တိကျစွာအဖြေရှာပါ အပင်ညှိုးပြဿနာအဖြာဖြာ - ၂ (တောင်သူလက်စွဲ)
မိမိစိုက်ထားတဲ့အပင်လေးတွေ ညှိုးသွားတယ်ဆိုရင် ဒါဟာ အဓိကအားဖြင့် အကြောင်းရင်း ၄ ခုကြောင့် ဖြစ်နိုင်တယ်ဆိုတာကို အပိုင်း(၁) မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
တစ်ခုချင်းစီဟာ ဘယ်လို အပင်အမျိုးအစားတွေမှာ ဖြစ်တတ်တယ်။ အဲ့ဒါတွေကို ဘယ်လိုပုံစံတွေနဲ့ဖြေရှင်းသင့်တယ်ဆိုတာလည်း ပါဝင်ပြီးဖြစ်ပါတယ်။ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://greenwaymyanmar.com/posts/Plant_Wilting_diagnosis_1
စိုက်ပျိုးရေးလုပ်တဲ့နေရာမှာ အပင်ကြီးပဲဖြစ်ဖြစ် အပင်ငယ်လေးပဲဖြစ်ဖြစ် ညှိုးပြီးသေတတ်ကြတာပါပဲ။

ဒီလိုညှိုးပြီးသေတဲ့ အကြောင်းအရာတွေထဲကမှ အုပ်စုခွဲလိုက်မယ်ဆိုရင်တော့ အဓိက က ၂ ခုပဲ ရှိပါတယ်။ အဲ့ဒါတွေကတော့ သက်ရှိနဲ့ သက်မဲ့ကြောင့်ပဲဖြစ်ပါတယ်။
ဘတ်တီးရီးယားနဲ့ မှိုကတော့ သက်ရှိကြောင့် ဖြစ်ရတဲ့ ပင်ညှိုးရောဂါထဲမှာ ပါဝင်ပါတယ်။
ဘတ်တီးရီးယားနဲ့ မှို ဘယ်သူကြောင့် ညှိုးသေတာဟုတ်မဟုတ်ကိုသိချင်ရင်တော့ ညှိုးသေကာစ အပင်ကိုဖြတ်ယူလိုက်ပါ။ ဖန်ခွက်အကြည် ဒါမှမဟုတ် ပလတ်စတစ်ခွက်အကြည်ထဲမှာ ရေထည့်ပြီး အဲ့ဒီထဲမှာ ခုန အပင်ဖြတ်ပိုင်းလေးကို ထည့်လိုက်ပါ။ မီးခိုးရောင် (သို့) အဖြူရောင် အမျှင်အတန်းတွေထွက်လာနေမယ်ဆို ဘတ်တီးရီးယားစိမ့်ထွက်ရည် (oozing out ) ဖြစ်နေပါပြီ။ ဒီလိုဆိုရင်တော့ ဘတ်တီးရီးယားကြောင့် ဒီအပင်လေးညှိုးခြောက်သွားတယ်လို့ ၇၀ ရာခိုင်နှုန်း ယူဆလို့ရပါတယ်။ ကျန် ၃၀ ရာခိုင်နှုန်းကတော့ ယူဆလို့မရပါဘူး။ (အပိုင်း ၁ မှာလည်း တစ်စိတ်တစ်ပိုင်း ဖော်ပြပြီးဖြစ်ပါတယ်)
oozing out မထွက်လာဘူးဆိုရင်တော့ မှိုကြောင့် အပင်ညှိုးလာတယ်လို့ ၇၀ ရာခိုင်နှုန်းသတ်မှတ်လို့ ရပါတယ်။ ဒါမျိုးဆိုရင်တော့ ဘတ်တီးရီးယားကိုနိုင်သော ကော့ပါး၊ ကာဆူကာမိုင်စင်၊ အောက်စလိုးနစ် အက်ဆစ်၊ ဇင့်/ ဖော့စဖိတ်ပါဝင်သော ပိုးသတ်ဆေးများ သုံးစရာမလိုပါဘူး။
ဘာလို့ရာနှုန်းပြည့်သတ်မှတ်လို့မရလဲဆို တစ်ခါတလေ ကျွန်တော်တို့ရွေးလိုက်တဲ့အပင်က တအားအိုနေတဲ့အပင်၊ အပင်သေသွားလို့ ဘတ်တီးရီးယားတွေ တခြားအပင်ကို ရွှေ့ပြောင်းသွားတာကို ခံလိုက် ရတဲ့အပင်မျိုး၊ အဆွေးစားအပင်များပေါ်လာခြင်းမျိုး (အပင်ပေါ်မှိုတက်လာတာ) အဲ့တာတွေကြောင့်ဆိုရင် ( oozing out ) မထွက်လာလို့ပါပဲ။
ဘတ်တီးရီးယားမှာဆိုရင်လည်း Ralstonia နဲ့ Erwinia ကြောင့်ဆိုပြီး နှစ်မျိုးထပ်ဖြစ်နိုင်ပါတယ်။
Ralstonia ကြောင့်ဖြစ်တဲ့ ညှိုးသေဆိုရင်တော့ ဘာဆေးမှမနိုင်တော့ပါဘူး။ ဆေးကုမ္ပဏီတွေက ဒီဆေးသုံးပါ။ နိုင်တယ်လို့ပြောတာတွေ ယုံမနေပါနဲ့တော့။ Erwinia ကြောင့်ဆိုရင်တော့ ကုသဆေးတွေ ရှိပါသေးတယ်။
Erwinia နဲ့ Ralstonia ကို စိုက်တဲ့သီးနှံပေါ် မူတည်ပြီး ခွဲနိုင်သလို Physiological test နဲ့လည်း စမ်းပြီး ခွဲနိုင်ပါတယ်။ အမြင်နဲ့တော့ ဘယ်လိုမှ ခွဲလို့မရပါဘူး။ စိုက်တဲ့သီးနှံကို ကြည့်ပြီးတော့တော့ နည်းနည်း ရွှီးလို့ရပါတယ်။
မှိုကြောင့်ဖြစ်တာဆိုရင်လည်း Fusarium ၊ Rhizoctonia၊ Aspergillus၊ Pithyrum၊ Phytophthora ကြောင့်ဆိုပြီး အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အဲ့ထဲကမှ အဖြစ်များတာကတော့ Fusarium ကြောင့်ပါ။
တချို့ဆေးကုမ္ပဏီတွေက မြေဆောင်မှိုရောဂါကိုနိုင်တယ်ဆိုပြီး ရောင်းကြတယ်။ တကယ်တော့ မြေဆောင် မှိုရောဂါက ကုသဖို့ဆိုတာ အတော်လေးခက်ပါတယ်။ ဒါကိုတောင်သူဦးကြီးတို့အနေနဲ့ သတိထားနိုင်ဖို့ပါ။
Fusarium ကြောင့်ဆိုရင်တော့ Trizole လိုမျိုး မှိုသတ်ဆေးတော်တော်များများက နိုင်ပါတယ်။ အဲ့ဒီ Fusarium မှာလည်း အရွက်ကိုတိုက်တာနဲ့ အမြစ်ကိုတိုက်တာဆိုပြီးရှိတာပါ။ အရွက်ကိုတိုက်တဲ့ မှိုဆိုရင်တော့ နိုင်ပါသေးတယ်။ အမြစ်ကိုတိုက်တာဆိုရင်တော့ သတ်နိုင်ဖို့က မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ ဆေးကမြေကြီးထဲကို သေချာမရောက်နိုင်လို့ပါ။
ဆေးအေအိုင်တွေဆိုတာ ခဏထားဦး။ ဧကနည်းရင်တော့ ကျွန်တော်တို့ ကိုယ်တိုင်ဝင်ဖျန်းလိုက်ရင် ဒီမှိုကို ထိနိုင်သေသွားနိုင်ပါသေးတယ်။ ဒါပေမဲ့ ဧကများရင်တော့ ကျွန်တော်တို့တွေက ဝန်ထမ်း၊ အလုပ်သမားတွေနဲ့ ဖျန်းကြတဲ့အချိန်မှာ သာမန်ကာလျှံကာ ဖျန်းကြတော့ ရောဂါက ဟိုးမြေကြီးထဲမှာ ဆေးကမထိ၊ မထိတော့ မှိုကိုဘယ်သတ်နိုင်တော့မလဲ။
ဒါတွေက မှိုတွေက ဘယ်အနက်လောက်ထိရှိနေမယ်ဆိုတာရယ်၊ မှိုကဘယ်လောက်ထိ များနေလဲဆိုတာကို မသိတာရယ်ကြောင့်လည်း ပါတော့ပါတာပေါ့နော်။ ဒါ့ကြောင့် အပင်က ညှိုးသေဖြစ်တယ်ဆိုရင် မြေကြီးကို စိုရွှဲနေအောင် ဆေးဖျန်းဖို့လိုအပ်ပါတယ်။
ဆေးဖိုးမကုန်ချင်ဘူး ဘယ်လိုထိရောက်အောင်လုပ်မလဲဆိုရင်တော့ နေရောင်ခြည်နဲ့ ပိုးသတ်နည်း (Solarization) ကို သုံးလို့ရပါတယ်။ အဲ့ဒါကတော့ ပေါင်းတွေအကုန်ရှင်း၊ ရေဖျန်း ပလတ်စတစ် အကြည်စနဲ့ အုပ်ပြီး အနည်းဆုံး ၂ ပတ်လောက်စောင့်ပေးတဲ့နည်းပါ။ ဒီနည်းနဲ့လုပ်တာက ပေါင်းတွေ မြေဆောင်ပိုးတွေကို ရေငွေ့နဲ့ ၈၀ ရာခိုင်နှုန်းလောက်သတ်နိုင်တဲ့ အကျိုးရှိတဲ့နည်းတစ်ခုပဲဖြစ်ပါတယ်။ (ဒီအကြောင်းကို အသေးစိတ်တစ်ပုဒ်အနေနဲ့ ဆက်ရေးရှင်းပြပေးပါ့မယ်)
အစ္စရေး၊ ဂျပန်စတဲ့နိုင်ငံတွေကို ကျွန်တော်ရောက်သွားတော့ သူတို့စိုက်ပျိုးနည်းစနစ်ကို လေ့လာကြည့်တဲ့အခါ သူတို့က ဒီပင်ညှိုးရောဂါကို အသေကြောက်ပါတယ်။ ဒါ့ကြောင့်သူတို့က ဒီ solarization နည်းကို သုံးကြတယ်ပေါ့။ ဒီပိုးသတ်နည်းကို သုံးမယ်ဆိုရင်တော့ အပူဆုံးလကိုသာ ရွေးပြီးလုပ်ရပါမယ်။
အရေးကြီးဆုံး အချက်ကတော့ ဘက်တီးရီးယားကျရောက်နေချိန် နိုက်ထရိုဂျင် (ပုလဲ) ကျွေးခြင်းက ရောဂါကို ပိုဆိုးသွားစေနိုင်တယ်ဆိုတာပါပဲ။
သက်မဲ့ကြောင့်လည်း ပင်ညှိုးရောဂါက ဖြစ်နိုင်ပါတယ်။ အဲ့ဒါကဘာလဲဆို ရေငတ်တာပါ။ ရေငတ်ရင် အရွက်တွေက ဝါသွားမယ်၊ ညှိုးသွားမယ်၊ ခြောက်သွားမယ်။ အာဟာရမလုံလောက်တဲ့ လက္ခဏာတွေလိုပါပဲ။
အာဟာရပြတ်ရင်ကကျ အပင်တွေက ညှိုးသွားတယ်၊ အရောင်အဆင်းက ဖျော့သွားတယ် ဆိုပေမဲ့ သေတဲ့အထိမဖြစ်နိုင်ပါဘူး။ ရေငတ်ရင်ကျ သေတဲ့အထိကို ဖြစ်ပါတယ်။ ပြီးတော့ ရေငတ်တဲ့ လက္ခဏာတွေက တစ်ပင်တည်းကို ပြနေမှာမဟုတ်ဘဲ တစ်ကွင်းလုံး နေရာအတော်များများ အထိကို ပြနေမှာပဲဖြစ်ပါတယ်။ အဲ့လိုအချိန်မျိုးဆိုရင်တော့ အပင်လေးတွေကို ရေတိုက်ရုံနဲ့ ပြန်လန်းနိုင်မှာပဲ ဖြစ်ပါတယ်။ (ဘယ်လိုပုံစံညှိုးတတ်တယ်၊ ဘယ်အပင်တွေမှာဖြစ်တတ်တယ် ဆိုတာတွေကို အပိုင်း(၁) မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်)
ဖုန်းမာန်တိုး (ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)
သီးနှံဖျက်ပိုးရောဂါ ကာကွယ်ရေးအထူးပြု (၂၀၁၀) ကိုးကား - American Phytopathological Society
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 2 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 5 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024