အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပဲပုပ်ပင်လိုအပ်သော အာဟာရများ

ပဲပုပ်ပင်လိုအပ်သော အာဟာရများ

00:00
00:00

ပဲပုပ်ဟာ ကမ္ဘာပေါ်မှာ အရေးအပါဆုံး ပဲမျိုးနွယ်ဝင် သီးနှံများအနက် တစ်ခုဖြစ်ပြီး လူသားတွေအတွက် လိုအပ်သော ပရိုတင်း (အသားဓာတ်) နဲ့ အဆီဓာတ် အများစုကို ပံ့ပိုးပေးနိုင်ပါတယ်။ ပဲပုပ်သီးနှံကို ထိရောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် သက်ရှိများ (ပိုးမွှား၊ ရောဂါ) သက်ရှိမဟုတ်သော အကြောင်းအရင်းများ (ရာသီဥတု၊ မြေဆီလွှာ) နဲ့ သီးနှံစိုက်ပျိုးပြုစုမှု နည်းလမ်းများမှာ အဟန့်အတားများ ရှိကြပါတယ်။ အာဟာရဓာတ်များကို စနစ်တကျစီမံခန့်ခွဲခြင်းဟာ သီးနှံပင်အတွက် အထွက်နှုန်းမြင့်မားစွာ ရရှိစေနိုင်သလို  အပင်အတွက် လိုအပ်သော အာဟာရဓာတ်များကို ပြည့်ဝစွာရရှိစေရန်လည်း ကူညီပေးနိုင်ပါတယ်။ ထို့ပြင် အာဟာရဓာတ်များကို ထိရောက်စွာ စီမံခန့်ခွဲပေးခြင်းဟာ သီးနှံအပင်များအနေဖြင့် ဖိစီးမှု (Stress) ဒဏ် အမျိုးမျိုးမှလည်း ခံနိုင်ရည်ရှိအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

ပဲပုပ်သီးနှံ ရှင်သန်ကြီးထွားရန်အတွက် အာဟာရဓာတ်တွေ လိုအပ်ပါတယ်။ ၎င်းတို့ထဲကမှ အဓိက အာဟာရဓာတ်တွေကတော့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ် နဲ့ ဆာလဖာ တို့ ဖြစ်ကြပြီး အနည်းလို အာဟာရဓာတ်တွေကတော့ သံဓာတ်၊ ဘိုရွန်၊ ဇင့်၊ ကိုဘော့၊ ကော့ပါး၊ မဂ္ဂနီးစ်၊ မိုလစ်ဒီနမ်၊ နီကယ် နဲ့ ကလိုရင်း တို့ ပါဝင်ကြပါတယ်။ အဆိုပါ အာဟာရဓာတ်များကို ဈေးကွက်ထဲမှာ ရရှိနိုင်သော ဓာတ်မြေဩဇာများမှတစ်ဆင့် မြေဆီလွှာအတွင်း ထည့်သွင်းပေးခြင်း သို့မဟုတ် ရွက်ဖျန်းမြေဩဇာအဖြစ် ဖျန်းပေးခြင်းတို့ဖြင့် ပံ့ပိုးပေးနိုင်ပါတယ်။ ပဲပုပ်သီးနှံအတွက် အာဟာရဓာတ် လိုအပ်ချက်ပမာဏဟာ ကွဲပြားခြားနားမှုရှိပြီး လိုအပ်သော ပမာဏထက် လျော့နည်းခြင်း (သို့မဟုတ်) ပိုလျှံခြင်းတို့ကြောင့် အာဟာရဓာတ် ချို့တဲ့ခြင်း (သို့မဟုတ်) အပင်အဆိပ်သင့်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ပဲပုပ်အပင်ကနေ အာဟာရဓာတ် ရရှိနိုင်မှုဟာလည်း မြေဆီလွှာအတွင်းရှိ ရရှိနိုင်သော အာဟာရဓာတ်အခြေအနေ၊ အာဟာရဓာတ်များရဲ့ တည်ရှိနေသော ပုံသဏ္ဌာန်၊ အပင်မှ အာဟာရစုပ်ယူသော နည်းလမ်း၊ အခြားမြေဆီလွှာ အာဟာရဓာတ်များနဲ့ အပြန်အလှန်သက်ရောက်နိုင်မှု၊ မြေဆီလွှာ ဓာတုဗေဒ အခြေအနေနဲ့ မြေဩဇာ ကျွေးသောနည်းလမ်းများပေါ်မှာလည်း မူတည်နေတာ ဖြစ်ပါတယ်။

 ပဲပုပ်ပင်တွင် အာဟာရဓာတ်ချို့တဲ့ပါက တွေ့ရှိနိုင်သော ပြင်ပလက္ခဏာများ

နိုက်ထရိုဂျင် (Nitrogen) ချို့တဲ့မှု

အောက်ခြေရှိ အရွက်ရင့်များတွင် အရွက်ကြောများအကြား အစိမ်းဖျော့ရောင်မှ အဝါရောင်သို့ ပြောင်းလဲလာခြင်း၊ ကြီးထွားမှုရပ်တန့်လာပြီး အပင်ပုညှက်နေခြင်း၊ အရွက်ရင့်များရဲ့ အနားသတ်များ အညိုရောင်ပြောင်းကာ ခြောက်သွေ့သေဆုံးလာခြင်း၊ နိုက်ထရိုဂျင် ဖမ်းယူပေးသော အမြစ်ဖုများ ဖွံ့ဖြိုးမှု လျော့နည်းသွားခြင်း။

ဖော့စဖောရပ်စ် (Phosphorous) ချို့တဲ့မှု

အရွက်များ အစိမ်းရင့်ရောင်မှ အပြာရောင်သန်းသော အစိမ်းရောင် သို့ ပြောင်းလဲလာခြင်း၊ အရွက်ရဲ့ အရင်းပိုင်းရှိ အကြောကြားများ ဝါလာခြင်း၊ အပင်ကြီးထွားမှု နှေးကွေးလာခြင်း၊ အရွက်များ ကျဲပါးသွားခြင်း။

ပိုတက်စီယမ် (Potassium) ချို့တဲ့မှု

အရွက်ရင့်များရဲ့ အနားသတ်များ ခြောက်သွေ့သေဆုံးလာခြင်း၊ အရွက်ပေါ်တွင် အညိုရောင် အစက်အပြောက်များစွာ ဖြစ်ပေါ်လာပြီး ပြောက်ကျား ပုံသဏ္ဌာန် ပေါ်လာခြင်း၊ အစက်အပြောက် အကွက်များ တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာခြင်း။

ဆာလဖာ (Sulfur) ချို့တဲ့မှု

အပေါ်ပိုင်း အရွက်များ သေးငယ်လာပြီး ဖျော့တော့သော စိမ်း-ဝါရောင် ပေါ်လာခြင်း၊ ပင်စည်များ သေးသွယ်ပါးလွှာပြီး မာကျောလာခြင်း၊ အပင်မှာ ပုံမှန်ထက် ပိုရှည်နေပုံပေါက်သော်လည်း ကြီးထွားမှုမှာမူ ရပ်တန့်နေခြင်း။

ကယ်လ်ဆီယမ် (Calcium) ချို့တဲ့မှု

အရွက်များ ပုံမှန်အတိုင်း မကြီးထွားနိုင်ဘဲ အပင်ပေါက်စတွင် ထွက်ပေါ်လာသော အရွက်များမှာ ခွက်ပုံသဏ္ဌာန် ဖြစ်နေခြင်း၊ အရွက်နုများပေါ်တွင် အညိုရောင် အစက်အပြောက်များ တွေ့ရပြီး အာဟာရဓာတ် ချို့တဲ့မှု ပြင်းထန်ပါက အရွက်များ စောစီးစွာ အိုမင်းရင့်ရော်သွားခြင်း။

မဂ္ဂနီစီယမ် (Magnesium) ချို့တဲ့မှု

အရွက်ကြောများကြားရှိ တစ်ရှူးများတွင် အစိမ်းနုရောင်မှ အဝါရောင်သို့ ပြောင်းလဲလာခြင်း၊ အရွက်အနားသတ်များ ကွေးညွတ်နေတတ်ပြီး အရွက်ရင့်များနဲ့ အောက်ခြေပိုင်းရှိ အရွက်များတွင် ပိုမိုသိသာစွာ ထိခိုက်ခံစားရခြင်း။

 

ပဲပုပ်အပင်၏ ကြီးထွားမှုအဆင့်များ နှင့် အာဟာရဓာတ် ကျွေးမွေးမှုအပေါ် တုံ့ပြန်ပုံ

ပဲပုပ်ပင်ရဲ့ ကြီးထွားမှုအဆင့်များကို အပင်ပိုင်းကြီးထွားမှုအဆင့် (Vegetative stages) နဲ့ မျိုးပွားသောအဆင့် (Reproductive stage) ဆိုပီး ခွဲခြားနိုင်ပါတယ်။ အပင်ပိုင်းကြီးထွားမှုအဆင့် (Vegetative stages) များကို အပင်ပေါက် စတင်ထွက်ပေါ်လာသည့် အဆင့်မှစတင်ကာ အပြည့်အဝဖွံ့ဖြိုးပြီး သုံးရွက်မွှာထွက်သည်အထိ (trifoliate leaves) အရွက်အရေအတွက်အပေါ် မူတည်ပြီး အဆင့်ဆင့် ခွဲခြားထားပါတယ်။ မျိုးပွားသောအဆင့် (Reproductive stages) များမှာ‌တော့ ပန်းပွင့်ခြင်း၊ အသီးတောင့်ဖြစ်ထွန်းခြင်းနဲ့ မျိုးစေ့ရင့်မှည့်ခြင်းတို့အပေါ် မူတည်ပြီး ခွဲခြားထားပါတယ်။ ပဲပုပ်အပင်ရဲ့ ကြီးထွားမှုအဆင့် တစ်ခုချင်းစီမှာ လိုအပ်သော အာဟာရဓာတ်ပမာဏ အမြင့်ဆုံးရောက်ရှိချိန်တွေက ကွဲပြားကြပါတယ်။ အချို့သော အာဟာရဓာတ်များကိုတော့ သက်ဆိုင်ရာ ကြီးထွားမှုအဆင့်များတွင်သာ အဓိက စုပ်ယူစားသုံးကြပြီး အခြားအာဟာရဓာတ်များကိုတော့ အပင်ပိုင်းကြီးထွားမှုအဆင့်နဲ့ မျိုးပွားသောအဆင့်များတစ်လျှောက် အညီအမျှ စားသုံးကြတာဖြစ်ပါတယ်။

အပင်ပေါက် စတင်ထွက်ပေါ်လာသော အဆင့်မှာတော့ ပဲပုပ်စေ့တွေဟာ ၎င်းတို့အစေ့အလေးချိန်ရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ ညီမျှသော ရေကိုစုပ်ယူကြပြီး အစေ့အတွင်းရှိ အင်ဇိုင်းလုပ်ဆောင်ချက်များကို လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။ အဆိုပါအဆင့်မှာ အမြစ်လောင်း (radicle) ကြီးထွားမှု စတင်ဖြစ်ပေါ်ပြီး အစေ့ရွက်အောက်တံ (သို့မဟုတ်) မျိုးစေ့အောက်ပိုင်းပင်စည် (hypocotyl) ရှည်ထွက်လာကာ မျိုးစေ့ရွက် (cotyledons) များပါ မြေဆီလွှာအထက်သို့ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြေဆီလွှာ အေးမြသော အခြေအနေရှိနေပါက အပင်ငယ်ဘဝ အစောပိုင်းကြီးထွားမှုကို ကောင်းမွန်စေရန်အတွက် ဖော့စဖောရပ်စ် (P) နဲ့ ပိုတက်စီယမ် (K) မြေဩဇာများကို မျိုးစေ့အောက်နားလေးမှာ အတန်းလိုက် (banding) ထည့်သွင်းပေးနိုင်ပါတယ်။

အပင်ပေါက်ထွက်ပြီးပါက မျိုးစေ့ရွက်အဆင့် (cotyledon stage)  သို့ ရောက်ရှိပြီး ထိုအဆင့်မှာ‌တော့ အပင်ဟာ မျိုးစေ့ရွက်များအတွင်း သိုလှောင်ထားသော အာဟာရနဲ့ အစားအစာများကို စုပ်ယူသုံးစွဲမှာ ဖြစ်ပါတယ်။ မျိုးစေ့ရွက်အဆင့် ပြီးဆုံးတာနဲ့တပြိုင်နက် အရွက်နဲ့ ပင်စည်ကြီးထွားသောအဆင့် (Vegetative stages) အထူးသဖြင့် အပြည့်အဝဖွံ့ဖြိုးပြီး သုံးရွက်မွှာရှိသော အရွက်များနဲ့ ပင်စည်အဆစ် (stem nodes) များ ဖြစ်ပေါ်ပါတယ်။ ထို့နောက် နိုက်ထရိုဂျင် ဖမ်းယူစုဆောင်းခြင်း (Active nitrogen fixation) လုပ်ငန်းစဉ် ဖြစ်ပေါ်ပါတယ်။ အပင်ပိုင်းကြီးထွားမှုအဆင့် ပြီးဆုံးသွားပြီးနောက် မျိုးပွားသောအဆင့် (Reproductive stage) သို့ ဝင်ရောက်ပြီး အပင်ရဲ့ တတိယအဆစ်မှ ဆဋ္ဌမအဆစ်ကြားမှာ ပန်းပွင့်ရန် အစပျိုးပါတယ်။ ထို့နောက် နိုက်ထရိုဂျင် (N)၊ ဖော့စဖောရပ်စ် (P)၊ ပိုတက်စီယမ် (K) နဲ့ dry matter တို့ဟာ အမြန်နှုန်းဖြင့် စုဝေးရောက်ရှိလာကြပြီး ၎င်းအဆင့်ဟာ မျိုးစေ့အထွက်နှုန်းအတွက် အလွန်အရေးကြီးပါတယ်။ ထိုအဆင့်မှာ ပိုတက်စီယမ်  ၆၃ ရာခိုင်နှုန်း၊ ကော့ပါး  ၅၈ ရာခိုင်နှုန်းနဲ့ ဘိုရွန် ၅၇ ရာခိုင်နှုန်းတို့ကို စုပ်ယူကြပြီး ဖော့စဖောရပ်စ် ၃၉ ရာခိုင်နှုန်း၊ နိုက်ထရိုဂျင် ၄၃ ရာခိုင်နှုန်းနဲ့ ဇင့် ၄၃ ရာခိုင်နှုန်းတို့ကို စုပ်ယူကြပါတယ်။

ပဲပုပ်ပင်တွေ အာဟာရဓာတ်တွေကို အများဆုံးစုပ်ယူသော အချိန်တွေကတော့

-        ပန်းစပွင့်သော အဆင့်မှာ ပိုတက်စီယမ်ဓာတ်ကို အများဆုံး စုပ်ယူပါတယ်

-        အသီးတောင့် စတင်ဖြစ်ထွန်းသော အဆင့်မှာတော့ ဘိုရွန်နဲ့ ကော့ပါးတို့ကို အများဆုံး စုပ်ယူပါတယ်

- အစေ့ဆန် စတင်ဖြည့်တင်းသော အဆင့်မှာ‌တော့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်၊ မဂ္ဂနီစီယမ်၊ အိုင်းယွန်း၊ မဂ္ဂနီးစ် နဲ့ ဇင့် ဓာတ်တွေကို  အများဆုံး စုပ်ယူကြပါတယ်

- ဆာလဖာဓာတ်ဟာ အဆီဖြစ်ပေါ်စေရန်အတွက် မရှိမဖြစ်လိုအပ်ပြီး အပင်ကြီးထွားမှု အစောပိုင်းအဆင့်များတွင် ထည့်သွင်းပေးရန် လိုအပ်ပါတယ်

အသုံးပြုလိုက်သော မြေသြဇာတွေဟာဆိုရင် အပင်ကြီးထွားမှုရဲ့ နောက်ပိုင်းအဆင့်မှစပြီး အစေ့ဆန်ဖြည့်တင်းသော ကာလအတွင်းမှာ အကောင်းဆုံးတုံ့ပြန်မှုတွေကို ပြသပေးကြတာ ဖြစ်ပါတယ်။ အဆိုပါအဆင့်များမှာ အပို အာဟာရဓာတ်များအနေဖြင့် ရွက်ဖျန်းမြေဩဇာများကို အသုံးပြုပေးနိုင်ပါတယ်။ ထိုကာလအတွင်းမှာ မဂ္ဂနီစီယမ်ဓာတ်ပါသော ရွက်ဖျန်းမြေသြဇာများကို အသုံးပြုပေးခြင်းဟာ အပင်အတွင်း ဇီဝဖြစ်စဉ်များကို တိုးမြှင့်ပေးကာ အထွက်နှုန်းကိုလည်း တိုးတက်စေပါတယ်။ အပင်ရဲ့အာဟာရဓာတ် အကောင်းဆုံးစုပ်ယူနိုင်သော အချိန်အခါနဲ့ ကိုက်ညီအောင် ကျွေးမွေးခြင်းဖြင့် အာဟာရဓာတ်များကို ထိရောက်စွာ အသုံးချနိုင်စေပြီး ကောင်းမွန်သော အထွက်နှုန်းကို ရရှိစေနိုင်ပါတယ်။ ထို့ကြောင့် အာဟာရ အရင်းအမြစ်များကို ချွေတာရန်နဲ့ မျိုးစေ့အထွက်နှုန်း အမြင့်ဆုံးရရှိစေရန်အတွက် အရေးကြီးသော အာဟာရစုပ်ယူသည့်အဆင့်များမှာ မြေဩဇာများကို အချိန်ကိုက်ထည့်သွင်းပေးသင့်ပါတယ်။

Ref: https://onlinelibrary.wiley.com/doi/10.1155/2021/3304634

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

ပဲပုပ်ပင်အာဟာရ

ပဲပုပ်ပင်အာဟာရ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

အရွက်က ခြောက်ပြီး ဝါလာပြီ ဘာတွေ လုပ်ပေးရမလဲဆရာ

နန်းထွေးမေ • ဖြေကြားချက် 1 ခု

ဆရာကြီးနွားသေးအချဉ်ဖောက်တာ 5ရက်ရှိပါပီး အသုံးပြုရပီးလားဆရာ အပင်လောင်တာတို့ရှိနိင်သေးလားဆရာ

U Than Toe Aung • ဖြေကြားချက် 3 ခု

ငါးအမိုင်နိဖောက်ထားတာ 2လလောက်ရှိပြီဗျ၊ အနံကတော့ ထန်းလျက်နံ့နဲ့ ငါးညီနဲ့လိုလိုရတယ်ဗျ၊ အပင်တွေပေါ် 300cc နှုန်းလောက်နဲ့ဖြန်းတာ သိသိသာသာပြောင်းလဲမှုမရှိလို့ဗျ ဘာအဆင်မပြေလို့လဲဗျ ပုံမှန်ပဲလားဗျ သူများတွေသုံးတာတော့ စိမ်းခဲ့တာလို့ပြောလို့ဗျ ပဲပင်ပေါ်စမ်းတော့လဲ အတူတူပဲဗျ

andrich • ဖြေကြားချက် 3 ခု

ဘာဖျန်းသင့်လည်းခင်ဗျ

ဦးဇာနည် • ဖြေကြားချက် 2 ခု

ဆရာတို့ခင်ဗျာ ပြောင်းပင်များ ပြောင်းဖူး ဖူးချိန်တွင် မုန့်ဖုတ်ဆော်ဒါအား အပင်ခြေပုံခြင်း ဖြင့်လည်းကောင်း အရည်ဖျော်၍ ဖျန်းပေးခြင်းဖြင့်လည်းကောင်း အဖူးထွားသည်ဟု ပြောကြပါသည်။ သို့ဖြစ်ပါ၍ ထိုအယူအဆမှာ မှန်ကန်ခြင်း ရှိ/မရှိ သိပါရစေဗျာ။ ပြောင်းစိုက်ပျိုးရေးအတွက် အသင့်တော်ဆုံးဖြစ်မယ့် မြေသြဇာကိုလည်း သိပါရစေခင်ဗျာ။ အောက်ပါပုံတွင် ပါရှိသော ပြောင်းပင်တွင်ကျရောက်နေသည့် မှိုရောဂါအတွက် မည်သို့ကုသရမည် ဆိုသည်ကိုလည်း ညွှန်ကြားပေးပါခင်ဗျာ။

ဦးနိုင်လင်းထွန်း • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။