အစိုပုပ်ရောဂါ၏ လက္ခဏာများနှင့် သတိပြုဖွယ်ရာများ
အစိုပုပ်ရောဂါ (Wet rot) ဟာ Choanephora cucurbitarum အမည်ရှိ မှိုရောဂါပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ အပူပိုင်းဒေသဟင်းသီးဟင်းရွက် စိုက်ခင်းများမှာ ကျရောက်လေ့ရှိပါတယ်။ အဆိုပါ ရောဂါဟာ အပင်ရဲ့ အဖူး၊ အရွက်၊ ရွက်ညှာ၊ ပင်စည်၊ ပန်းပွင့်နဲ့ အသီး စတာတွေကို ဖျက်ဆီးနိုင်ပြီး အပင်ရဲ့ နုနယ်သော အစိတ်အပိုင်းတွေကတော့ ရောဂါကူးစက်ခံရမှု အများဆုံး ဖြစ်ပါတယ်။ ရောဂါပိုးဟာ ငရုတ်၊ ပဲမျိုးစုံ၊ မုန်လာဥ၊ ဝါပင်၊ ဘူး သခွား ဖရုံမျိုးနွယ်ဝင် သီးနှံများ၊ ခရမ်းနဲ့ ကန်းစွန်းဥ အပါအဝင် သီးနှံမျိုးစိတ်ပေါင်းများစွာကို ဖျက်ဆီးနိုင်တဲ့ ရောဂါပိုးဖြစ်ပါတယ်။
အစိုပုပ်ရောဂါ (Wet rot) ဟာ ၎င်းအတွက် သင့်တော်တဲ့ ရာသီဥတုအခြေအနေသာ ရှိနေမယ်ဆိုပါက ဟင်းသီးဟင်းရွက်စိုက်ခင်းများမှာ အထွက်နှုန်းကို သိသိသာသာ ထိခိုက်ဆုံးရှုံးစေနိုင်ပါတယ်။ အထူးသဖြင့် မိုးဆက်တိုက်ရွာသွန်းပြီး စိုထိုင်းဆများကာ ပူအိုက်စိုစွတ်သော ရာသီဥတုအခြေအနေရှိမယ်ဆိုရင် အဆိုပါ ရောဂါ ကျရောက်ပျံ့နှံ့မှုကို ပိုမိုအားကောင်းစေပါတယ်။ ထို့ကြောင့် ရောဂါပိုးမွှား ခိုအောင်းနိုင်သော အရင်းအမြစ်များကို လျှော့ချပေးခြင်းနဲ့ စိုက်ခင်းအတွင်း လေဝင်လေထွက် ကောင်းမွန်စေရန် ပြုစုစောင့်ရှောက်မှု အလေ့အထများကို မှန်ကန်စွာ ဆောင်ရွက်ပေးခြင်းဖြင့် ရောဂါကျရောက်မှုကို လျှော့ချကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
အစိုပုပ်ရောဂါဟာ အပင်ရဲ့ အမြစ်မှလွဲပြီး အခြားသော အစိတ်အပိုင်းအားလုံးမှာ ကျရောက်ဖျက်ဆီးနိုင်ပါတယ်။ ရောဂါလက္ခဏာများကို အပင်ရဲ့ နုနယ်တဲ့ထိပ်ဖျားနေရာတွေ၊ ပန်းပွင့်တွေနဲ့ အသီးများပေါ်မှာ စတင်တွေ့ရလေ့ ရှိပါတယ်။ စတင်ဖြစ်ပွားချိန်တွင် ရောဂါရရှိထားသော အစိတ်အပိုင်းများပေါ်မှာ ရေစိုနာကွက်များ ပေါ်လာပြီး နောက်ပိုင်းမှာ ထိပ်ပိုင်းအညွန့်များအထိ ကူးစက်ကာ မီးလောင်ထားသကဲ့သို့ ခြောက်သွားစေမှာ ဖြစ်ပါတယ်။ ရောဂါပိုးဟာ ပထမဦးစွာ ခြောက်သွေ့ရင့်ရော်နေတဲ့ ပန်းပွင့်ရဲံ ပွင့်ဖတ်များထဲမှာ ခိုအောင်းပွားများပြီးမှ ဖြစ်ထွန်းစ အသီးများထံကို ပျံ့နှံ့ကျရောက်သွားတတ်တာ ဖြစ်ပါတယ်။ ရောဂါကျရောက်နေတဲ့ အသီးများပေါ်ရှိ မဲနက်ပျော့ဖတ်နေသော ရေစိုနာကွက်များဟာ တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာပြီး အသီးများကိုပုပ်သွားစေကာ ကူးစက်ခံရသော ပန်းပွင့်များမှာလည်း ကြွေကျသွားတတ်ပါတယ်။ ထို့အပြင် ရောဂါပိုးဟာ ပင်စည်များအတွင်းသို့ အောက်ဘက်ထိ ထိုးဖောက်ဝင်ရောက်နိုင်ပြီး အကိုင်းအခက်တစ်ခုချင်းစီ သို့မဟုတ် အပင်တစ်ပင်လုံးကို ညှိုးနွမ်းခြောက်သွေ့ သွားစေနိုင်ပါတယ်။ အမည်းရောင်အနာကွက်များပေါ်မှာ ငွေရောင်သမ်းနေတဲ့ အမွေးအမျှင်ကဲ့သို့ မှိုမျှင်များ ထွက်ရှိလာခြင်းဟာ အစိုပုပ်ရောဂါ ဟုတ်၊ မဟုတ် ခွဲခြား သတ်မှတ်နိုင်တဲ့ ထင်ရှားသော ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။
ရောဂါကျရောက်နိုင်မှုအခြေအနေ
အစိုပုပ်ရောဂါဟာ စိုက်ခင်းအတွင်း ပျိုးပင်ရွှေ့ပြောင်းစိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ စိုက်ပျိုးရာသီတစ်လျှောက် မည်သည့်အချိန်မဆို ကျရောက်ဖြစ်ပွားနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အဆိုပါ မှိုရောဂါပိုးဟာ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်နိုင်စွမ်း နည်းပါးတဲ့ ရောဂါပိုး (weak parasite) ဖြစ်တာကြောင့် ရှင်သန်နေတဲ့ အပင်တစ်ရှူးများကို မကူးစက်မီ သေဆုံးနေသော သို့မဟုတ် နွမ်းခြောက်နေသော အပင်အစိတ်အပိုင်းများပေါ်မှာ ပထမဦးစွာ ခိုအောင်းပွားများလေ့ ရှိပါတယ်။ ထို့နောက် အဆိုပါ ရောဂါပိုးဟာ ပန်းပွင့်၊ အဖူးနဲ့ အရွက်များဆီသို့ ဆက်လက် ပျံ့နှံ့သွားနိုင်ပါတယ်။
ပူအိုက်ပြီးစိုထိုင်းဆများကာ မိုးဆက်တိုက်ရွာသွန်းသော ရာသီဥတုအခြေအနေများဟာ ရောဂါပိုးပျံ့နှံ့ခြင်းနဲ့ ရောဂါကူးစက်ခြင်းများကို ပိုမိုအားပေးပါတယ်။ အပူချိန် ၂၅ မှ ၃၀ ဒီဂရီစင်တီဂရိတ် အတွင်းဟာ ရောဂါဖြစ်ပွားရန် အကောင်းဆုံးအပူချိန်ဖြစ်ပြီး မြင့်မားသော စိုထိုင်းဆရှိနေခြင်းဟာ ရောဂါကျရောက်နေသော အစိတ်အပိုင်းများပေါ်မှာ မှိုစပိုးများဖြစ်ပေါ်မှုကို အားပေးတာကြောင့် ရောဂါကို ပိုမိုပျံ့နှံ့စေနိုင်ပါတယ်။ အပင်ရဲ့ ရင့်ရော်သော အစိတ်အပိုင်းများထက် နုနယ်သော အစိတ်အပိုင်းများက ရောဂါကူးစက်ခံရနိုင်ခြေ မြင့်မားသော်လည်း ရောဂါပိုး ပျံ့နှံ့မှုနဲ့ ဖြစ်ပွားမှုနှုန်းကတော့ ပူအိုက်သော ရာသီဥတုမှာ ပိုမိုမြင့်မားနိုင်ပါတယ်။ ထို့ကြောင့် နွေရာသီအကုန် သို့မဟုတ် မိုးလွန်ကာလများတွင် စိုက်ပျိုးသော ဆောင်းသီးနှံစိုက်ခင်းများမှာဆိုရင် ရောဂါကျရောက်မှု ပိုမိုများပြားပြီး ပြင်းထန်လေ့ရှိပါတယ်။ အကြောင်းအရင်းကတော့ ဆောင်းသီးနှံစိုက်ခင်းများမှာ အပင်နုနယ်ချိန် ရာသီဥတုအပူချိန် မြင့်မားနေခြင်းကြောင့် ဖြစ်ပါတယ်။ ထို့အပြင် ထိခိုက်ဒဏ်ရာ ရရှိထားသော အပင်များဟာဆိုရင် တခြားသောအပင်များထက် ရောဂါပိုမို ကူးစက်ခံရလေ့ ရှိပါတယ်။
ဒီမှိုရောဂါပိုးဟာ စပိုး (spores) အမျိုးအစား အများအပြားကို ထုတ်လုပ်ပေးနိုင်ပြီး အပင်ရဲ့ ခြောက်သွေ့ ရင့်ရော်နေသော အစိတ်အပိုင်းများပေါ်မှာ အဓိကထုတ်လုပ်သော စပိုးများ (sporangiola) ဟာ ရောဂါ စတင် ကူးစက်ဖြစ်ပွားစေရန်အတွက် အဓိကကျသော စပိုးအမျိုးအစား ဖြစ်ပါတယ်။ အဆိုပါ မှိုရောဂါပိုးဟာ မြေဆီလွှာအတွင်းမှာ လည်းကောင်း၊ ရောဂါကျရောက်ထားသော သီးနှံအကြွင်းအကျန်များပေါ်မှာ လည်းကောင်း ရေရှည်ရှင်သန် ခိုအောင်းနိုင်ပါတယ်။ ထို့အပြင် ရောဂါပိုးဟာ လေမှတစ်ဆင့် လွင့်ပါနိုင်ခြင်း၊ မိုးရေမှတစ်ဆင့် စိမ့်ဝင်နိုင်ခြင်း၊ စိုက်ပျိုးရေးလုပ်သားများရဲ့ အဝတ်အစား၊ ကိရိယာတန်ဆာပလာများနဲ့ စက်ကိရိယာများမှတစ်ဆင့် ပျံ့နှံ့ခြင်းတို့အပြင် စိုက်ခင်းအတွင်းရှိ ပျား၊ ကျိုင်းကောင် အပါအဝင် အင်းဆက်ပိုးမွှားများမှတစ်ဆင့်လည်း လွယ်ကူစွာ ပျံ့နှံ့ကူးစက်နိုင်ပါတယ်။

ရောဂါပိုး စီမံခန့်ခွဲခြင်း
ပူအိုက်စိုစွတ်သော ရာသီဥတုအခြေအနေများမှာဆိုရင် အစိုပုပ်ရောဂါကို ထိန်းချုပ်ရခက်ခဲနိုင်ပါတယ်။ သို့ပေမဲ့ စိုက်ခင်းအတွင်း ရောဂါပိုးမွှား ခိုအောင်းမှုပမာဏကို လျှော့ချပေးနိုင်သော စိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းများကို ကျင့်သုံးခြင်းဖြင့် ရောဂါကျရောက်မှုနှုန်းနဲ့ သီးနှံအထွက်နှုန်း ဆုံးရှုံးမှုများကို လျှော့ချပေးနိုင်ပါတယ်။ ရောဂါလက်ခံပင် မဟုတ်သော သီးနှံမျိုးစိတ်များနဲ့ ပုံမှန် သီးလှည့်စိုက်ပျိုးပေးခြင်း၊ ရိတ်သိမ်းပြီးနောက် စိုက်ခင်းအတွင်းရှိ သီးနှံအကြွင်းအကျန်များကို ချက်ချင်း ဖယ်ရှားရှင်းလင်းခြင်းတို့ ဆောင်ရွက်ပေးခြင်းဖြင့် ရောဂါပိုး ခိုအောင်းမှုကို လျှော့ချနိုင်ပါတယ်။ ထို့ပြင် ပင်ကြားတန်းကြား အကွာအဝေးကို ကျယ်ကျယ်စိုက်ပျိုးခြင်းဖြင့် လေဝင်လေထွက်ကို ကောင်းမွန်စေကာ စိုထိုင်းဆကို လျှော့ချပေးနိုင်ပြီး မိုးရွာပြီးနောက် အပင်များ အမြန်ခြောက်သွေ့စေရန် ကူညီပေးနိုင်ပါတယ်။ အပင်များအပေါ်မှ ရေဖျန်းသည့်စနစ် (overhead sprinklers) များအစား အစိုဓာတ်ထိန်း ပိုက်လိုင်းရေသွင်းစနစ် (drip irrigation) ကို ပြောင်းလဲအသုံးပြုခြင်းနဲ့ ရေဝပ်မှုမရှိဘဲ ရေစိမ့်ဝင်မှုကောင်းသော မြေနေရာများတွင် စိုက်ပျိုးခြင်းဖြင့် စိုထိုင်းဆကို လျှော့ချပေးနိုင်ပြီး အပင်များကို ခြောက်သွေ့နေစေရန် ထိန်းသိမ်းပေးနိုင်ပါတယ်။ ထို့အပြင် နိုက်ထရိုဂျင်မြေသြဇာ လွန်ကဲစွာ သုံးစွဲခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ နိုက်ထရိုဂျင်ဓာတ် များပြားလွန်းပါက အပင်ပိုင်းကြီးထွားမှု အားကောင်းသွားစေပြီး ရောဂါကျရောက်ရန် ပိုမိုအားပေးသကဲ့သို့ ဖြစ်စေနိုင်ပါတယ်။
မှိုသတ်ဆေးများကို စနစ်တကျ အသုံးပြုခြင်းဖြင့် အစိုပုပ်ရောဂါကို ထိန်းချုပ်နိုင်ပြီး အထွက်နှုန်းဆုံးရှုံးမှုကို လျှော့ချဖို့ရာ ကူညီပေးနိုင်ပါတယ်။ သို့ပေမဲ့ အချို့သော သုတေသနစမ်းသပ်ချက်များအရ စိုက်ခင်းများမှာ မှိုသတ်ဆေးပက်ဖျန်းခြင်းဟာ စိတ်ချရပြီး ကျေနပ်လောက်သော ရောဂါထိန်းချုပ်မှုပေးနိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ရောဂါကူးစက်ခံရတဲ့ နေရာအများစုဟာ အပင်များရဲ့ အတွင်းပိုင်းအောက်ခြေမှာ ရှိနေတတ်တာကြောင့် မှိုသတ်ဆေးများ ထိရောက်စွာ ရောက်ရှိကာကွယ်ပေးနိုင်ရန် ခက်ခဲတာကြောင့် ဖြစ်ပါတယ်။ ထို့ကြောင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများ (Integrated Approaches) ကို ပေါင်းစပ်ကျင့်သုံးမယ်ဆိုရင်တော့ ပိုမိုထိရောက်မှာ ဖြစ်ပါတယ်။
ကိုးကားလင့်ခ်
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဘယ်လိုဖြေရှင်းရမလဲဗျ
ဆန်းလေး • ဖြေကြားချက် 3 ခု
မတ်ပဲ အတွက် မှိုဆေးကို ဘယ်လိုထိရောက်အောင် ဖျန်းသင့်လဲ ဘယ်လိုဆေးတေရွေးချယ်သင့်လဲ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ပုံထဲက အဖြူလေးတွေက ပိုးဥ လေးတွေလားဗျ ဘာပိုးသတ်ဆေးဖြန်းသင့်ပါသလဲ
Min Wai Soe • ဖြေကြားချက် 12 ခု
ဒီဆေးကို ဘယ်လိုသုံးရမလဲ ပဲပင်ဘယ်ရက်သားမှာ သုံးရမလဲ
ဦးစောမောင်ဌေး • ဖြေကြားချက် 4 ခု
Aliette နဲ့ Fipronil ဆေးနှစ်မျိုးဝယ်လို့ရပါသလား ကျောက်တန်းမြို့နယ်ကပါ
Minn Khant • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ယခုနှစ် ကြံစိုက်ဧကများ လျော့နည်း
22/10/2026
ဆေးလောင်လို့ နွမ်းလျတဲ့အပင်ကို “သကြားရည်” နဲ့ ပြန်အသက်သွင်းကြစို့်
21/10/2026
ရေငတ်သီးနှံ မရှိစေရ - ၁၆ နှစ်အရွယ် တောင်အာဖရိက ကျောင်းသူလေးရဲ့တီထွင်မှု
21/10/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၈)
20/10/2026
ဘဏ္ဍာနှစ်ဝက်အတွင်း ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှု တန်ချိန် ၃ သောင်းကျော် လျော့ကျ
20/10/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026