စိုက်ပျိုးသုတ စက်တင်ဘာလ

01/09/2023 13:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

အနောက်တောင်မုတ်သုန်လေဆုတ်ခွာမည်ဖြစ်သော်လည်း စက်တင်ဘာလအတွင်း မိုးရေရရှိဖို့ မျှော်မှန်းနိုင်ပါသည်။ အတွေ့အကြုံအရ ဒေသအလိုက် သြဂုတ်လ လောက်နီးပါး(၈၀ ရာခိုင်နှုန်း)ခန့် မိုးရွာသွန်းနိုင်သည့်ဒေသများရှိသလို သြဂုတ်လ၏ တစ်ဆခွဲလောက်(၁၅၀ ရာခိုင်နှုန်း) မိုးပိုမိုရွာသွန်းနိုင်သည့်ဒေသများလည်း ရှိနိုင်ပါသည်။ 

သို့ဖြစ်၍ မိုးရေကိုသာအားကိုးစိုက်ပျိုးသည့် ယာမြေတွေမှာ မိုးနှောင်းယာသီးနှံများကို အောင်မြင်စွာစိုက်ပျိုးနိုင်မည့် မိုးရေပမာဏကိုရရှိနိုင်သည့်အခြေအနေရှိပါမည်။ စိုက်ပျိုးသူဘက်က လိုလေသေးမရှိဆောင်ရွက်ရန်သာ ဖြစ်သည်ဟု ဆိုချင်ပါသည်။ 

၁။ ယာသီးနှံများ

မိုးနှောင်းယာသီးနှံများဖြစ်သည့် ချည်မျှင်ရှည်ဝါ၊ နေကြာ၊ ပဲမျိုးစုံသီးနှံစသည်တို့ကို စက်တင်ဘာလအတွင်း စိုက်ပျိုးကြရမှာ ဖြစ်သည်။

ပထမအချက်မှာ ရွေးချယ်စိုက်ပျိုးသင့်သည့်မျိုး မှန်ကန်ရပါမည်။ ရှိသင့်သည့် အရည်အချင်းများကို ဖော်ပြလိုပါသည်။

• သက်လျင်အထွက်ကောင်းမျိုးဖြစ်ရမည်။ 

• အပင်ပေါက်(၈၀)ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့် ဖြစ်ရမည်။

• စိုစွတ်မှုဒဏ်(Excess Water) ခံနိုင်ပြီး အပင်ပေါက်သန်စွမ်း ကောင်းမွန်သည့် (good seedling vigour) မျိုး ဖြစ်သင့်သည်။

• ရေမြေဒေသကိုက်ညီဖြစ်ထွန်းစျေးကွက်ရှိသည့် ရာသီဥတုဒဏ်ခံမျိုး ဖြစ်သင့်ပါသည်။

ဒုတိယအချက်မှာ မိုးရွာသွန်းမှုသည်ပုံမှန်မဖြစ် ပြန့်နှံ့မှုမညီညာသွန်ချချင်သလို သွန်ချနိုင်သဖြင့်  မိုးများခြင်းကြောင့်ဖြစ်တတ်တဲ့ အပင်ခြေရေဝပ်ခြင်းနဲ့ မြေဆီလွှာရေတိုက်စားခြင်းတို့ကို ကြိုတင်ကာကွယ်ရန်လိုပါသည်။

၂။ စပါးသီးနှံ 

စိုက်ချိန်အလိုက် စိုက်ပျိုးထားသည့်မိုးစပါး တစ်ဧကအထွက်နှုန်းမြင့်မားဖို့  တနည်းအားဖြင့် မိုးစပါးအောင်မြင်ဖို့အတွက် စဉ်ဆက်မပြတ်စောင့်ကြည့် ဆောင်ရွက်သင့်သည်မှာ လယ်တစ်ကွက်ချင်းအတွင်း အောင်ရေထိန်းသိမ်းရေး ဖြစ်ပါသည်။

အချို့လယ်ကွင်းများမှာ သီးနှံပုံစံအရ ရှေ့သီးနှံ မလွတ်လို့ဖြစ်စေ၊ အကြောင်းကြောင်းကြောင့်ဖြစ်စေ၊ ရေကြီးရေလွှမ်းခဲ့လို့ဖြစ်စေ၊ စိုက်ပြီးကာစ(သို့မဟုတ်) တစ်လခန့် (သို့မဟုတ်) နှစ်လခန့်ရှိပြီဖြစ်ရာ မိုးစပါးအားလုံး၏အသက်အရွယ်ကို ကြီးထွားကာလ အနေဖြင့် ခြုံငုံလိုက်လျှင် နှစ်မျိုးသာဖြစ်ပါမည်။

 ၁။ ပင်ပိုင်းကြီးထွားသည့်ကာလအတွင်းရောက်ရှိနေသည့် စပါးခင်းများနှင့် ၂။မျိုးပွားပိုင်းကြီးထွားသည့်ကာလအတွင်း ရောက်ရှိနေသည့်စပါးခင်းများ ဖြစ်ပါသည်။

(က) ပင်ပိုင်းကြီးထွားကာလစပါးခင်းများ

အပင်ကြီးထွားသည့်ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေ အတွက်(Panicles per unit area)များစေရေးကိုအဆုံးအဖြတ်ပြုပါသည်။

သို့ဖြစ်၍ ဆောင်ရွက်သင့်သည်များကို အသိပေးလိုပါသည်။

  • ကောက်စိုက်ပြီးတစ်ပတ်အတွင်း လိုအပ်ပါက မဖြစ်မနေကောက်ပင်ဖာပါ။
  • မြေခံမြေသြဇာများမထည့်ရသေးပါက ကောက်စိုက်ပြီး ၁၄ ရက်အတွင်း နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်စီယံ မြေသြဇာများကို ကျွေးပေးပါ။
  • အပင်ပွားဆဲအချိန်တွင် နိုက်ထရိုဂျင်မြေသြဇာ ကျွေးပေးပါ။ (စပါးအပင်ပွား လှိုင်လှိုင်ပွားစေရေး ဖြစ်ပါသည်)
  • ပေါင်းမြက်ကင်းစင်ရေးဆောင်ရွက်ပါ။ 
  • ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပါ။ 

(ခ) မျိုးပွားပိုင်းကာလစပါးခင်းများ

မျိုးပွားပိုင်းကြီးထွားသည့်ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးတစ်နှံ တွင်ပါဝင်သည့်အစေ့အရေအတွက် (Grains per panicle)များရေးကို အဆုံးအဖြတ်ပြုပါသည်။

သို့ဖြစ်၍ ဆောင်ရွက်သင့်သည်များကို အသိပေးလိုပါသည်။

  • အနှံသန္ဒေတည်စအချိန်(တနည်း) မှို့ကပ်စအချိန်တွင် နိုက်ထရိုဂျင်မြေသြဇာကို ကျွေးပေးပါ။
  • ပေါင်းမြက်ကင်းစင်ရေးဆောင်ရွက်ပါ။ 
  • ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပါ။ 

 (ဂ) မျိုးစေ့ထုတ်စပါးစိုက်ခင်းများ

သာမန်စိုက်ခင်းများမဟုတ်သည့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့(Certified Seed)မျိုးစေ့ ထုတ်စိုက်ခင်း၊ ကိုယ့်အားကိုယ်ကိုယ်ကိုးမျိုးသန့်(Good Seed)မျိုးစေ့ထုတ်စိုက်ခင်းများ စသည့် မျိုးစေ့ထုတ်စိုက်ခင်း (Seed Production Field)အားလုံးအတွက် သီးသန့် အသိပေးနှိုးဆော်လိုသည်များ ရှိပါသည်။

ပင်ပွားအများဆုံးထွက်ချိန်၌ မျိုးကွဲများကိုနှုတ်ပယ်မှု စတင်ပါ။

(စိုက်ပျိုးထားသောစပါးမျိုးနှင့် အပင်အရပ်အနိမ့်အမြင့် ခြားနားသောအပင်၊ အပင်ဖြစ်ထွန်းမှုပုံစံ မတူညီဘဲ ပင်စည်စုထောင်ခြင်း၊ ပြန့်ကားခြင်း၊ အရွက်အလျားနှင့်အကျယ်၊ ပင်စည်မှအရွက်ထွက်ပုံ ထောင့်အကျဉ်းအကျယ် ကွာခြားသောအပင်များကို မျိုးကွဲအပင်များဟုမှတ်ယူကာ နှုတ်ပယ်ရန် ဖြစ်ပါ သည်)

စိုက်ခင်းအတွင်း စိုက်ပျိုးသောစပါးမျိုးမဟုတ်သည့် မျိုးလေမျိုးလွင့်များလည်း ပေါက်ရောက်နိုင်သည်ဖြစ်ရာ စနစ်တကျအခါခါစစ်ဆေးနှုတ်ပယ်ပါ။

 စက်တင်ဘာလသည် မိုးနှောင်းသီးနှံများရည်မှန်းချက်အတိုင်း ဧရိယာဧက ပြည့်မီအောင်စိုက်ပျိုးရေးနှင့် မိုးစပါးသီးနှံအထွက်နှုန်းမြင့်မားရန် စပါးပင်၏ရောက်ရှိနေသည့် ကြီးထွားကာလအလိုက် အာဟာရကျွေးရေးအပါအဝင် ပြုစုစောင့်ရှောက်မှု လုပ်ငန်းများအတွက် အရေးကြီးသောလဖြစ်ပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်