တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် ( အောက်တိုဘာလ )

02/10/2019 15:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် ( အောက်တိုဘာလ )

ဆောင်း ယာသီးနှံများ စိုက်ပျိုးရေး၊ မိုးစပါးသီးနှံအောင်မြင်ရေးတို့နှင့် ပတ်သက်လို့ဆောင်ရွက်ရန်များကို အသိပေး နှိုးဆော်လိုပါသည်။

၁။ ဆောင်း ယာသီးနှံများအတွက်

ဆောင်း ယာသီးနှံများစိုက်ပျိုးသင့်သည့့် ကာလဖြစ်သည်။ ယာမြေတွင် မိုးသီးနှံရိတ်သိမ်းအပြီး စိုက်မည်။ လယ်မြေတွင် မိုးစပါးရိတ်သိမ်းအပြီး စိုက်မည်။ တစ်သီးစားဖြင့် ကျေနပ်ရမည့် အခြေအနေ အချိန်အခါ မဟုတ်တော့ချေ။ ယာမြေတွင်လည်းနှစ်သီး၊ လယ်မြေတွင်လည်းနှစ်သီးလောက်တော့ အနည်းဆုံး စိုက်သင့်သည်။ အစိုဓာတ် မဆုတ်ယုတ်မီ စိုက်ဖို့လိုတာရယ်၊ ဖြစ်နိုင်ရင် သုံးသီးစိုက်နိုင်အောင်ရယ် အချိန်လုရမည်။ သို့ဖြစ်၍ အောက်တိုဘာလအတွင်း ဆောင်းသီးနှံ တစ်မျိုးမျိုးကို လယ်မြေမှာဖြစ်စေ၊ ယာမြေမှာဖြစ်စေ စိုက်သင့်ပါသည်။

မည်သည့်ဆောင်းသီးနှံကို စိုက်ပျိုးသည် ဖြစ်စေ၊ မျိုးကောင်းမျိုးသန့်ကို အသုံးပြုရန်လိုသည်။ ရေမြေဒေသနှင့်ကိုက်ညီသော မျိုးဖြစ်သင့်သည်။ သက်လျင်၍အထွက်ကောင်းသောမျိုးဖြစ်ရမည်။ ဈေးကွက်ရှိဖို့လည်း လိုသည်။ အပင်ပေါက်ရာခိုင်နှုန်း (၈၀)နှင့်အထက်ရှိသော မျိုးဖြစ်သင့်ပါသည်။ ဆောင်းသီးနှံစိုက်ပျိုးရာတွင် မိုးရာသီကဲ့သို့ ထွန်ရေးကို ကောင်းအောင်၊ ညက်အောင် အချိန်ဆွဲ လုပ်သင့်ချင်မှ လုပ်သင့်မည်ဖြစ်သည်။ မြေသားဖွဲ့စည်းတည်ရှိမှုနှင့် အစိုဓာတ်အခြေအနေကို ကြည့်ဖို့ လိုမည်။

ပုံမှန်ထွန်ရေးပြုပြင်စိုက်ပျိုးခြင်း(Conventional tillage)ထက် ထွန်ရေးအနည်းငယ်သာပြုပြင် စိုက်ပျိုးခြင်း (Minum tillage) က ပိုသင့်တော်နိုင်သည်။ ထွန်ရေးမဲ့စိုက်ပျိုးခြင်း(Zero tillage)ကိုလည်း အခြေအနေအရ အသုံးပြုသင့်သည်လည်း ရှိနိုင်ပါသည်။

အရေးကြီးသည်မှာ သီးနှံပင်သက်တမ်းတစ်လျောက်တွင် မြေတွင်းအစိုဓါတ် ထိန်းသိမ်းတည်ရှိ နေစေနိုင်မည့်ထွန်ရေးပြုပြင်မှုကို ပြုလုပ်စိုက်ပျိုးရန်လိုသည်ဟုသာ ပြောနိုင်ပါသည်။   

အောက်တိုဘာတွင် အနောက်တောင်လေကြောင့်မဟုတ်သော်လည်း အရှေ့ဘက်မှ ရွေ့ရှား လာသော မိုးတိမ်တိုက်များကြောင့် မိုးရွာသည်ကို နှစ်စဉ်တွေ့နေရသည်။ ဆောင်းသီးနှံစိုက်ဖို့ ထွန်ရေး ပြင်နေစဉ် မိုးက အဆက်မပြတ်ရွာတတ်သေးသည်။ သို့ဖြစ်၍ စိုက်ပျိုးမည့်ဆောင်းသီးနှံမျိုးသည် စိုစွတ်မှု(Excess moisture)အခြေအနေတွင် အပင်ပေါက်သန်စွမ်းကောင်းမွန်သည့်အရည်အချင်း (good seedling vigour)နှင့်ပြည့်စုံသော သီးနှံမျိုးကို ရွေးချယ်စိုက်ပျိုးရန်လိုအပ်ပါသည်။

စိုက်ပြီးအပင်ငယ်စဉ်တွင်လည်း မိုးများသည်ကို မည်သည့်ဆောင်းသီးနှံမျှမကြိုက်ချေ။ မိုးကြီးရွာ သွန်းပါက အပင်ခြေရေဝပ်ခြင်း၊ အစိုဓါတ်များလွန်းခြင်း၊ အပင်သေပျောက်ခြင်း စသည်တို့ ဖြစ်နိုင်သည်။ ကြိုတင်ကာကွယ်ရန် ရေထုတ်မြောင်း၊ ရေစိမ့်မြောင်းများကို ပြုလုပ်ထားသင့်ပါသည်။ ပေါင်စနစ်ဖြင့် စိုက်ပျိုးသင့်က စိုက်ပျိုးဖို့ လိုပါမည်။

၂။ မိုး စပါးသီးနှံအတွက်

ဇူလိုင်ခန့်တွင် စိုက်ပျိုးခဲ့ရာ စပါးခင်းအများစုသည် မျိုးပွားပိုင်းကြီးထွားသည့်ကာလ (Reproductive Phase)ကို ရောက်ရှိသည့် ကာလဖြစ်နိုင်သည်။ ဤကာလသည် စပါးတစ်နှံတွင် ပါဝင်သော အစေ့အရေအတွက် (Grains per panicle)အတွက် အရေးကြီးသောကာလ ဖြစ်သည်။

အချို့စပါးစိုက်ခင်းများမှာမူ ရင့်မှည့်သည့်ကာလ(Ripening Phase)သို့ ရောက်ရှိပြီဖြစ်သည်။ ဤကာလသည် အောင်မြင်ရင့်မှည့်သည့် စပါးစေ့ရာခိုင်နှန်း(filled grains percent)နှင့် အစေ့ ၁၀၀၀ အလေးချိန်(1000 grains weight)တို့အတွက်အရေးကြီးသောကာလ)ဖြစ်သည်။ တစ်ဧကစပါး အထွက်မြင့်မားရေးအတွက် အထူးဂရုစိုက်ရမည့် အချိန်ကာလ ဖြစ်ပါသည်။

ရိတ်သိမ်းတော့မည့်စပါးခင်းများကို အလေအလွင့်နည်းပါးစေရေးအတွက် ရိတ်သိမ်းချိန်မှန်တွင် ရိတ်ရန် အကြံပြုလိုသည်။ စပါးအနှံများရှိစပါးစေ့များ၏ ရာခိုင်နှုန်း ၈၀မှ ၈၅ရာခိုင်နှုန်း ကောက်ရိုးရောင် ဖြစ်ပေါ်ချိန်တွင်ရောက်မှ ရိတ်သိမ်းရန်ဖြစ်သည်။ ၎င်းနောက် ရိတ်သိမ်းပြီးလျင်ပြီးချင်း မြန်မြန်ချွေလှေ့ရန် ဖြစ်ပါသည်။
မျိုးစေ့ထုတ်စိုက်ပျိုးသည့် စပါးစိုက်ခင်းများအတွက် အဓိကထားရမည့်လုပ်ငန်းကို ပြောလို သည်။ မျိုုးကွဲနှုတ်ပယ်သည့်လုပ်ငန်းကို ပီပီပြင်ပြင်ဆောင်ရွက်ရန်ဖြစ်ပါသည်။ စပါးပင်အနှံများကြီးထွား ဖွံ့ဖြိုးချိန်ရောက်မှ မျိုးကွဲအနှံများကို လိုက်လံနှုတ်ပယ်ရန်ဖြစ်သည်ဟု နားလည်နေကြသည်။ ထိုမျှနှင့် မလုံလောက်ချေ။ ပင်ပွားအများဆုံးထွက်ချိန်ကပင် စိုက်ပျိုးထားသောစပါးမျိုးနှင့် အပင်အရပ် အနိမ့် အမြင့် ခြားနားသောအပင်၊ အပင်ဖြစ်ထွန်းမှုပုံစံ မတူညီဘဲ ပင်စည်စုထောင်ခြင်း၊ ပြန့်ကားခြင်း၊ အရွက် အလျားနှင့်အကျယ်၊ ပင်စည်မှအရွက်ထွက်ပုံ ထောင့်အကျဉ်းအကျယ်  ကွာခြားသောအပင်များကို မျိုးကွဲအပင်များဟုမှတ်ယူကာ စနစ်တကျအခါခါစစ်ဆေး  နှုတ်ပယ်ရမှာ ဖြစ်ပါသည်။

ပန်းပွင့်ချိန်မှသည် မရိတ်သိမ်းမီအချိန်တို့၌ မျိုးစစ်မှန်သောစပါးအနှံနှင့် ကွဲပြားခြားနားသော စပါးနှံများ၊ ရောဂါကျရောက်သောအပင်/အနှံများတို့ကို ကုန်စင်အောင် နှုတ်ပယ်ရန်ဖြစ်ပါသည်။

ဆင်းသီဟ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်