တစ်ပတ်အတွင်း သတင်းဆောင်းပါးများထဲက ရင်ကိုထိရှစေသည့်အကြောင်းများ

18/12/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ငယ်ငယ်တုန်းက ‘ပေါ်လီယာနာ’ လေးအကြောင်းဖတ်ပြီး နှစ်သက်ခဲ့ဖူးသည်။ ဘာပဲဖြစ်ဖြစ် ကောင်း ကွက်ကို ရအောင်ရှာတတ်သည့် ဝမ်းသာတမ်းကစားနည်းကစားသည့် ကောင်မလေးအကြောင်းပေါ့။ အဲ့ဒီထဲမှာ တံခါးတွေဖွင့်ထားမိလို့ ယင်ကောင်တွေဝင်လာစေတဲ့ ပေါ်လီယာနာကို ဒဏ်ပေးသည့် အနေဖြင့် သူ့အဒေါ်က ယင်ကောင်တွေဟာ ဘယ်လောက်အညစ်အကြေးတွေကို သယ်လာနိုင်တယ် ဆိုသည့်အကြောင်း စာအုပ်ကိုဖတ်ခိုင်းသည်။ ထိုစဉ်ကတည်းက ‘ယင်ကောင်ဆိုတာ အညစ်အကြေး သယ်ဆောင်တဲ့ အန္တရာယ်အကောင်တွေပဲ’ ဟု အတွေးဝင်ခဲ့ဖူးသည်။ ထုံးစံအတိုင်း ပေါ်လီယာနာ လေးကတော့ ဒါတွေသိရသည့်အတွက် ဝမ်းသာမိပါသည်ပေါ့။

ဟော အခုကျတော့ တစ်ဖက်တစ်လမ်းက အကျိုးပြုတဲ့ ယင်ကောင်ဆိုတာလည်း ရှိပါသေးလားဆိုပြီး သိလာရပြန်သည်။ Black Soldier Fly တဲ့။ တချို့ကတော့ တိုက်ရိုက်ဘာသာပြန်ပြီး ‘ယင်မဲစစ်သည်’ ဟု ခေါ်သည်။ တချို့ကတော့ ဒီတိုင်းပဲ ယင်ကောင်နက်တဲ့။ ထားပါတော့ အခေါ်အဝေါ်တွေ ဘယ်လိုပဲဖြစ် ဖြစ် သူက ယင်ကောင်အုပ်စုထဲကမှ အကျိုးပြုသည့်ယင်ကောင်ဖြစ်သည်။ ဘယ်လိုအကျိုးပြုပါသလဲ။ သူ့ရဲ့သားလောင်းအဆင့်က စိုက်ပျိုးရေးအတွက်ကော မွေးမြူရေးအတွက်ကော အကျိုးရှိစေခြင်းဖြစ် သည်။

ဒီကောင့်ကို မွေးမြူထုတ်လုပ်ရာမှ ရလာသည့်စွန့်ပစ်အညစ်အကြေးများကို သဘာဝမြေဩဇာအဖြစ် သုံးနိုင်သည်။ တိရစ္ဆာန်အစာအတွက်လည်း ပရိုတင်းရင်းမြစ်ကြွယ်ဝသည့်အစားအစာဖြစ်စေသည်။ အထူးသဖြင့် ကြက်နှင့်ငါးစာအတွက် အတော်အသုံးတည့်သည်ဟုဆိုသည်။ ယခုလို တိရစ္ဆာန် အစာဈေးကြီးမြင့် လွန်းသည့်ကာလမျိုးတွင် ဒီယင်ကောင်နက်ကို အသုံးချနိုင်မည်ဆိုပါက အကျိုးများနိုင်သည်။ ဒါတင်ပဲလားဆိုတော့လည်းမဟုတ်။ လူတွေအတွက် တိုက်ရိုက်အကျိုးပြုသည်လည်း ရှိသည်။ သူက အညစ်အကြေးများကိုစားသုံးပစ်ပြီး ကြီးထွားလာခြင်းဖြစ်သည့်အတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချရာတွင်လည်း အရေးပါနေခြင်းကြောင့် ဖြစ်သည်။ 

ဒါတွေဘာလို့ပြောနေတာလဲဆိုတော့ ဒေါက်တာသက်ခိုင်ရေးသည့် ‘ယင်ကောင် နက်(BSF) မွေးမြူရေး’ အကြောင်း ညွှန်းချင်၍ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ဒီယင်ကောင်ကို မွေးမြူရေးလုပ်ငန်းရှင် အချို့ အကောင်အထည်ဖော် အသုံးချမှုများရှိနေပြီဟု သိရပါသည်။ လူသိတော့ နည်းပါသေးသည်။ အတော်စိတ်ဝင်စားစရာကောင်းသည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာနိုင်ပါသည်။ အပိုင်း(၁) ထဲမှ စာပိုဒ်လေးတစ်ပိုဒ်ကို ကူးယူဖော်ပြလိုပါသည်။

‘ စွန့်ပစ်အညစ်အကြေးမှ ဇီဝထုတ်ကုန် (အင်းဆက်သားလောင်း) အဖြစ် ပြောင်းလဲနိုင်သည့်နှုန်း (waste-to-biomass conversion rate) သည် ၂၅% အထိရှိကြောင်း စမ်းသပ်တွေ့ရှိထားပြီး ဖြစ်ပါသည်။ ယင်းနှုန်းထားမှာ စီးပွားရေးရှုထောင့်မှ ကြည့်ပါက ကျေနပ်အားရဖွယ် ထုတ်လုပ်မှုပမာဏ ဖြစ်ပါသည်’ တဲ့။ 

ဆိုတော့ ကျနော်ကတော့ အတော်လေးစိတ်ဝင်တစားဖတ်မိသည့် အကြောင်းအရာတစ်ခုဖြစ်ပါသည်။ အပိုင်း(၂) အထိ ဖော်ပြပြီးဖြစ်၍ ပြည့်ပြည့်စုံစုံဖတ်ချင် လေ့လာချင်သူများအနေဖြင့် အောက်ပါ လင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3FBc8kQ

https://bit.ly/3BJ61Kj

ကမ္ဘာ့သတင်းတစ်ပုဒ်ဆိုသော်လည်း မြန်မာနိုင်ငံနှင့်လည်းဆိုင်သည့် သတင်းတစ်ပုဒ်ကိုလည်း စိတ်ဝင် စားမိသည်။ ‘ ကမ္ဘာ့ဈေးကွက် နှစ်ကြိုသုံးသပ်ချက် - နှံစား၊ ဆီထွက် ရောင်းအားကျပ်ပြီး ဈေးနှုန်း ဆက်တက်နေဦးမည်’ ဆိုသည့် ကိုဝေယံဟိန်း(B.Ag) ဘာသာပြန်ထားသည့် သတင်းဖြစ်သည်။ 

‘ မိုးခေါင်တာ၊ မိုးကြီးတာ၊ ယူကရိန်းစစ်ပွဲနဲ့ စွမ်းအင်စရိတ်စကကြီးမြင့်တာတွေကြောင့် လာမဲ့နှစ်မှာ လည်း ကမ္ဘာ့လယ်ယာကုန်စည်ထုတ်လုပ်မှုတွေ ဆက်လက်နိမ့်ကျပြီး သီးနှံရောင်းလိုအားတွေ ကျပ် တည်းဖွယ်ရှိ’ ဟု သတင်းတွင်ဆိုထားသည်။

ဆိုတော့ ၂၀၂၃ ခုနှစ်အတွင်း ဆန်၊ ဆီ များ အတက်ဈေးနှင့်ပင်ရှိနိုင်သည်။ ပြောင်း၊ ပဲပုပ်၊ ဂျုံ စသည့် စားသောက်ကုန်များလည်း ဝယ်လိုအားကို ရောင်းလိုအားကမမီနိုင်ဖြစ်နိုင်သည်။ ဒီတော့ ၂၀၂၃ အတွင်း စားသောက်ကုန်ဈေးနှုန်းတွေ ကျသွားရန်တော့ လမ်းသိပ်မရှိဟု အကြမ်းဖျင်း ကောက်ချက်ချနိုင်သည်။

စင်္ကာပူအခြေစိုက် ဆန်ကုန်သည် တစ်ယောက်ကတော့ ယခုလို သုံးသပ်ထားသည်။

"ဆန်တင်သွင်းမှု/တင်ပို့မှု အများဆုံး နိုင်ငံတစ်ခုခုမှာ  မမျှော်လင့်ဘဲ ထွက်နှုန်းထိခိုက်တာမျိုး ကြုံလာရမယ်ဆိုရင် ဆန်ဈေးဟာ အတက်ဘက် ယိမ်းသွားပါလိမ့်မယ်" တဲ့။

ဆိုတော့ အခြေခံလူတန်းစားအများစုဖြစ်သည့် မြန်မာနိုင်ငံအတွက် ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာ လား မိသိန်းကြည် ဆိုပြီး စဉ်းစားနိုင်စရာ၊ သုံးသပ်စရာတွေ များစွာပါသည့်သတင်းတစ်ပုဒ်ဖြစ်၍ စိတ်ဝင်တစား ဖတ်ခဲ့မိသည့် သတင်းတစ်ပုဒ်ပါ။ တက်စေချင်သူများအတွက် သတင်းကောင်း၊ မတက်စေချင်သူများအတွက် သတင်းဆိုးပေါ့။ ဘယ်သူသေသေ ငတေမာပြီးရောသမားများကလည်း ခေါင်းပုံဖြတ် အမြတ်ထုတ်ရန် အဆင်သင့်စောင့်နေပါဦးမည်။ သတင်းအပြည့်အစုံကို အောက်ပါလင့်တွင် ဝင်ဖတ်နိုင်ပါသည်။ 

https://bit.ly/3uXMWA7

ထုံးစံအတိုင်းပဲ ဒီတစ်ပတ်လည်း ညွှန်းချင်တာတွေက များနေပြန်သည်။ ယခု ဆောင်းသီးနှံ မတ်ပဲ၊ ပဲတီစိမ်းစိုက် တောင်သူများအတွက် ဒို့ဦးလေး ရေးနေသည့် ပဲတီစိမ်း၊ မတ်ပဲ တွင် ကျရောက်တတ် သည့်ရောဂါများနှင့် ကာကွယ်ကုသနည်းများကို တစ်ခုချင်းစီ အသေးစိတ်ရှင်းပြထားသည့်ဆောင်းပါး များကလည်း တောင်သူများအတွက် အသုံးဝင်ပါလိမ့်မည်။ မကုန်သင့်တာမကုန်စေဖို့ တနိုင်တပိုင် ဖြေရှင်းနည်းများကအစ ဆရာက လမ်းညွှန်ထားခြင်းဖြစ်သည်။ Green Way ထဲရှိ စိုက်ပျိုးရေး ကဏ္ဍကြီးအောက် ပိုးမွှားရောဂါကဏ္ဍခွဲ အောက်တွင် ရောဂါတစ်ခုချင်းစီနှင့် ကာကွယ်နှိမ်နင်းနည်းများ ကို အသေးစိတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။ 

‘ အပင်ငယ်ညှိုးသေရောဂါ’ ‘ဖားဥမှိုရောဂါ’ ‘သံချေးရောဂါ’ ‘ အဝါရောင်မိုဇိတ်ရောဂါ’ ‘ အရွက်တွန့် ဗိုင်းရပ်စ်ရောဂါ’ စသည့် ပဲတီစိမ်း၊ မတ်ပဲ များတွင် ကျရောက်လေ့ရှိသည့်ရောဂါများကို ကာကွယ် နှိမ်နင်းနည်းများအကြောင်းများကို ဖော်ပြပြီးဖြစ်ပါသည်။ ဆက်လက်ပြီးလည်း Green Way အနေဖြင့် တခြားရောဂါများ၊ ပိုးမွှားများအကြောင်းကိုလည်း ရာသီချိန်ကိုက် ဆက်တိုက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နောက်ဆုံးအနေနှင့်တော့ ဒီတစ်ပတ်အတွက် ထူးခြားဖြစ်စဉ်တွေထဲက ပြည်သူတွေကြား တော်တော် လေးလှုပ်ခတ်သွားခဲ့သည့် ငလျင်တွေ ဆက်တိုက်လှုပ်သည့် အကြောင်းလေးနှင့် ဒီတစ်ပတ်ကို အဆုံးသတ်လိုပါသည်။ ဒီဇင်ဘာ ၁၅ ရက် မနက်အစောပိုင်းကစလို့ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းအထိ ပြည်တွင်းငလျင်များ ၅ ကြိမ်ထိ လှုပ်ခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့ ငလျင်နှင့်နီးသည့် မန္တလေးဝန်းကျင်ကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တာချည်း ၄ ကြိမ်ဖြစ်သည်။ ဘုရားဆင်းတုတော်များအပါအဝင် သာသနိက အဆောက်အဦတစ်ချို့လည်း ပျက်စီးခဲ့သည်ဟု သတင်းထုတ်ပြန်ချက်များအရ သိရသည်။ 

ယင်းအတွက်ကြောင့် ဒါဟာ ငလျင်ကြီးတစ်ခုရဲ့ရှေ့ပြေးလားဆိုပြီး စိုးရိမ်မှုတွေရှိခဲ့ကြခြင်းဖြစ်သည်။ သို့သော် မိုးလေဝသပညာရှင်ဆရာကြီးဦးထွန်းလွင်ကတော့ ဒီလိုငလျင်ငယ်လေးတွေ ဆက်တိုက်လှုပ် လေလေ ငလျင်ကြီးလာဖို့အခွင့်အလမ်းနည်းပါးလေ ဆိုသည်ကို တွေ့ရကြောင်း ပြောခဲ့ဖူးပါသည်။ အောက်ကလင့်မှာ ဝင်ဖတ်နိုင်ပါသည်။

https://bit.ly/3HKe5Ow

ပြီးခဲ့သည့် ဇူလိုင်လအတွင်းတုန်းကလည်း အခုလို ငလျင်ငယ်လေးတွေ ဆက်တိုက်လှုပ်ခဲ့ဖူးသည်။ ငလျင်ကြီးကြီးမားမားတော့ ထပ်မဖြစ်ခဲ့ပါ။ ဒီတစ်ကြိမ်မှာလည်း ခုချိန်ထိတော့ ကြီးကြီးမားမား ထပ်မဖြစ်ပါ။ ဆရာဦးထွန်းလွင်ပြောခဲ့သည့်အတိုင်း ငလျင်ကြီးမလာပါစေနှင့်ဟုသာ ဆုတောင်းမိပါသည်။ 

သို့သော် သတိတော့ထားကြစေချင်သည်။ မိုးလေဝသခန့်မှန်းသုံးသပ်သူ ဆရာဦးဝင်းနိုင်ပြောခဲ့တာလေးကို လည်း သတိပေးရင်း ပြန်ဖော်ပြပါရစေ။ 

  •  စိုးရိမ်စိတ်/ကြောက်စိတ်လွန်ကဲလို့လည်း မရပါ။
  •  ကြောက်စရာမလိုဘူးဆိုပြီး အတင့်ရဲလို့လည်း မရပါ။

အားလုံးကျန်းမာအဆင်ပြေကြပါစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်