အိန္ဒိယ ဂျုံတင်ပို့မှု တားမြစ်ချက် - ကမ္ဘာကြီးအတွက် ဘာကြောင့် အရေးကြီးတာလဲ

09/06/2022 15:58 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အိန္ဒိယနိုင်ငံဟာ ဂျုံပြည်ပတင်ပို့မှု တားမြစ်လိုက်တဲ့ ၎င်းတို့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ခုခံပြောဆိုသွားခဲ့ပါတယ်။ အိန္ဒိယလုပ်ရပ်က ယူကရိန်းစစ်ပွဲဂယက်ကြောင့် အခြေအနေဆိုးနေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာရောင်းအားကို ပိုမိုအကျပ်ရိုက်စေနိုင်တယ်လို့ ဝေဖန်နေကြချိန်မှာ ယခုလို တုံ့ပြန်လာတာပါ။

"နိုင်ငံတွေတိုင်းက ပို့ကုန်တားမြစ်ကန့်သတ်ချက်တွေ ပြဋ္ဌာန်းလာမယ်ဆိုရင် အကျပ်အတည်းကို ဆိုးသထက် ဆိုးသွားစေပါလိမ့်မယ်" လို့ ဂျာမနီစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးဝန်ကြီး Cem Ozdemir က အိန္ဒိယက ဂျုံတင်ပို့မှု တားမြစ်ခဲ့အပြီး မေလအတွင်းမှာ ဝေဖန်ခဲ့ပါတယ်။

ဒါပေမဲ့ အိန္ဒိယကုန်သွယ်ရေးဝန်ကြီး Piyush Goyal ကတော့ အိန္ဒိယဟာ ဂျုံအဓိကတင်ပို့တဲ့နိုင်ငံ မဟုတ်တာကြောင့် ၎င်းတို့တားမြစ်မိန့်က ကမ္ဘာ့ဈေးကွက်တွေအပေါ် သက်ရောက်မှာမဟုတ်ဘူးလို့ ခုခံပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်အထိ အိန္ဒိယရဲ့ မူဝါဒအပြောင်းအလဲဟာ ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီးပါပြီလဲ။

ကမ္ဘာ့ဂျုံဈေးတက်လာခြင်း

အိန္ဒိယနိုင်ငံမှာ အချိန်အခါမဟုတ် ပူပြင်းလွန်းတဲ့ ရာသီဥတုဒဏ်ကြောင့် ဂျုံသီးနှံတွေ ပျက်စီးခဲ့ရအပြီး ပြည်တွင်းဂျုံဈေးတွေ တက်လာခဲ့တဲ့နောက် အစိုးရက မေလ ၁၃ ရက်မှာ ဂျုံတင်ပို့မှု တားမြစ်ပိတ်ပင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အိန္ဒိယဟာ အဓိကဂျုံတင်ပို့နိုင်ငံ မဟုတ်တဲ့တိုင်အောင် ၎င်းတို့လုပ်ဆောင်ချက်ဟာ ကမ္ဘာ့ဂျုံဈေးကွက်ကို မတည်မငြိမ် ဖြစ်သွားစေခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ရှီကာဂိုကုန်စည်ဒိုင်မှာ ဂျုံကြိုပွိုင့်ဈေး ခြောက်ရာခိုင်နှုန်းနီးပါး မြင့်တက်သွားစေတဲ့အထိပါပဲ။

အဓိကဂျုံအမျိုးအစားတွေထဲက တချို့ဈေးတွေဟာ ရက်အတန်ကြာ မြင့်တက်နေခဲ့ပြီး မေလ ၁၇ နဲ့ ၁၈ ကြားမှာ အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။

ဂျုံဈေးတွေဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲပြီးနောက်ပိုင်း မတ်နဲ့ ဧပြီလတွေအတွင်းကတည်းက အခြားစားသောက်ကုန်စည်ဈေးနှုန်းတွေနည်းတူ မြင့်တက်နေခဲ့တာပါ။

စစ်ပွဲကြောင့် ကူးသန်းရောင်းဝယ်ရေးတွေ အလျင်ပြတ်တောက်လာပြီး ဂျုံတန်ချိန် သန်းပေါင်းများစွာဟာ ဂျုံတင်ပို့မှု ထိပ်သီးတစ်နိုင်ငံ ဖြစ်တဲ့ ယူကရိန်းနိုင်ငံထဲကနေ မထွက်ခွာနိုင် ဖြစ်နေပါတယ်။

လယ်ယာစိုက်ပျိုးရေးအချက်အလက် သုတေသနအဖွဲ့ Gro Intelligence ရဲ့ ပညာရှင် Kelly Goughary ကတော့ ကမ္ဘာ့ဂျုံဝယ်လက်တွေဟာ ပင်လယ်နက်ဒေသဆီက ရောင်းအားတွေ ကျဆင်းလာပြီးနောက် အိန္ဒိယရောင်းကုန်အပေါ် မှီခိုအားထားလာကြတဲ့အတွက် အိန္ဒိယက ပိတ်ပင်လိုက်တဲ့အခါ ဈေးနှုန်းတွေ ထပ်တက်လာတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

အိန္ဒိယတားမြစ်ချက်ဟာ ဘယ်သူတွေအပေါ် ထိခိုက်နေသလဲ

အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဂျုံထုတ်လုပ်မှု ဒုတိယအများဆုံး ဖြစ်ပါတယ်။ သို့တိုင်အောင် ကမ္ဘာ့ဈေးကွက် ဂျုံရောင်းဝယ်ဖောက်ကားမှုမှာ  အိန္ဒိယက တစ်ရာခိုင်နှုန်းသာ ပါဝင်ပါတယ်။ အိန္ဒိယဟာ မရှိဆင်းရဲသားတွေအတွက် စားနပ်ရိက္ခာ အထောက်အပံ့ ပေးနိုင်ဖို့ ဂျုံပမာဏများစွာကို ပြည်တွင်းမှာ သိုမှီးထိန်းသိမ်းထားလေ့ရှိပါတယ်။

ဒါပေမဲ့ ပို့ကုန်တားမြစ်ချက် မထုတ်ပြန်ရသေးခင်တုန်းက အိန္ဒိယဟာ ယခုနှစ်အတွင်း ဂျုံပမာဏ တန်ချိန် ၁၀ သန်းအထိ စံချိန်တင် တင်ပို့သွားဖို့ ရည်မှန်းခဲ့တာပါ။ မနှစ်ကဆိုရင် တန်ချိန် နှစ်သန်းသာ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယဟာ ဂျုံကို အာရှနဲ့ အာဖရိကတိုက်ထဲက ဈေးကွက်သစ်တွေဆီ တင်ပို့နေတာ ဖြစ်ပါတယ်။ ယခုလို တားမြစ်ချက် ထုတ်ပြန်ပြီးချိန်မှာတောင် အချို့နိုင်ငံတွေက အိန္ဒိယနဲ့ သင့်မြတ်အောင် ဆက်ဆံပြီး ကုန်စည်တွေ ဝယ်ယူနိုင်အောင် လုပ်မယ်လို့ ပြောဆိုထားကြပါတယ်။

အချို့နိုင်ငံတွေဟာ အိန္ဒိယဂျုံပို့ကုန်တွေ လက်ခံရရှိနေဦးမှာ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေ လိုအပ်နေချိန်မှာ ဆက်လက်ကူညီပေးသွားမယ်လို့ အိန္ဒိယဘက်က ပြောထားပါတယ်။

အိန္ဒိယရဲ့ အဓိကပို့ကုန်ဈေးကွက်တွေကတော့ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ သီရိလင်္ကာတို့အပြင် ယူအေအီးနိုင်ငံတို့ ဖြစ်ကြပါတယ်။

၂၀၁၉-၂၀ အတွင်း သီရိလင်္ကာနဲ့ ယူအေအီးတို့ဟာ ၎င်းတို့တင်သွင်းတဲ့ ဂျုံတွေရဲ့ ၅၀ ရာခိုင်နှုန်းကို အိန္ဒိယဆီက ဝယ်ယူခဲ့တာလို့ OEC ကမ္ဘာ့စီးပွားရေးစောင့်ကြည့်လေ့လာမှုအဖွဲ့က ထုတ်ပြန်ပါတယ်။ နီပေါနိုင်ငံကတော့ တင်သွင်းမှု ၉၀ ရာခိုင်နှုန်းကျော်အထိ အိန္ဒိယဆီက မှာယူခဲ့တာပါ။

၎င်းနိုင်ငံတွေအနေနဲ့ ရှိရင်းစွဲစာချုပ်တွေအရ အိန္ဒိယဂျုံကို ဆက်လက်ရရှိဦးမလား၊ ဒါမှမဟုတ် အနာဂတ်မှာ ချုပ်ဆိုမဲ့စာချုပ်တွေအောက်ကနေ ဂျုံရောင်းကုန်တွေ ထပ်ရဦးမလား ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။

အီဂျစ်နိုင်ငံကတော့ အိန္ဒိယဂျုံတွေကို အစိုးရကတစ်ဆင့် ဝယ်ယူမှုတွေ ဆက်လက်ရှိနေဦးမယ်လို့ ပြောပါတယ်။ အီဂျစ်ဟာ ကမ္ဘာမှာ ဂျုံတင်သွင်းဝယ်ယူမှု အများဆုံးထဲက တစ်နိုင်ငံပါ။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဂျုံပို့ကုန်တားမြစ်ချက်ကို ပြန်လည်စဉ်းစားပေးဖို့ အိန္ဒိယနိုင်ငံထံ မေတ္တာရပ်ခံထားပါတယ်။ အိန္ဒိယကသာ စဉ်းစားမယ်ဆိုရင် ယူကရိန်းစစ်ပွဲကြောင့် အဆိုးရွားဆုံး ထိခိုက်ခံနေရတဲ့ နိုင်ငံတွေရဲ့ ဂျုံအကျပ်အတည်းကို ထိထိရောက်ရောက် လျော့ပါးသက်သာစေလိမ့်မယ်လို့ IMF က ပြောထားပါတယ်။

ရာသီဥတုက အဖျက်၊ မြေဆီဈေးက အတက်

ယူကရိန်းမှာဖြစ်တဲ့ စစ်ပွဲကြောင့်တင်မကဘဲ အချို့သော ဂျုံတင်ပို့မှုထိပ်သီးနိုင်ငံတွေမှာ မိုးလေဝသနဲ့ ရာသီဥတုဒဏ်ကို အလူးအလဲ ခံနေကြရပါတယ်။

"မိုးခေါင်မှု၊ ရေကြီးမှုနဲ့ အပူလှိုင်းတွေဟာ ဂျုံထွက်ရှိရာ အဓိကနိုင်ငံကြီးအချို့ (အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ ပြင်သစ်) မှာရှိတဲ့ သီးနှံတွေကို ခြိမ်းခြောက်နေပါတယ်" လို့ Gro Intelligence အဖွဲ့ရဲ့ ပညာရှင် Kelly Goughary က ပြောပါတယ်။

၂၀၂၂-၂၃ ကာလအတွင်း ကမ္ဘာ့ဂျုံထုတ်လုပ်မှုဟာ လေးနှစ်အတွင်း အနိမ့်ဆုံးဖြစ်လာပြီးတော့ ကမ္ဘာ့ဂျုံလက်ကျန်ကုန်စည်စာရင်းဟာ ခြောက်နှစ်အတွင်း အနည်းပါးဆုံး ဖြစ်လာလိမ့်မယ်လို့ အမေရိကန်အစိုးရ အစီရင်ခံစာတစ်စောင်အရ သိရပါတယ်။

ကမ္ဘာ့ဓာတ်မြေသြဇာဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း သုံးဆ မြင့်တက်လာခဲ့တာကြောင့် ယခုနှစ်ထဲမှာ သီးနှံအထွက်နှုန်းတွေ "သိသိသာသာ" ကျဆင်းလာမယ့်အန္တရာယ် ရှိနေတယ်လို့ Gro Intelligence အဖွဲ့ကပဲ ထောက်ပြပါတယ်။

ဒါကြောင့် အခြားအကြောင်းအချက်တွေနဲ့ ပေါင်းမယ်ဆိုရင် ကမ္ဘာ့ဂျုံကုန်လက်ကျန်စာရင်းဟာ ၂၀၀၈ ခုနှစ် ဘဏ္ဏာရေးအကျပ်အတည်းနောက်ပိုင်း အနိမ့်ကျဆုံးအခြေအနေအထိ ရောက်လာနိုင်တယ်လို့ ၎င်းအဖွဲ့က ခန့်မှန်းထားပါတယ်။

ကမ္ဘာမှာ လူဦးရေ အများဆုံးဖြစ်တဲ့ ဂျုံထုတ်လုပ်မှုနံပါတ်တစ် တရုတ်နိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း မိုးသည်းထန်မှုတွေကြောင့် နိုင်ငံရဲ့ ဆောင်းဂျုံအထွက်နှုန်း သမိုင်းတစ်လျှောက် အဆိုးဆုံး ဖြစ်လာမယ်လို့ မတ်လအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့ အမှန်တကယ် ဂျုံအထွက် ဘယ်လောက်ရှိခဲ့သလဲ၊ ရာသီဥတုဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရသလား၊ မခံခဲ့ရဘူးလားဆိုတာကို သေသေချာချာ မသိရသေးပါဘူး။

ဂျုံအထွက် အမှန်တကယ် ထိခိုက်ခဲ့တယ်ဆိုရင် တရုတ်ဟာ ဂျုံသီးနှံ ဖြည့်တင်းဖို့ ကမ္ဘာ့ဈေးကွက်ကနေ ဝယ်ယူလာနိုင်ပြီး ကမ္ဘာ့ရောင်းအားကို ပိုမိုအကျပ်အတည်းဖြစ်စေကာ ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာစေဖွယ် ရှိပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: India wheat export ban: Why it matters to the world - BBC

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်