မပြည့်ဝဆီ၊ ပြည့်ဝဆီ၊ အသွင်ပြောင်းဆီများနှင့် ကျန်းမာရေးသက်ရောက်မှု

17/03/2023 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 

မြန်မာလူမျိုးအများစုသည် ဆီကြိုက်သောသဘာဝရှိသည်။ ဟင်းဆိုလျှင် ဆီပြန်လေးမှဆိုသည့် လူမျိုးတွေဖြစ်သည်။ 

ဆီကို အလွန်အကျွံစားသုံးနေခြင်းသည် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း တချို့လည်းသိကြသည်။ တချို့လည်းမသိကြ။ တချို့ကတော့ သိသိကြီးနှင့် ဆီလေးမြုပ် နေမှ ကြိုက်၍စားကြသည်မျိုးလည်း ရှိကြသည်။     

ဆီစားသုံးမှုနှင့် ဆက်နွှယ်နေသော ကျန်းမာရေးပြဿနာများကိုလေ့လာပါက အခြေခံအချက်(၂) ချက်ကို တွေ့ရမည်ဖြစ်သည်။ ပထမအချက်မှာ ကျန်းမာရေးနှင့် မညီသည့်ဆီများကို စားသုံးမိခြင်းဖြစ်ပြီး ဒုတိယအချက်မှာ စားသုံးသင့်သည်ထက်ပို၍  စားသုံးနေခြင်းတို့ဖြစ်သည်။

ထိုအခါ ဟင်းလျာချက်ပြုတ်ရာတွင် အသုံးပြုရမည့်ဆီနှင့် ပတ်သက်၍ မေးခွန်းများပေါ်ထွက်လာပါသည်။ အဓိကအနေ ဖြင့် ဟင်းလျာချက်ပြုတ်ရာတွင် မည်သည့်ဆီအမျိုးအစားကို အသုံးပြုရမည်နည်းဟူသော မေးခွန်းပင်ဖြစ်သည်။

ကျွန်မတို့နေ့စဉ်စားသုံးနေကြသော ဆီအမျိုးအစားများတွင် အခြေခံအားဖြင့် (၃)မျိုးရှိပါသည်။ ထိုဆီအမျိုးအစား(၃)မျိုးမှာ-

  • (၁) ကျန်းမာရေးအရ သင့်တင့်မျှတစွာ စားသုံးနိုင်သော မပြည့်ဝဆီများ(Unsaturated fats)
  • (၂) တတ်နိုင်သလောက်လျှော့၍ စားသုံးသင့်သော ပြည့်ဝဆီများ(Saturated fats)နှင့် 
  • (၃) လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများ(Trans fats) ဟူ၍ ဖြစ်သည်။ 

၁။ မပြည့်ဝဆီများ(Unsaturated fats)

မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ စသော အစေ့အဆန်များမှရသောဆီများ၊ ထောပတ်သီး၊ သံလွင်သီးများမှရသောအဆီများနှင့် အိုမီဂါ-3 ပါဝင်သော ငါးအမျိုးမျိုးကရသော ဆီများသည် မပြည့်ဝဆီများ(Unsaturated fats) ဖြစ်သည်။

မပြည့်ဝဆီများသည် ကျန်းမာရေးအတွက် အမှန်တကယ် အကျိုးပြုနိုင်သောဆီဖြစ်သည်။ မပြည့်ဝဆီများကို သင့်တင့်မျှတစွာစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်ကောင်းမွန်သော သွေးတွင်းအဆီဓာတ်များကို မြင့်တက်စေပါသည်။ ထို့အတူ မကောင်းသောအဆီဓာတ်များကိုလည်း လျှော့ချပေးပါသည်။ ထို့ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားနိုင်မှုမှ ကာကွယ်ပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါသည်။

၂။ ပြည့်ဝဆီများ(Saturated fats)

စားအုန်းဆီ၊ ဆီကြော်အစားအစာများ၊ အုန်းဆီ၊ ရေခဲမုန့်များတွင်ပါဝင်သောအဆီ၊ ထောပတ်ဆီ၊တိရစ္ဆာန်များမှရသောအဆီ စသောဆီများသည် ပြည့်ဝဆီများ(Saturated fats) ဖြစ်သည်။ သာမန်အားဖြင့် အခန်းအပူချိန်တွင် ခဲတတ်သောအဆီများဖြစ်သည်။

ယင်းပြည့်ဝဆီများသည် တတ်နိုင်သမျှ လျှော့၍စားသုံးသင့်သောဆီများ ဖြစ်သည်။

ပြည့်ဝဆီများကို စားသုံးမှုများပြားခြင်းသည် ခန္ဓာကိုယ်တွင်းရှိ မကောင်းသောသွေးတွင်းအဆီဓာတ်များကို မြင့်တက်စေပါသည်။ ထို့ကြောင့် ပြည့်ဝဆီများကို အလွန်အကျွံစားသုံးခြင်းဖြင့် အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးကြောနံရံတွင် အဆီများခဲ၍ သွေးကြောကျဉ်းရောဂါဖြစ်ခြင်း၊နှလုံးသွေးကြောပိတ်ရောဂါနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ 

၃။ အသွင်ပြောင်းဆီများ(Trans fats)

အသင့်စားအစားအစာများဖြစ်သော အာလူးကြော်၊ ကြက်ကြော်၊ ကိတ်မုန့်၊ ပေါင်မုန့် စသည်တို့တွင်ပါဝင်သော ဆီများသည် အသွင်ပြောင်းဆီများ(Trans fats) ဖြစ်သည်။ အသွင်ပြောင်းဆီများသည်အစားအစာများကို တာရှည်ခံ၍ အရသာရှိစေရန်အတွက် ပုံမှန်အသုံးပြုသောဆီထဲတွင် ဟိုက်ဒရိုဂျင်ဓာတ်ပေါင်းထည့်ထားသောဆီများ ဖြစ်သည်။

အသွင်ပြောင်းဆီများသည် မကောင်းသော သွေးတွင်းအဆီဓာတ်များကို မြင့်တက်စေပြီး ကောင်းသောသွေးတွင်းအဆီဓာတ်များကို လျော့ကျစေပါသည်။

ထို့ကြောင့် ပြည့်ဝဆီစားသုံးခြင်းကြောင့် ဖြစ်တတ်သောရောဂါများအပြင် နှလုံးရောဂါ၊သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းစသော နောက်ဆက်တွဲရောဂါများကို ဖြစ်စေနိုင်ပါသည်။

လူတိုင်းသည် ရေလုံပြုတ်ဟင်းကို နေ့စဉ်မစားသုံးနိုင်ကြသည့်အတွက် ကျန်းမာရေးနှင့်ကိုက်ညီစေရန်ဆိုပါက ဆီကိုအနည်းငယ်သာအသုံးပြုပြီး ဟင်းလျာများချက်ပြုတ်ရပါမည်။ မပြည့်ဝဆီများကို သင့်တင့်မျှတအောင်စားသုံးပါက လူသားတို့အတွက် များစွာအကျိုးပြုစေပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် ပြည့်ဝဆီများကိုတော့ အတတ်နိုင်ဆုံးလျှော့၍ စားသုံးကြရပါမည်။

စျေးကွက်ထဲရှိရောင်းချသူများကတော့ သူတို့၏ဆီအမျိုးအစားသည် အကောင်းဆုံးဖြစ်သည်ဟူသော အာမခံချက်များကို ပေးနေမည်သာဖြစ်သည်။ စားသုံးသူပြည်သူများအနေဖြင့်တော့ ဆီကိုအနည်းဆုံးထား၍ သုံးနိုင်လေလေ ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်လေလေဆိုသည်ကို သိရှိလိုက်နာနိုင်ကြဖို့လိုပါသည်။ သို့မှသာ ကျန်းမာပျော်ရွှင်သောဘဝများကို ရရှိပိုင်ဆိုင်နိုင်ကြမည်ဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်