အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)

တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)

AMIA
AMIA • 06/11/2026

ဒီပါဝလီ ပွဲတော်ကာလ နီးလာချိန် အိန္ဒိယနိုင်ငံအတွင်း ပဲစဉ်းငုံနှင့် မတ်ပဲဈေး လှုပ်ရှားလာသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များတွင် ဈေးအေးခဲ့သော ပဲစဉ်းငုံမှာ ယခုရက်သတ္တပတ်၌ ဈေးသိသာစွာ မာလာသည်။ ထို့ကြောင့် မြန်မာ့ဈေးကွက်တွင်လည်း အပြောင်းအလဲများ ရှိလာသည်။ ထို့အပြင် ပြည်တွင်း၊ ပြည်ပ ဝယ်လိုအား မျှော်လင့်ချက်ဖြင့် ပြောင်းနှင့် ကြက်သွန်နီကလည်း ဈေးဆက်လက် မာနေသည်။

ဈေးပြန်တက်လာသည့် ပဲစဉ်းငုံ

အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစဉ်းငုံ FOB ဈေးမှာ ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၀၀၀ အထိ ရောက်ရှိလာသည်။ ရက်သတ္တပတ်အတွင်း ပဲစဉ်းငုံဈေး တစ်တန်လျှင် ဒေါ်လာ ၅၀ ခုန်တက်လာခြင်း ဖြစ်သည်။

မိုးရာသီ စိုက်ပျိုးသည့် ပဲစဉ်းငုံ အထွက်နှုန်းအပေါ် စိုးရိမ်မှုက ပဲစဉ်းငုံဈေးကို ပိုမို ခိုင်မာစေသည်။ သို့သော် ပဲခွဲစက်များ၏ ဝယ်လိုအား တုံ့နှေးမှုနှင့် ပြည်ပနိုင်ငံများမှ တင်သွင်းထားသည့် ပဲများ ဈေးကွက်သို့ ရောက်ရှိလာချိန်တွင် ဈေးနှုန်း အပြောင်းအလဲများ ရှိနေနိုင်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ ဈေးကွက်အတွင်း ပဲစဉ်းငုံ FOB ဈေးမှာ တန့်နေသော်လည်း ပြည်တွင်းဈေးမှာ မြင့်တက်လာသည်။ ရက်သတ္တပတ်အတွင်း ပဲတစ်တန်လျှင် ကျပ် ၃၃,၀၀၀ ကျော် မြင့်တက်သွားသည်။

ပဲစဉ်းငုံ FOB ဈေးမှာ ပဲစဉ်းငုံ (နီ) (အဟောင်း) တစ်တန်လျှင် ဒေါ်လာ ၉၁၀ - ၉၂၀၊ ပဲစဉ်းငုံ (နီ) အသစ် တစ်တန်လျှင် ဒေါ်လာ ၉၄၀ - ၉၅၀ ဈေးဖွင့်သည်။

ပြည်တွင်း ပဲစဉ်းငုံဈေးမှာ ပဲစဉ်းငုံ (နီ) တစ်တန်လျှင် ကျပ် ၄,၀၀၀,၀၀၀ မှ ၄,၃၃၀,၀၀၀ သို့ ဈေးပြောင်းသွားသည်။

မန္တလေးဈေးကွက်တွင် ပဲစဉ်းငုံ (နီ) မှာ ရက်သတ္တပတ်အတွင်း ပဲတစ်တန်လျှင် ကျပ် ၂၀၀,၀၀၀ ဝန်းကျင် ဈေးတက်သည်။ ယခုရက်သတ္တပတ် မန္တလေးဈေးကွက်တွင် ပဲစဉ်းငုံ (နီ) မှာ တစ်တန်လျှင် ကျပ် ၃,၈၂၀,၀၀၀ ကျော်မှ ကျပ် ၄,၀၀၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

မတ်ပဲဈေး တက်လာ

ပြီးခဲ့သည့် ရက်သတ္တပတ်များတွင် ဈေးကျခဲ့သည့် မတ်ပဲမှာ ယခုရက်သတ္တပတ် ပြည်တွင်းဈေး အနည်းငယ် ပြန်လည် မြင့်တက်လာသည်။

အိန္ဒိယနိုင်ငံတွင်လည်း မြန်မာ့မတ်ပဲ FOB ဈေးမှာ အနည်းငယ် တက်ရိပ်ပြနေသည်။ မြန်မာ့မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၈၀ မှ ၈၉၀၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၄၀ မှ ၉၅၀ သို့ ဈေးပြောင်းသွားသည်။

အိန္ဒိယနိုင်ငံသို့ မြန်မာနှင့် ဘရာဇီး မတ်ပဲများ ဝင်ရောက်နေပြီး ပဲခွဲစက်များ၏ အဝယ်ကလည်း အားပျော့နေသည်ဆိုသည့် သုံးသပ်ချက်များ ရှိနေသည်။

မြန်မာ့ဈေးကွက်တွင် မတ်ပဲမှာ ပြည်တွင်းဈေး အနည်းငယ် လှုပ်ရှားသော်လည်း ပြည်ပဈေးမှာ ကျရိပ်သန်းနေသည်။

မတ်ပဲ FOB ဈေးမှာ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၆၅/၈၇၅ ဖြင့် ငြိမ်နေပြီး မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၃၅ - ၉၄၅ မှ ၉၃၀ - ၉၄၀ သို့ ဈေးပြောင်းသွားသည်။

ယခုရက်သတ္တပတ် မတ်ပဲ ပြည်တွင်းဈေးမှာ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၆၆၀,၀၀၀ မှ ၃,၇၈၀,၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၃,၉၂၀,၀၀၀ မှ ၄,၀၃၀,၀၀၀ သို့ ဈေးပြောင်းသွားသည်။

ပြောင်းဈေး တက်လာ

အိန္ဒိယနိုင်ငံသို့ ပြောင်းတန်ချိန် ၂၀,၀၀၀ တင်ပို့ရန် စီစဉ်နေသည်ဆိုသည့် သတင်းနှင့်အတူ ပြည်တွင်း ပြောင်းဈေးမှာ သိသာစွာ ပြန်လည် မြင့်တက်လာသည်။

ဆီထွက်သီးနှံ ဖြစ်သော ပဲပုပ် စိုက်ပျိုးရေးကို တောင်သူများ အားသန်နေသဖြင့် ပြောင်းစိုက်ပျိုးမှု လျော့နည်းနိုင်သည်ဆိုသည့် ခန့်မှန်းချက်များလည်း ရှိနေသည်။

ထို့အပြင် ဖေဖော်ဝါရီလတွင် စတင်မည့် ထိုင်းနိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်း ဝယ်ယူမှု အလားအလာ ကောင်းများအပေါ် မျှော်လင့်ချက်များနှင့် ပြည်တွင်း မွေးမြူရေး အစာအတွက် ဝယ်လိုအားများက ပြောင်းဈေးအပေါ် သက်ရောက်မှုများ ရှိနေသည်။

ထို့ကြောင့် ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်းမှာ ပြည်တွင်းဈေးသာမက ပြည်ပသို့ ရောင်းချသည့် FOB ဈေးပါ မြင့်တက်လာသည်။

ပြည်ပသို့ ရောင်းချသည့် ပြောင်း FOB ဈေးမှာ ပြောင်းတစ်တန်လျှင် ဒေါ်လာ ၂၆၅ -၂၇၅ မှ ၂၇၅ -၂၈၅ သို့ ဈေးပြောင်းသွားသည်။

ပြည်တွင်း ပြောင်းဈေးမှာ ရန်ကုန်ဈေးကွက်တွင် ပြောင်းတစ်ပိဿာလျှင် ကျပ် ၁,၆၉၀ - ၁,၇၁၀ မှ ၁,၈၄၀ - ၁,၈၆၀ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် ရှမ်းပြောင်း တစ်တန်လျှင် ကျပ် ၁,၀၃၁,၀၀၀ ကျော် ဈေးဖွင့်သည်။

ဈေး ထပ်မံမြင့်တက်သည့် ကြက်သွန်နီ

စားဖိုဆောင်သီးနှံ ကြက်သွန်နီမှာ ယခုရက်သတ္တပတ်တွင် ဈေး ထပ်မံမြင့်တက်လာသည်။

နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့မှုများ ရှိနေချိန် ပြည်တွင်း လက်ကျန်ကြက်သွန် နည်းပါးမှုက ဈေးတက်ရန် တွန်းအား ဖြစ်နေသည်။

ရန်ကုန်ဈေးကွက်သို့ နေ့စဉ် ကြက်သွန်နီ အဝင် ပိသာချိန် ၁၂၀,၀၀၀ မှ ၁၅၀,၀၀၀ အကြား ရှိနေပြီး ကြက်သွန် အမျိုးအစားအားလုံးမှာ လက်တလော ဈေးတက်နေသည်။ ရက်သတ္တပတ်အတွင်း လက္ကားဈေးကွက်တွင် နွေကြက်သွန်နီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ ထပ်မံ ဈေးတက်လာသည်။ သို့သော် မကြာမီ မိုးကြက်သွန်အသစ်များ ဈေးကွက်အတွင်း ဝင်ရောက်လာပါက ဈေးကျမည်ဆိုသည့် ပြောဆိုမှုများလည်း ရှိနေသည်။

လက္ကားဈေးကွက်တွင် ကြက်သွန်နီ ဆိပ်ဖြူ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၁၃,၀၀၀ မှ ၁၃,၈၀၀၊ မြင်းခြံ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၁၃,၀၀၀ မှ ၁၄,၀၀၀၊ မုံရွာ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၁၃,၀၀၀ မှ ၁၄,၀၀၀ ဈေးဖွင့်သည်။

လက်လီဈေးကွက်တွင် နွေကြက်သွန်နီ တစ်ပိဿာလျှင် အနည်းဆုံး ကျပ် ၁၄,၀၀၀ မှ ၁၇,၀၀၀ အကြား ဈေးဖွင့်ပြီး မိုးကြက်သွန်နီ (အသစ်) များမှာ တစ်ပိဿာလျှင် ကျပ် ၁၁,၀၀၀ ဝန်းကျင် ဈေးဖွင့်ထားသည်။ (လက်လီဈေးများမှာ နေရာဒေသနှင့် အချိန်နဲ့အညီ ကွဲပြားမှုများ ရှိနိုင်ပါသည်)

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Sa Kyaw Lin Tun

Sa Kyaw Lin Tun

လွန်ခဲ့သော ၄ ရက် က

နိုဝင်ဘာလထဲမှာ မတ်ပဲစျေး ဆက်တက်လာနိင်သေးလား

You

ဆက်စပ်မေးခွန်းများ

မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့

Hlaing Min Tun • ဖြေကြားချက် 1 ခု

ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံးမှိုကျမကျဆရာဆေး​လဲညွန်ပါအုံးဆရာ

မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 1 ခု

ကျွန်တော်ပဲတီိစိမ်းအခင်းအပင်တွေညိုးသေနေပါတယ်မြေကြီးကလည်းအလွန်စိုနေပါတယ်ပဲပင်ဆက်မသေအောင်ဘယ်လိုကာကွယ်ကုသရမလဲဆရာ

လက်တွေ့တောင်သူ • ဖြေကြားချက် 1 ခု

ဆင်းသုခစပါးအရွက်တွေအဝါရောင်ဖြစ်နေလို့ပြန်ကောင်းအောင်ဘယ်လိုလုပ်ရမလဲ

Hein Hein Htet • ဖြေကြားချက် 1 ခု

ဒီနှစ်ပဲရာသီမှာပဲတီစိမ်း​စျေးကောင်းနိုင်ပါမလားဆရာတို့ပဲတီစိမ်းကိုတော့ဝယ်လောက်ပါတယ်နော်

လက်တွေ့တောင်သူ • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။