အမျိုးမှန်အဖိုးတန်သော ရွှေထန်းပင်

06/08/2020 15:00 PM တွင် မထက်ယမင်းဦး မထက်ယမင်းဦး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ကျွန်မတို့အညာဒေသတွင် ပဒေသာပင်ဟုခေါ်ကြသော ထန်းပင်အကြောင်းကို ဗဟုသုတအနေဖြင့် ရေးသားတင်ပြလိုပါတယ်။ နှစ်ရှည်သီးနှံအမျိုးအစားတွင်ပါဝင်တဲ့ ထန်းပင်တွေကို မြန်မာနိုင်ငံရှိ မြေပြန့်ဒေသများတွင် အများဆုံးတွေ့ရှိရပြီး မြန်မာနိုင်ငံအောက်ပိုင်းတွင် ထားဝယ်မြို့၊ အလယ်ပိုင်းတွင် တောင်ငူမြို့နှင့် အထက်ပိုင်းတွင် တောင်သာ၊ ကျောက်ပန်းတောင်း၊ မလှိုင်၊ ရေစကြိုမြို့များ၌ ထန်းတောကြီးများကို အများအပြားတွေ့ရပါတယ်။

    ထန်းသီးများကို တော်သလင်း၊ သီတင်းကျွတ်တွင် စိုက်ပျိုးလေ့ရှိပြီး အသီးများအနေဖြင့် ဝါဆို၊ ဝါခေါင်လတွင် မှည့်ကြပါတယ်။ ထန်းပင်တစ်ပင်ဖြစ်ဖို့ဆိုရင် ထန်းသီးစေ့ကို စိုက်ပျိုးရပြီး တစ်နှစ်ခန့်အကြာမှာ အပင်ပေါက်ကလေးဟာ မြေပေါ်ကို ထွက်လာပါတယ်။ အရွယ်ရောက်ထန်းပင်ကို ကုန်းပေါ်တွင် (၂၅) နှစ်သားအရွယ်တွင်လည်းကောင်း၊ ချိုင့်ထဲတွင် (၁၅) နှစ်သား အရွယ်တွင်လည်းကောင်းစ၍ ပန်းပြလေ့ရှိကြောင်းသိရပါတယ်။ ထန်းပင်သက်တမ်းဟာ နှစ် ၁၀၀ ခန့်အထိ ရှိပါတယ်။ ထန်းသီးမှာ အဖိုပင်နှင့်အမပင် ဟူ၍ရှိပါတယ်။ အဖိုပင်ရဲ့ ထန်းနို့ကိုလှီးရင် ထန်းရည်ချိုထွက်ပြီး အမပင်ကတော့ အသီးသီးပါတယ်။ အမပင်၏ထန်းသီးခိုင်ကို ညှပ်နဲ့ညှပ်ပြီး ထန်းရည်ထုတ်ယူနိုင်ပါတယ်။ ထန်းမပင်များသည် တန်ခူးလပြည့်ကျော်မှ တော်သလင်းလအထိ ထန်းရည်ထွက်ပြီး ထန်းဖိုပင်များသည် ပြာသိုလနောက်ပိုင်းမှ ကဆုန်လကုန်အထိ ထန်းရည်ရရှိနိုင်ပါတယ်။ ထန်းပင်သက်တမ်းနှစ် (၆၀) ရှိလျှင် ထန်းရည်မရရှိတော့ခြင်း၊ ကြီးထွားဖြစ်ထွန်းမှု မရှိတော့ဘဲ ပင်အိုအဖြစ်သတ်မှတ်ကြောင်း သိရှိရပါတယ်။ 

    ထန်းပင်တစ်ပင်လုံးသည် လူသားများအတွက် အကျိုးပြုပါတယ်။ ထန်းပင်မှ ထန်းပင်ပေါက် (ထန်းပင်မြစ်)၊ ထန်းလုံး (ပင်စည်)၊ ထန်းရွက်၊ ထန်းလက်၊ ထန်းစင်၊ ထန်းသီး၊ ထန်းနို့ (အဖိုပွင့်အခိုင်) စသည်ဖြင့် အသုံးချနိုင်ပါတယ်။ ထန်းပင်ကို ခုတ်လှဲပြီးနှစ်ရက်အတွင်း အချောသပ် ရွှေပေါ်ထိုးပြီး ပေါ်လစ်အရောင်တင်ဆီသုတ်လိုက်ရင် အင်မတန်လှပါတယ်။ အမြင့် ၆ ပေ၊ ၇ ပေ လောက်အမြင့်ရဲ့ ထိပ်ဝကို အလယ်မှထွင်းပြီး ဟိုတယ်ကြီးနှင့် အိမ်ခြံဝင်း မြက်ခင်းပြင်တွေမှာ အလှပန်းအိုးအဖြစ် တခမ်းတနားအသုံးပြုကြသည်ကို တွေ့ဖူးပါတယ်။ ထန်းရည်ချိုဟာ အစာကြေညက်စေပြီး ထန်းရည်ခါးကတော့ ဆီရွှင်စေပါတယ်။ ထန်းပင်မြစ်ကို မီးဖုတ်လို့ဖြစ်စေ၊ ပြုတ်လို့နှစ်ခြိုက်စွာ သုံးဆောင်နိုင်ပါတယ်။ ထန်းရွက်ကို ဇာတာဖွဲ့ခြင်း၊ အိမ်မိုးခြင်း၊ ကာခြင်းများပြုလုပ်ပါတယ်။ ထန်းလက်ကို ကုလားထိုင်လုပ်ခြင်း၊ ထန်းပင်စည်ကို အိမ်တိုင်၊ ထုတ်တန်း၊ ရက်မ၊ ကြမ်းခင်းအဖြစ်အိမ်ဆောက်ရာမှာ သုံးကြပြီး ထက်ခြမ်းခွဲ၍ ရေတံလျှောက်၊ နွားစာခွက်လည်း လုပ်နိုင်ပါတယ်။ ထန်းသီးအား ဟင်းလျာအဖြစ်ချက်ပြုတ်စားသောက်ခြင်းနှင့် မုန့်များတွင် ထည့်သွင်းအသုံးပြုကြပါတယ်။

ပင်လယ်ရေကြောင်းမှ ထန်းလျက်တင်ပို့မှုကိုကြည့်ပါက

(၂၀၁၀-၂၀၁၁) ဘဏ္ဍာနှစ်တွင် တန်ချိန် (၁၀၀၀) ကျော်ခန့်

(၂၀၁၁- ၂၀၁၂) ဘဏ္ဍာနှစ်တွင် တန်ချိန် (၁၀၀၀၀) ကျော်ခန့်

(၂၀၁၂-၂၀၁၃) ဘဏ္ဍာနှစ် (ဒီဇင်ဘာ ၁၄ ရက်အထိ) တန်ချိန် (၁၀၀၀) ကျော်ခန့် တင်ပို့ခဲ့ပြီး

ထန်းသီးတင်ပို့မှုကိုကြည့်ပါကလည်း

(၂၀၁၀-၂၀၁၁) ဘဏ္ဍာနှစ်တွင် တန်ချိန် (၂၀၀) ကျော်ခန့်

(၂၀၁၁-၂၀၁၂) ဘဏ္ဍာနှစ်တွင် တန်ချိန် (၂၀၀) ကျော်ခန့်

(၂၀၁၂-၂၀၁၃) ဘဏ္ဍာနှစ် (ဒီဇင်ဘာ ၁၄ ရက်အထိ) တန်ချိန် (၄၈) တန်ခန့် တင်ပို့ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ထန်းလျက်ကို မလေးရှားနိုင်ငံနှင့် ထန်းသီးကို တရုတ်နိုင်ငံတို့ အများဆုံးတင်ပို့သည်ကို တွေ့ရှိရပါတယ်။ 

    ငွေကုန်ကြေးကျသက်သာသော အညာဒေသ၏ ထွက်ကုန်လေးများကလည်း သူ့နေရာနှင့်သူ အသုံးဝင်နေတာမို့လို့ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုပြင်ထုတ်လုပ် တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပြီး သဘာဝသစ်တောတွေဟာ ရာသီဥတုအတွက် အင်မတန်အရေးပါသဖြင့် စိုက်ပျိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ရေရှည်တည်တံ့စေရေးအတွက် ထန်းပင်အိုများခုတ်လှဲနေသည့် နေရာများတွင် ထန်းပင်သစ်များကိုလည်း အစားထိုး ဖြည့်စွက်စိုက်ပျိုးသင့်ပါတယ်။ ထန်းပင်ကို ဧကဖွဲ့စိုက်ပျိုးနိုင်သလို လယ်၊ ယာ၊ အိမ်ခြံများတွင် ခြံစည်းရိုးတစ်လျောက် မြေနေရာသီးသန့်မယူဘဲ စိုက်ပျိုးနိုင်သဖြင့် ခြံစည်းရိုးမှ ဝင်ငွေရအောင် စိုက်ပျိုးနိုင်သော နှစ်ရှည်သီးနှံပင်တစ်မျိုးလည်းဖြစ်ပါတယ်။ 

    အညာဒေသမှာ ရိုးရာအစားအစာအဖြစ် ထမင်းစားပြီးတိုင်း အချိုတည်းလေ့ရှိသော ရိုးရာမုန့်များအတွင်း ထည့်သွင်းပြုလုပ်ရသော ချိုမြိန်သောအရသာရှိသည့် ထန်းလျက်များကို ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့တင်ပို့ခြင်းဖြင့် ဝင်ငွေရရှိလျက်ရှိပါတယ်။ ထန်းရည်အား ကျိုချက်၍ ထန်းလျက်ပြုလုပ်ရာတွင် ရိုးရာနည်းများအတိုင်း ထုတ်လုပ်နေခြင်းဖြစ်ရာ အရည်အသွေးမြှင့် (Value Added) ထုတ်လုပ်တင်ပို့နိုင်ရေး စက်ကိရိယာနှင့် နည်းပညာများ ပံ့ပိုးပေးရန် အလုပ်ရုံဆွေးနွေးပွဲတစ်ခုအား ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသဖြင့် ရိုးရာထုတ်လုပ်မှုမှ ခေတ်မီစက်ကိရိယာများဖြင့် အဆင့်မီထုတ်လုပ်နိုင်တော့မည်အလားအလာရှိနေပြီဖြစ်ရာ ပြည်တွင်းစားသုံးရုံသာမက နိုင်ငံခြားဝင်ငွေပါ ပိုမိုတိုးတက်ရှာဖွေပေးနိုင်လာတော့မည့် ထုတ်ကုန်တစ်မျိုးဖြစ်ပါကြောင်း သတင်းကောင်းရေးသားတင်ပြလိုက်ပါတယ်။

ထက်ယမင်းဦး

ကိုးကား - စိုက်ပျိုးရေးဦးစီးဌာန

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်