သင်္ဘောအဖိုပင်ကို ထဘီပတ်လိုက်ရင် အသီးသီးသလား

30/08/2021 17:00 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

“သင်္ဘောပင်ကို ထဘီပတ်ရင် အသီးသီးသလား”

“မဟုတ်ပါဘူး ရှေးအယူအဆတွေပါ”

“အာ..တကယ်သီးတာဗျ” 

“အဖိုပင်ကြီးမှာ အသီးတွေသီးနေတာ မျက်စိနဲ့တပ်အပ်ကိုမြင်ဖူးတယ်”

“ဟင်..တကယ်လား”

ဒီလိုမျိုး အပင်တွေကို အသုံးအဆောင်တွေပတ်တဲ့အယူအဆက မြန်မာမှာတင်မဟုတ်ဘဲ ထိုင်းလို အိမ်နီးချင်းနိုင်ငံတွေမှာပါရှိပါတယ်။

ယုံကြည်ကိုးကွယ်မှုတွေ၊ အပင်တွေ၊ အသုံးအဆောင်တွေရဲ့ ဆက်နွယ်မှုက ရိုးရာဓလေ့ထုံးထမ်းတွေမှာ ရှိနေတတ်ပါတယ်။ 

အပင်ခုတ်မယ်ဆို နတ်နေကိုင်းထားရတာတွေ၊ နတ်ကွန်းတွေကစလို့  သင်္ဘောအဖိုပင်မှာ ထဘီပတ်တယ်ဆိုတဲ့ အယူအဆတွေအထိ ကျယ်ပြန့်ပါတယ်။

ယုံကြည်မှုသက်သက်ပဲလား ..သဘာဝလွန်ဖြစ်ရပ်ဆန်းလားဆိုတာကိုတော့ ယနေ့ခတ်မှာစိတ်ဝင်စားစရာဖြစ်လာပါတယ်။

ဒီနေ့မှာတော့ သင်္ဘောအဖိုပင်နဲ့ ထဘီပတ်ရင် အသီးသီးတဲ့အကြောင်းကို  စိုက်ပျိုးရေးရှုထောင့်ကနေ ချဉ်းကပ်လေ့လာကြည့်ရအောင်ပါ။

သင်္ဘောဆိုတာကတော့ အပူပိုင်းဒေသသီးနှံတွေထဲမှာ အရသာကြောင့်နာမည်ကြီးတဲ့အသီးအနှံပါ။ အဖိုပင် အမပင် လိင်စုံပင်ရယ်လို့ရှိပြီး အပင်ရဲ့အဖို၊ အမကွဲပြားမှုအလိုက် သင်္ဘောသီးရဲ့အရသာတွေ၊ ပုံစံတွေ၊ အသီးအရွယ်အစားတွေ ကွာကြပါသေးတယ်။ 

သင်္ဘောမှာ အဖိုပွင့်၊ အမပွင့်၊ လိင်စုံပွင့်ရယ်လို့ (၃ )မျိုးတောင်ရှိပါတယ်။

ဒါဆို သင်္ဘောသီးက ဘယ်အပင်မှာရနိုင်တာလဲ

အပင်တွေမှာ အသီးသီးတယ်ဆိုတာက အဖိုနဲ့ အမပေါင်းစပ်သွားတာပဲဖြစ်ပါတယ်။ အကြမ်းဖျင်းပြောမယ်ဆိုရင် ဝတ်မှုန်ရှိမယ်။ ဝတ်မှုန်ကိုလက်ခံတဲ့ အူတိုင်လေးရှိမယ်။ ဒီနှစ်ခုက ပေါင်းစပ်နိုင်တယ်ဆိုရင်အသီးသီးနိုင်ပါပြီ။ တစ်ချို့အပင်တွေမှာတော့ ဒီ ၂ ခုက ပန်းပွင့်တစ်ပွင့်တည်းမှာရှိလို့ ဘယ်သူ့အကူအညီမှမလိုပဲ ပေါင်းစပ်နိုင်ကြပါတယ်။ အဲ..တစ်ချို့ကြတော့ တစ်ပင်စီမှာရှိကြပြီး အောင်သွယ်တော်တွေ လိုပါတယ်။ ပျား၊ ပိတုန်းလေးတွေကူရင်ကူ၊ မဟုတ်ရင် လေနတ်သားက ကူပေါ့။ ဒီလို ကူညီမှုတွေရှိမှ ပေါင်းစပ်နိုင်တဲ့ အပင်တွေလည်းရှိကြပါတယ်။ ဒီလိုဖြစ်စဉ်ကနေ  ကျွန်မတို့ စားသုံးနေတဲ့ အသီးလေးဖြစ်လာတာပါ။

သင်္ဘောအဖိုပင်

ရိုးတံရှည်ရှည်လေးပေါ်မှာ အစုလိုက်ပန်းပွင့်လေးတွေရှိနေရင်တော့ သင်္ဘောအဖိုပင်ဖြစ်ပါတယ်။

ဝတ်မှုံတိုင်၊ လက်ခံတိုင် (၂)မျိုးလုံးပါပေမယ့် လက်ခံတိုင်က အလုပ်မလုပ်တဲ့အတွက်  အသီးမသီးနိုင်ပါဘူး။ အဲ..အပူချိန် အရမ်းမြင့်တဲ့ နွေမှာဆိုရင်တော့ အလုပ်မလုပ်တဲ့ လက်ခံတိုင်လေးက နိုးထလာပြီး လိင်စုံပင်ဖြစ်သွားတာမို့ အသီးသီးနိုင်ပါသတဲ့။ အဖိုပင်က ဒီလိုပြောင်းလဲတတ်ပါတယ်။ မာယာများတဲ့ အဖိုတွေပါနော်။ ဒါကြောင့် နွေရာသီအပူချိန် အရမ်းမြင့်တဲ့အခါ အဖိုပင်ကနေ လိင်စုံပင်ဖြစ်သွားပြီး အသီးတွေသီးနေတာမျိုးတွေ့ရတတ်ပါတယ်။

သင်္ဘောအမပင်နှင့် လိင်စုံပင်

ပင်စည်မှာ အစုလိုက်ကပ်ပွင့်နေကြတဲ့ ပန်းပွင့်တွေရှိရင်တော့ ဒါက အမပင်နဲ့ လိင်စုံပင်တွေပါ။ အမပင်မှာကတော့ လက်ခံတိုင်တစ်မျိုးပဲပါပါတယ်။ လိင်စုံပင်မှာသာ လက်ခံတိုင်ရော၊ ဝတ်မှုန်တိုင်ရောပါဝင်တာဖြစ်ပါတယ်။ ဒါကြောင့် အမပင်တွေဟာ အောင်သွယ်တော်မရှိရင် အစေ့မပါတဲ့ အသီးတွေသီးပါတယ်။ 

လိင်စုံပင်တွေကတော့ လက်ခံတိုင်ရော၊ ဝတ်မှုန်တိုင်ရော တစ်ပွင့်ထဲမှာရှိကြတဲ့အတွက် အနေနီးတော့ အောင်သွယ်မလိုပါဘူးတဲ့ရှင်။ သူတို့ဘာသူတို့ညားပါတယ်။ အသီးလည်း အောင်အောင်မြင်မြင်ထုတ်နိုင်ပါတယ် အမျိုးတို့ရေ။

သင်္ဘောအမပင်ဟာ အပူချိန် အရမ်းမြင့်လာတဲ့အခါမှာဆိုရင် ခဏလေး “ဖို”သွားတတ်ပါတယ်။ ခေါင်နှိမ်ပြီးရင်တော့ အမပင်အဖြစ်ပြောင်းလဲနိုင်ပါတယ်တဲ့။

လိင်စုံပင်တွေကတော့ ပူလွန်းရင် အမပင်ဖြစ်သွားကြပါသတဲ့။ ဒီလိုမျိုး အပူချိန်မြင့်တဲ့ကာလတွေမှာ သင်္ဘောနဲ့ပတ်သက်တဲ့ အဖို အမ အပြောင်းအလဲတွေရှိနေတတ်တာပါ။

ကဲ အပူချိန်အပေါ်လိုက်ပြီး မာယာများတတ်တဲ့ သင်္ဘောပင်အကြောင်းကတော့ ဒီလိုရှိပါတယ်အမျိုးတို့ရေ။ ထဘီပတ်လို့ သီးတယ်ဆိုတာကိုတော့ ဒီအချက်တွေအပေါ်မှာချိန်ထိုးပြီး စဉ်းစားကြည့်နိုင်ပါတယ်။ ဒီဆောင်းပါးလေးကတော့ သင်္ဘောမှာ အပူချိန်မြင့်တဲ့အချိန် ဖြစ်ပေါ်တတ်တဲ့ အလေ့အထလေးတွေကိုဖော်ပြပေးခြင်းသာဖြစ်ပါတယ်။ 

ကိုးကား-https://homeguides.sfgate.com/male-female-papaya-trees-56987.html

https://core.ac.uk/download/pdf/211323279.pdf (ဆက်လက်လေ့လာချင်ရင်တော့ ဟာဝိုင်ရီ ကျွန်းမှာပြုလုပ်ထားတဲ့ ဒီသုတေသန စာစောင်လေးကို ဖတ်ရှုနိုင်ပါတယ်)

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်