိုလုပ်ငန်းကို Fertigation (ရေသွင်းစနစ်မှတစ်ဆင့် ဓာတ်မြေဩဇာပေးခြင်း) ဟု ခေါ် သည်။ စနစ်နှင့် သင့်လျော်သော သီးနှံကာကွယ်ရေးဆေးများကိုလည်း စည်းမျဉ်းစည်း ကမ်းများနှင့်အညီ ရေမှတစ်ဆင့် အသုံးပြုနိုင်ပါသည်။
(၃-ဆ) မျိုးစေ့အပင်ပေါက်ရန် အထောက်အကူပြုခြင်း
မျိုးစေ့အပင်ပေါက်ချိန်တွင် မြေတွင်းအစိုဓာတ်ကို သင့်တော်သောအဆင့်တွင် ထိန်းသိမ်း ပေးနိုင်ရန် ရေကို အနည်းငယ်စီနှင့် မကြာခဏ ပေးနိုင်သည်။
(၃-ဇ) အအေးဒဏ်နှင့် အပူချိန်ထိန်းချုပ်ရာတွင် အသုံးဝင်ခြင်း
အချို့သော သီးနှံများတွင် နှင်းခဲ/အေးခဲဒဏ် ကာကွယ်ခြင်း (Frost Protection) အတွက် ရေဖြန်းစနစ်ကို အသုံးပြုနိုင်သည်။ ထို့အပြင် အပူချိန်အလွန်မြင့်မားသောအချိန်များတွင် သီးနှံများကို အနည်းငယ် အေးမြစေရန်လည်း အထောက်အကူပြုနိုင်သည်။
(၃-ဈ) သီးနှံအမျိုးမျိုးတွင် အသုံးပြုနိုင်ခြင်း
စပါး၊ ဂျုံ၊ ပြောင်းဖူး၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ အစာမြက်များ၊ ပျိုးခင်းများ စသည့် သီးနှံအမျိုးမျိုးတွင် အသုံးပြုနိုင်သည်။
(၃-ည) မြေပြင်ရေစီးဆင်းမှုနှင့် မြေဆီလွှာတိုက်စားမှုကို လျှော့ချနိုင်ခြင်း
ရေကို ထိန်းချုပ်ထားသော နှုန်းဖြင့် ဖြန့်ဝေပေးနိုင်သောကြောင့် ရေစီးဆင်းမှု (Runoff) များပြားခြင်းနှင့် မြေဆီလွှာတိုက်စားခြင်း (Soil Erosion) ကို ကောင်းမွန်စွာ စီမံခန့်ခွဲပါက လျှော့ချနိုင်သည်။

ပုံ-၁ အသေးစားဂျက်စနစ် (Micro-Jet Irrigation) ရေသွင်းခြင်း
ဤစနစ်၏အားနည်းချက်များ (Disadvantages)
(၃-၁) စတင်တပ်ဆင်ရန် ကုန်ကျစရိတ် မြင့်မားခြင်း
ပိုက်လိုင်းများ၊ ရေဖိအားပေးစက် (Pump)၊ ရေပန်း (Sprinkler) များ၊ အဖုံး (Valve) များ၊ ရေစစ် (Filter) များ၊ ဖိအားထိန်းစက် (Pressure Regulator) များ စသည်တို့ လိုအပ် သောကြောင့် စတင်တပ်ဆင်ရာတွင် ငွေကြေးအရင်းအနှီး များစွာ လိုအပ်နိုင်သည်။
(၃-၂) စွမ်းအင်ကုန်ကျစရိတ် မြင့်မားခြင်း
ရေကို ဖိအားဖြင့် ပို့ပေးရသောကြောင့် ပန့် (Pump) များကို လည်ပတ်ရန် လျှပ်စစ် ဓာတ်အား သို့မဟုတ် လောင်စာဆီ လိုအပ်သည်။ ထို့ကြောင့် ရေဖြန်းလည်ပတ်စရိတ် မြင့်မားနိုင်သည်။
(၃-၃) လေပြင်းတိုက်ခတ်မှုကြောင့် ရေဖြန့်ဝေမှု မညီညာနိုင်ခြင်း
လေပြင်းတိုက်ခတ်ပါက ရေဖြန်းခေါင်း (Sprinkler) မှ ထွက်လာသော ရေစက်များ၏ ဦးတည်ချက် ပြောင်းလဲနိုင်ပြီး စိုက်ကွင်းအတွင်း ရေဖြန့်ဝေမှု မညီညာနိုင်ပါ။
(၃-၄) ရေငွေ့ပျံဆုံးရှုံးမှု ဖြစ်နိုင်ခြင်း
ရေကို လေထဲသို့ ရေမှုန်များအဖြစ် ဖျန်းပေးသောကြောင့် မြေပြင်သို့ မရောက်မီ ရေအချို့သည် အပူချိန်မြင့်ပြီး ခြောက်သွေ့သော ရာသီဥတုများတွင် ရေငွေ့ပျံခြင်း (Evaporation) ကြောင့် ဆုံးရှုံးနိုင်သည်။
(၃-၅) ရေအရည်အသွေး ကောင်းမွန်ရန် လိုအပ်ခြင်း
ရေထဲတွင် မြေမှုန်၊ သဲမှုန်၊ အခြားအညစ်အကြေးများ ပါဝင်ပါက ရေဖြန်းနော်ဇယ် ထိပ် ခေါင်း (Sprinkler Nozzle) များ ပိတ်ဆို့နိုင်သည်။ ထို့ကြောင့် ရေစစ် (Filter) များကို အသုံးပြုခြင်းနှင့် ပုံမှန်သန့်ရှင်းထိန်းသိမ်းခြင်းများ လိုအပ်သည်။
(၃-၆) သီးနှံရောဂါများ ဖြစ်ပွားနိုင်ခြေ တိုးလာခြင်း
ရေဖြန်းစနစ်ဖြင့် ရေဖျန်းရာတွင် အပင်၏ အရွက်နှင့် အပင်အပေါ်ပိုင်းများ စိုစွတ် သွားနိုင် သည်။ ထိုသို့ စိုစွတ်နေခြင်းသည် အချို့သော မှိုရောဂါ (Fungal Diseases) နှင့် ဘက်တီး ရီးယားရောဂါ (Bacterial Diseases) များ ဖြစ်ပေါ်ရန် အခြေအနေကောင်းများ ဖန်တီး ပေးနိုင်သည်။
(၃-၇) ဆားဓာတ်ပါဝင်သောရေကို အသုံးပြုရာတွင် အခက်အခဲရှိခြင်း
ရေတွင် ဆားဓာတ် (Salts) များပြားပါက အပင်၏ အရွက်များကို ရေဖျန်းသောအခါ အ ရွက်လောင်ခြင်း (Leaf Burn) ဖြစ်နိုင်ပြီး ဆားဓာတ်ဒဏ်ခံနိုင်ရည်နည်းသော သီးနှံများ ထိခိုက်နိုင်သည်။
(၃-၈) စက်ပစ္စည်းများကို ပုံမှန်ထိန်းသိမ်းရန် လိုအပ်ခြင်း
ရေဖျန်းထိပ် (Sprinkler Head)၊ နော်ဇယ် (Nozzle)၊ ပိုက် (Pipe)၊ ရေစစ် (Filter)၊ ပန့် (Pump) နှင့် အဖွင့်အပိတ် (Valve) များကို ပုံမှန်စစ်ဆေး၊ သန့်ရှင်း၊ ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည်။ နော်ဇယ်ပိတ်ဆို့ပါက ရေဖြန့်ဝေမှု မညီညာနိုင်ပါ။
(၃-၉) လယ်ယာစက်ယန္တရားများ အသုံးပြုရာတွင် အနှောင့်အယှက်ဖြစ်နိုင်ခြင်း
မြေပြင်ပေါ်တွင် ပိုက်များနှင့် ရေဖျန်းပိုက်များ တပ်ဆင်ထားပါက ထွန်ယက်ခြင်း၊ ပေါင်း ရှင်းခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ရိတ်သိမ်းခြင်း စသည့် လယ်ယာလုပ်ငန်းများတွင် စက် ယန္တရားများ အသုံးပြုရာ၌ အနှောင့်အယှက် ဖြစ်နိုင်သည်။
(၃-၁၀) နည်းပညာနှင့် စီမံခန့်ခွဲမှု ကျွမ်းကျင်မှု လိုအပ်ခြင်း
ဤစနစ်ကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန် - ရေဖိအား (Water Pressure)၊ ရေဖျန်း ပိုက်အကွာအဝေး (Sprinkler Spacing)၊ ရေထွက်နှုန်း (Discharge Rate)၊ ရေဖျန်းနှုန်း (Application Rate)၊ ရေသွင်းချိန် (Irrigation Duration) တို့ကို မှန်ကန်စွာ သတ်မှတ်ရန် လိုအပ်သည်။ စနစ်ဒီဇိုင်း မမှန်ကန်ပါက အချို့နေရာများတွင် ရေပိုလျှံပြီး အချို့နေရာ များတွင် ရေမလုံလောက်ခြင်း ဖြစ်ပေါ်နိုင်သည်။
(၄) ရေနဲနဲဖြင့်ရေသွင်းနည်းစနစ်များ (Micro-Irrigation)
နောက်ဆုံးပေါ်နည်းလမ်းပညာများဖြင့် ရေနဲနဲအသုံးပြုကာ အပင်များ အကျိုးရှိအောင် ရေပေးသွင်းခြင်းနည်းလမ်း စနစ်များဖြစ်ပါသည်။ နည်းလမ်းအမျိုးမျိုးရှိပါသည်။
(၄-၁) အစက်ချရေသွင်းနည်းစနစ် (Drip Irrigation Method)
အစက်ချ/ရေစက်ချရေသွင်းနည်းစနစ် (Drip Irrigation) ဆိုသည်မှာ ရေကို ပလတ် စတစ်ပိုက်လိုင်း များနှင့် Dripper/Emitter (ရေစက်ချခေါင်း) များမှတစ်ဆင့် သီးနှံပင် တစ်ပင်ချင်းစီ၏ အမြစ်ဇုန် (Root Zone) အတွင်းသို့ ရေကို ဖြည်းဖြည်းချင်းနှင့် ထိန်းချုပ် ၍ ပေးသွင်းသည့် ရေသွင်းစနစ်ဖြစ်ပါသည်။
၎င်းစနစ်သည် အထူးသဖြင့် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ ဥယျာဉ်ခြံသီးနှံများ၊ စက်မှုသီးနှံများနှင့် တန်ဖိုးမြင့်သီးနှံများ အတွက် အလွန်သင့်လျော်ပါသည်။

ပုံ - ၂ အစက်ချရေသွင်းစနစ်ပုံ
အစက်ချရေသွင်းစနစ်၏အားသာချက်များ
အမှတ် | အားသာချက် | ရှင်းလင်းချက် |
|---|---|---|
၁ | ရေသုံးစွဲမှု ထိရောက်မှုမြင့်မားခြင်း | ရေကို အပင်၏ အမြစ်ဇုန်အတွင်းသို့ တိုက်ရိုက်ပေးသောကြောင့် ရေဆုံးရှုံးမှုကို လျှော့ချနိုင်သည်။ |
၂ | ရေချွေတာနိုင်ခြင်း | ရေငွေ့ပျံခြင်း၊ ရေစီးထွက်ခြင်း (Runoff) နှင့် မြေအောက်သို့ အလွန်အကျွံစိမ့်ဝင်ခြင်း (Deep Percolation) တို့ကို လျှော့ချနိုင်သည်။ |
၃ | သီးနှံအထွက်နှုန်း တိုးတက်ခြင်း | အမြစ်ဇုန်တွင် သင့်တော်သော မြေအစိုဓာတ်ကို ထိန်းသိမ်းပေး နိုင်သောကြောင့် အပင်ကြီးထွားမှုနှင့် အထွက်နှုန်း တိုးတက်နိုင်သည်။ |
၄ | သီးနှံအရည်အသွေး ကောင်းမွန်ခြင်း | ရေကို ပမာဏမှန်ကန်စွာနှင့် ပုံမှန်ပေးနိုင်သောကြောင့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၏ အရွယ်အစား၊ အရည်အသွေးနှင့် ညီညာမှု ကောင်းမွန်လာနိုင်သည်။ |
၅ | ပေါင်းပင်များ လျော့နည်းခြင်း | အပင်အမြစ်အနီးတစ်ဝိုက်ကိုသာ ရေစိုစွတ်စေသောကြောင့် အပင်တန်းကြားရှိ ပေါင်းပင်များ ရေရရှိမှုနည်းပါးသည်။ |
၆ | မြေဩဇာနှင့်ရေတွဲရက်ကျွေး (Fertigation) ပြုလုပ်နိုင်ခြင်း | ဓာတ်မြေဩဇာကို ရေတွင်ဖျော်၍ ရေနှင့်အတူ အမြစ်ဇုန်သို့ တိုက်ရိုက်ပေးနိုင်သည်။ |
၇ | မြေဆီလွှာတိုက်စားမှု လျော့နည်းခြင်း | ရေကို ဖြည်းဖြည်းချင်း ပေးသွင်းသောကြောင့် ရေစီးထွက်မှုနှင့် မြေတိုက်စားမှု နည်းပါးသည်။ |
၈ | မြေမျက်နှာပြင် မညီညာသောနေရာများတွင် အသုံးပြုနိုင်ခြင်း | ကုန်းဆင်းကုန်းတက်နှင့် မညီညာသောမြေများတွင်လည်း စနစ်တကျ ဒီဇိုင်းပြုလုပ်၍ အသုံးပြုနိုင်သည်။ |
၉ | ရေငွေ့ပျံမှု လျော့နည်းခြင်း | ရေကို အမြစ်အနီးသို့ ပေးသွင်းသောကြောင့် ရေငွေ့ပျံဆုံးရှုံးမှုကို လျှော့ချနိုင်သည်။ |
၁၀ | အချို့သော အပင်ရောဂါများ လျော့နည်းခြင်း | အရွက်နှင့် ပင်စည်များကို ရေမဖျန်းသောကြောင့် အရွက်ပေါ်တွင် စိုစွတ်မှုနည်းပြီး အချို့သော ရောဂါများ ဖြစ်ပွားမှုကို လျှော့ချနိုင်သည်။ |
၁၁ | လုပ်သားလိုအပ်ချက် လျော့နည်းခြင်း | အလိုအလျောက်စနစ် (Automation) ထည့်သွင်းအသုံးပြုပါက ရေပေးသွင်းရာတွင် လုပ်သားအင်အား လျော့နည်းနိုင်သည်။ |
၁၂ | ဆားဓာတ်ပါသောရေကို စနစ်တကျအသုံးပြုနိုင်ခြင်း | ရေကို မကြာခဏနှင့် ထိန်းချုပ်ပေးသွင်းခြင်းဖြင့် အမြစ်ဇုန်အတွင်း ဆားဓာတ်စုစည်းမှုကို အချို့အခြေအနေများတွင် လျှော့ချနိုင်သည်။ သို့သော် ရေအရည်အသွေးကို စနစ်တကျ စီမံရန် လိုအပ်သည်။ |
စာရေးသူ၏အတွေး
ရာသီဥတုဖောက်ပြန်မှုကြောင့် တောင်သူစိုက်ခင်းများ၊ သီးနှံပင်များ ရေငတ်ခြင်း၊ ရေဝတ် ခြင်းမဖြစ်ရအောင် စိုက်ပျိုးရေသွင်းခြင်းနည်းပညာ (Irrigation Agronomy) ကို နိုင်ငံတ ကာ တက္ကသိုလ်များမှာ ဘွဲ့ကြို၊ ဘွဲ့လွန်အထူးပြုဘာသာ အဖြစ်ပေးအပ်ပြီး မိမိရေမြေ၊ ရာ သီဥတုနှင့် ကိုက်ညီအောင် သုတေသန ပြုလုပ်တောင်သူများကိုပြန်လည် လက်ဆင့်ကမ်း လုပ်နေတာနှစ်ချီကြာလှပါပြီ၊သို့သော်တက္ကသိုလ်များတွင်တော့စိုက်ပျိုးရေး၊အင်ဂျင်နီ ယာ၊ ပညာရေး၊ စီးပွားရေး၊ ဝိဇ္ဇာသိပ္ပံ ဘာသာရပ်စုံသင်သော တက္ကသိုလ် (Compre-hensive University) တော့ဖြစ်ရပါမည်၊ မိမိနိုင်ငံတက္ကသိုလ်များတွင် ရေသွင်းနည်းပညာ (Irrigation Technology) သီးသန့် သုတေသနများစွာဆောင်ရွက်လျှင်ကော?
ဒါမှသာ စုပေါင်းဝိုင်းဝန်း အဖြေရှာရမည် မဟုတ်ပါလား?
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
FAO (2002) Agricultural Drainage Water Management in Arid and Semi-arid Areas. FAO Irrigation and Drainage Paper-61. 188p.
Majumdar, Dilip Kumar (2016) Irrigation Water Management: Principles and Practice. 2nd Ed. Prentice Hall, India. 557p.
Michael, A. M. (2007) Irrigation: Theory and Practice. 2nd Ed. Noida India. 762p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား
သန်းထိုက်အောင် • ဖြေကြားချက် 0 ခု
ဥစားကြက်စမွေးမယ်ဆိုဘာတေလိုအပ်လဲ
Ar Ker Ar Kar • ဖြေကြားချက် 0 ခု
ကြက်မွေးမြူရေး အကြောင်း သိချင်ပါတယ် ခုမှ စမွေး မှာ မလို့ပါ
မောင်သား • ဖြေကြားချက် 0 ခု
ကြက်နာ ရင် ဘယ်လို ကုသပေးရပါသလဲ
မောင်သား • ဖြေကြားချက် 2 ခု
မြေပဲရက်၄၀သါးမှာ ဂျစ်ပဆန် မြေသြဇာမှုန့်ပက်ချင်လို့ ပက်တဲ့အခါရွက်ပေါ်တင်ရင် လောင်နိုင်လားခင်ဗျ တဧက ဘယ်နှစ်kgသုံးပေးရမလဲ။
Messi • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၇)
20/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026