တစ်ပတ်စာဈေးကွက်သုံးသပ်ချက် (၁၅ -၁၉.၆၂၀၂၆)

22/06/2026 14:51 PM တွင် AMIA AMIA မှ ရေးသား

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် ပြည်ပလယ်ယာပို့ကုန် အများစု ဈေးနှုန်းကျဆင်းနေသည်။ အယ်လ်နီညိုရာသီဥတုကြောင့် မုတ်သုံအဝင် နှောင့်နှေးမှု ကြုံတွေ့နေရသည့် အိန္ဒိယနိုင်ငံ၏ မိုးပဲစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းများအပေါ် စိုးရိမ်မှုများ၊ တရုတ်နိုင်ငံ၏ ဝယ်လိုအား မျှော်လင့်ချက်နှင့် ထိုင်းအစိုးရ၏ သွင်းကုန်မူဝါဒ အပြောင်းအလဲကလည်း လယ်ယာပို့ကုန် ပြည်တွင်း၊ ပြည်ပ ဈေးနှုန်းများအပေါ် အကျိုးသက်ရောက်မှုများ ရှိနေသည်။

ထိုင်းအစိုးရ မူဝါဒအပြောင်းအလဲနှင့် မြန်မာ့ပြောင်း

ထိုင်းအစိုးရက ပြည်ပမှ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်သွင်းမှုကို ဩဂုတ်လကုန်အထိ သက်တမ်းတိုးမြှင့်လိုက်သည်ဟူသော သတင်းများ ထွက်ပေါ်လာသည်။

ယခုနှစ်တွင် ထိုင်းအစိုးရက ပြည်ပမှ ပြောင်းတင်သွင်းမှုကို ဇွန်လကုန်အထိသာ ခွင့်ပြုထားသော်လည်း ပြည်တွင်းမွေးမြူရေးအစာ ကုန်ကြမ်းပြတ်လပ်မှု လျော့နည်းစေရန်နှင့် ကုန်ကြမ်းဈေးနှုန်း မြင့်မားလာနိုင်သည့် ဖိအားကို လျှော့ချရန် တင်သွင်းခွင့်မူဝါဒကို အပြောင်းအလဲပြုလုပ်ပြီး ဩဂုတ်လကုန်အထိ အချိန် ၂ လ ထပ်မံတိုးမြှင့်ခြင်းဖြစ်ကြောင်း သတင်းအချို့က ဖော်ပြနေသည်။

ထိုင်းနိုင်ငံသည် မွေးမြူရေးအစာ ကုန်ကြမ်းအတွက် နှစ်စဉ် ပြည်ပမှ ပြောင်းတန်ချိန် ၄ သန်းကျော် တင်သွင်းနေရသည်။ မြန်မာနိုင်ငံမှလည်း တစ်နှစ်လျှင် ပျမ်းမျှ ပြောင်းတန်ချိန် တစ်သန်းကျော် ဝယ်ယူနေခြင်း ဖြစ်သည်။

ထိုကဲ့သို့ ထိုင်းအစိုးရထံမှ ပြောင်းတင်သွင်းမည့် မူဝါဒအပြောင်းအလဲသတင်း ထွက်ပေါ်လာသော်လည်း မြန်မာနိုင်ငံဈေးကွက်တွင် ပြည်ပပြောင်းဈေးနှုန်း ငြိမ်သက်နေပြီး ရန်ကုန်ဈေးကွက်တွင် ပြည်တွင်းပြောင်းဈေး ကျဆင်းလာသည်။ ပြည်ပသို့ ရောင်းချသည့် FOB ဈေးနှုန်းမှာ ပြောင်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၈၅ / ၂၉၅ ဈေးဖွင့်ထားသည်။ ရန်ကုန်ဈေးကွက်တွင် ပြည်တွင်းပြောင်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁,၈၅၀ / ၁,၈၇၀ မှ ကျပ် ၁,၈၀၀ / ၁,၈၂၀ သို့ ဈေးကျဆင်းသွားသည်။

သို့သော် မန္တလေးဈေးကွက်တွင် ဇွန်လ ၁၇ ရက်အထိ ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၉၄၁,၀၀၀ ကျော်၊ စီပီ (CP) ပြောင်းသစ် တစ်တန်လျှင် ကျပ် ၉၅၂,၀၀၀ ကျော်နှင့် အထွက်တိုးပြောင်းနီ တစ်တန်လျှင် ကျပ် ၁,၅၅၀,၀၀၀ ကျော်ဖြင့် ဈေးဖွင့်ထားသည်။

မတ်ပဲဈေး မာ

မတ်ပဲသည် အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက် စားကုန်တစ်မျိုးဖြစ်ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ပမှ ပဲတန်ချိန် တစ်သန်းကျော်ကို အိန္ဒိယနိုင်ငံက တင်သွင်းခဲ့သည်။

၂၀၂၆ ခုနှစ် ပထမ ၄ လအတွင်း ပြည်ပမှ မတ်ပဲတင်သွင်းမှုနှင့် ပတ်သက်၍ IPGA (အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း) ၏ ထုတ်ပြန်ချက်တွင် တန်ချိန် ၂ သိန်းခွဲကျော်သာရှိပြီး ပြီးခဲ့သည့်နှစ် ကာလတူထက် တန်ချိန် ခုနှစ်သောင်းကျော် လျော့နည်းနေသဖြင့် အိန္ဒိယနိုင်ငံသည် လက်ရှိအချိန်တွင် အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုအပေါ် စိုးရိမ်မှုများ ရှိနေသည်။ ထိုအခြေအနေက ကာလတိုအတွင်း အိန္ဒိယဈေးကွက်တွင် မြန်မာ့မတ်ပဲကို ဈေးနှုန်းအနည်းငယ် လှုပ်ခတ်လာစေသည်။

ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ CNF ဈေးနှုန်းမှာ ပဲတစ်တန်လျှင် ဒေါ်လာ ၃၀ ခန့် ဈေးမြင့်တက်သွားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၁၀ ရှိရာမှ ယခုရက်သတ္တပတ်တွင် ဒေါ်လာ ၈၄၀ ၊ မတ်ပဲ SQ မှာမူ တစ်တန်လျှင် ဒေါ်လာ ၈၉၀ မှ ဒေါ်လာ ၉၂၀ သို့ ဈေးပြောင်းလဲသွားသည်။

ထိုအခြေအနေကြောင့် မြန်မာနိုင်ငံတွင် မတ်ပဲပြည်ပရောင်းချသည့် FOB ဈေးနှုန်းသည်လည်း အနည်းငယ် မြင့်တက်လာသည်။ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၇၆၀ / ၇၇၀ မှ ဒေါ်လာ ၇၇၀ / ၇၈၀ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၄၀ / ၈၅၀  မှ ဒေါ်လာ ၈၅၀ / ၈၆၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

ဇွန်လ ၁၅ ရက်မှ ၁၈ ရက်အတွင်း မတ်ပဲပြည်တွင်းဈေးနှုန်းမှာ ပဲတစ်တန်လျှင် ပျမ်းမျှ ကျပ် ၇၀,၀၀၀ ကျော် ဈေးမြင့်တက်သွားသည်။ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၀၇၉,၀၀၀ မှ ကျပ် ၃,၁၅၀,၀၀၀ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၃,၃၇၉,၀၀၀ မှ ကျပ် ၃,၄၆၉,၀၀၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

ဈေးအီနေသည့် ပဲစင်းငုံ

အိန္ဒိယအစိုးရက လုံလောက်စွာ ဝယ်ယူစုဆောင်းထားသည့် ပဲများထဲတွင် ပါဝင်နေသော ပဲစင်းငုံသည် ယခုရက်သတ္တပတ်တွင် အိန္ဒိယဈေးကွက်၌ ဈေးအီနေသည်။ ယခုနှစ် ပထမ ၄ လအတွင်း မြန်မာအပါအဝင် အာဖရိကနိုင်ငံများမှ ပဲစင်းငုံတန်ချိန် ၃ သိန်းခွဲကျော်ကို အိန္ဒိယနိုင်ငံက တင်သွင်းခဲ့သည်။ ပြီးခဲ့သည့်နှစ် ကာလတူထက် တန်ချိန် ခြောက်သောင်းကျော် ပိုမိုများပြားနေသည်။

မုတ်သုံအဝင် နှောင့်နှေးနေချိန်တွင် ထိုအချက်အလက်က အိန္ဒိယနိုင်ငံအတွင်း ပဲစင်းငုံဈေးနှုန်းကို အနည်းငယ် ငြိမ်သက်လာစေသည်။ သို့သော် ရာသီဥတုဖောက်ပြန်မှု အခြေအနေများ ဆိုးဝါးလာလျှင် ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် ခက်ခဲနိုင်သည်ဟူသော သုံးသပ်မှုများလည်း ရှိနေသည်။

ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစင်းငုံ CNF ဈေးနှုန်းမှာ ပဲစင်းငုံ ၂၀၂၅ Crop တစ်တန်လျှင် ဒေါ်လာ ၈၁၅၊ ၂၀၂၆ Crop တစ်တန်လျှင် ဒေါ်လာ ၈၃၀ ဈေးဖွင့်ထားသည်။ မိုဇမ်ဘစ်ပဲစင်းငုံမှာမူ တစ်တန်လျှင် ဒေါ်လာ ၆၀၀ ဝန်းကျင် ဈေးဖွင့်ထားသည်။

မြန်မာနိုင်ငံတွင်လည်း ပဲစင်းငုံ FOB ဈေးနှုန်းမှာ ပဲစင်းငုံ (နီ) 2024-25 Crop တစ်တန်လျှင် ဒေါ်လာ ၇၄၀ / ၇၅၀၊ ပဲစင်းငုံ (နီ) 2025-26 Crop တစ်တန်လျှင် ဒေါ်လာ ၇၇၀ / ၇၈၀ ဈေးဖွင့်ထားသည်။ ပြည်တွင်းပဲစင်းငုံ ဈေးနှုန်းမှာ ပဲစင်းငုံ (နီ) တစ်တန်လျှင် ကျပ် ၃,၁၃၀,၀၀၀ မှ ကျပ် ၃,၁၃၇,၀၀၀ သို့ တက်ပြီးနောက် ကျပ် ၃,၁၃၀,၀၀၀ သို့ ဈေးပြန်လည်ပြောင်းလဲသွားသည်။ 

ဈေးထပ်ကျသည့် ပဲတီစိမ်း

တရုတ်ဈေးကွက်မှ ဝယ်လိုအား ကျဆင်းမှုကြောင့် ပဲတီစိမ်းသည် ယခုရက်သတ္တပတ်တွင် ပြည်ပဈေးသာမက ပြည်တွင်းဈေးပါ ထပ်မံကျဆင်းလာသည်။

ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း ပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၃၀ ခန့် ဈေးကျဆင်းလာသည်။ ပဲတီစိမ်း (အညာ) FAQ တစ်တန်လျှင် ဒေါ်လာ ၈၁၀ / ၈၂၀ မှ ဒေါ်လာ ၇၈၀ / ၇၉၀ သို့လည်းကောင်း၊ ပဲတီစိမ်း (ရွှေဝါ) FAQ တစ်တန်လျှင် ဒေါ်လာ ၉၆၀ / ၉၇၀ မှ ဒေါ်လာ ၉၃၀ / ၉၄၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

ပဲတီစိမ်း ပြည်တွင်းဈေးနှုန်းမှာလည်း ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၄,၄၁၅ / ၄,၄၂၀ မှ ကျပ် ၄,၂၅၀ / ၄,၂၇၀ သို့လည်းကောင်း၊ ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး) ရွှေဝါ တစ်ပိဿာလျှင် ကျပ် ၆,၀၀၀ မှ ကျပ် ၅,၆၆၅ သို့လည်းကောင်း၊ ပဲတီစိမ်း (ဝါးခယ်မ) FAQ တစ်ပိဿာလျှင် ကျပ် ၅,၂၅၀ / ၅,၂၇၀ မှ ကျပ် ၅,၀၀၀ / ၅,၀၂၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

မန္တလေးဈေးကွက်တွင် ပဲတီစိမ်းဈေးနှုန်းမှာ တရုတ်ဝယ်လိုအား ပျော့ခြင်းနှင့်အတူ ပဲတီစိမ်း (အညာ) တစ်တန်လျှင် တစ်သိန်းဝန်းကျင်ခန့် ဈေးကျဆင်းသွားသည်။ ပဲတီစိမ်း (အညာ) သစ်တစ်တန်လျှင် ကျပ် ၂,၉၃၀,၀၀၀ ကျော်မှ ကျပ် ၂,၈၃၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသွားသည်။

နှမ်းဈေးအပြောင်းအလဲ

တရုတ်ဈေးကွက် ဝယ်လိုအား မျှော်လင့်ချက် နည်းပါးသဖြင့် နှမ်းအမျိုးအစား အားလုံးနီးပါး ပြည်ပသို့ ရောင်းချသည့် FOB ဈေးနှုန်း ကျဆင်းလာသည်။

ရန်ကုန်ဈေးကွက်တွင် နှမ်း FOB ဈေးနှုန်းမှာ အမျိုးအစားအလိုက် နှမ်းတစ်တန်လျှင် ဒေါ်လာ ၃၀ မှ ဒေါ်လာ ၆၀ အကြား ဈေးကျဆင်းသွားသည်။ နှမ်းဖြူတစ်တန်လျှင် ဒေါ်လာ ၁,၃၇၅ / ၁,၃၈၅ မှ ဒေါ်လာ ၁,၃၃၅ / ၁,၃၄၅ သို့လည်းကောင်း၊ နှမ်းနက် (စမုံ) တစ်တန်လျှင် ဒေါ်လာ ၂,၃၄၀ / ၂,၃၅၀  မှ ဒေါ်လာ ၂,၂၈၀ / ၂,၂၉၀ သို့လည်းကောင်း၊ နှမ်းညိုတစ်တန်လျှင် ဒေါ်လာ ၁,၃၃၀ / ၁,၃၄၀ မှ ဒေါ်လာ ၁,၂၉၀ / ၁,၃၀၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

မန္တလေးဈေးကွက်တွင် ဇွန်လ ၁၇ ရက်အထိ နှမ်းဈေးနှုန်းမှာ တရုတ်အဝယ်နည်းပြီး ပြည်တွင်းလုပ်ငန်းသုံးရန်သာ ဝယ်လိုအားရှိခြင်းကြောင့် နှမ်းဖြူ (ဂျပန်) တစ်တန်လျှင် ကျပ် ၄,၆၉၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။ သို့သော် လက်ကျန်နည်းပါးပြီး ဆီစက်သမား ဝယ်လိုအားအချို့ကြောင့် နှမ်းညို (သစ်) မှာ တစ်တန်လျှင် ကျပ် ၄,၄၉၀,၀၀၀ ကျော်မှ ကျပ် ၄,၅၅၀,၀၀၀ ကျော်သို့လည်းကောင်း၊ နှမ်းနက် (စမုံ) မှာ တစ်တန်လျှင် ကျပ် ၈,၀၀၀,၀၀၀ ကျော်မှ ကျပ် ၈,၁၀၀,၀၀၀ ကျော်သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်