တင်ပို့ခွင့်မသာ လှောင်စရာမလောက် ဖြစ်နေတဲ့ ယူကရိန်းသီးနှံများ

03/08/2022 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ယူကရိန်းဟာ ကမ္ဘာမှာ ရောင်းဝယ်ဖောက်ကားနေတဲ့ ဂျုံ ၁၀ ရာခိုင်နှုန်း၊ ပြောင်းဖူး ၁၆ ရာခိုင်နှုန်းနဲ့ နေကြာဆီ ထက်ဝက်ဝန်းကျင်ခန့်ကို တင်ပို့ရောင်းချပေးနေပါတယ်။ ဒါပေမဲ့ စစ်ပွဲကြောင့် ဒီသီးနှံတွေကို နိုင်ငံအပြင်ထုတ်ရေးကိုတော့ အခက်တွေ့နေရတယ်။ 

 

ငြိမ်းချမ်းနေခဲ့စဉ်ကတော့ ယူကရိန်းဟာ လစဉ် သီးနှံတန်ချိန် ခြောက်သန်း ပြည်ပတင်ပို့ပါတယ်။ အများစုဟာ ပင်လယ်နက်ဆိပ်ကမ်းတွေကနေ သွားတာပါ။ ဒါပေမဲ့ ရုရှားရေတပ်ရဲ့ ပိတ်ဆို့မှုနဲ့ ရေကြောင်းမှာ ယူကရိန်း ထောင်ထားတဲ့ မိုင်း‌တွေကြောင့် ကုန်သွယ်ရေး ရပ်တန့်သွားခဲ့ရတယ်။ ရထားလမ်း၊ ကားလမ်းနဲ့ မြစ်လမ်းကြောင်းတွေဟာ တစ်လကို သီးနှံတန်ချိန် နှစ်သန်းအောက်သာ သယ်ယူပို့ဆောင်ပေးနိုင်တာပါ။ ဒါကြောင့် သီးနှံလက်ကျန်စာရင်းတွေ အဆမတန် မြင့်တက်လာနေပြီး အခြေအနေဟာ ဆိုးသထက်ဆိုးလာဖို့ ရှိပါတယ်။

 

ဆောင်းတွင်းတုန်းက စိုက်ခဲ့တဲ့ ဂျုံတွေဟာ ဇွန်လရောက်တဲ့အခါ ဝါဝင်းရင့်မှည့်လာကြပြီ။ ဒါပေမဲ့ ယူကရိန်းရဲ့ သီးနှံကျီကြီးတွေအနက် ငါးပုံတစ်ပုံဟာ တိုက်ခိုက်မှုတွေကြောင့် ပျက်စီးတာရှိသလို တချို့ဟာ ရုရှားသိမ်းပိုက်နယ်မြေ‌တွေထဲ ရောက်နေကြပါတယ် ဒါ့အပြင် အရင်ရာသီထွက် သီးနှံတန်ချိန် သန်း ၂၀ ကျော်ဟာ ပြည်ပမတင်ပို့နိုင်ဘဲ ပိတ်မိနေတယ်လို့ ယူကရိန်းစိုက်ပျိုးရေးဒုဝန်ကြီး Taras Vysotsky က ပြောပါတယ်။ ဒီတော့ ယူကရိန်းလယ်သမားတွေဟာ သီးနှံသစ် ပေါ်လာတဲ့အခါ ဘယ်လို သိုလှောင်ကြပါ့မလဲ။

ယူကရိန်းတောင်ပိုင်း လယ်သမားတွေကတော့ ဆောင်းသီးနှံ စတင်ရိတ်သိမ်းနေပြီ။ တခြားနယ်တွေလည်း မကြာခင်မှာ ရိတ်ကြတော့မယ်။ ဒီနှစ်မှာ သီးနှံအထွက် သုံးပုံတစ်ပုံလောက် ကျဆင်းနိုင်ပေမဲ့ တစ်နှစ်တာထွက်ရှိမှုအနေနဲ့တော့ ပြောင်းတန်ချိန် ၂၆ သန်း၊ ဂျုံတန်ချိန် ၁၉ သန်း၊ မုယောစပါး တန်ချိန် ခုနစ်သန်းနဲ့ ဆီထွက်သီးနှံ တန်ချိန် ၁၃ သန်း ရှိနိုင်‌သေးတယ်လို့ ယူကရိန်းကောက်ပဲသီးနှံအသင်းက ခန့်မှန်းထားပါတယ်။

 

 လယ်သမားတွေကတော့ ဆိပ်ကမ်းတွေ ပြန်ပွင့်လာမလား မျှော်လင့်ချက်နဲ့ သီးနှံတွေကို လှောင်ထားချင်ကြပါတယ်။ ပိုလန် ဒါမှမဟုတ် ရိုမေးနီယားနိုင်ငံ‌တွေကတစ်ဆင့် စရိတ်စကကြီးကြီးနဲ့ တင်ပို့ရပြီး အမြတ်ကျန်နည်းမှာမျိုးကို မလိုလားကြပါဘူး။ အစိုးရက ဒီနှစ်မှာ သီးနှံတန်ချိန် ၁၀ သန်းကနေ ၁၅ သန်းစာလောက်အတွက် သိုလှောင်စရာမရှိ ဖြစ်လိမ့်မယ်လို့ တွက်ဆထားပါတယ်။ ကောက်ပဲသီးနှံအသင်းကတော့  ကျီလိုအပ်ချက်ဟာ တန်ချိန် ၂၅ သန်းစာလောက်အထိတောင် များနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

 

သိုလှောင်မထားတဲ့ သီးနှံတွေဟာ ပုပ်လည်း သွားနိုင်သလို ခိုးယူလည်း ခံရနိုင်ပါတယ်။ ဒီအဖြစ်မျိုး မဖြစ်ရအောင် တောင်သူတွေဟာ သီးနှံတန်ချိန် ၂၀၀ ဝင်ဆံ့တဲ့ လှောင်အိတ်ကြီးတွေ အလုအယက် ရှာဖွေဝယ်ယူလာကြတယ်။ ပိုလျှံသီးနှံတွေ အားလုံးကို ထည့်နိုင်အောင် အဲလိုအိတ်ကြီးမျိုး လုံးရေ ၅၀၀၀၀ လောက် လိုအပ်နိုင်တယ်လို့ ဒုဝန်ကြီး Mr Vysotsky က ခန့်မှန်းထားပါတယ်။ ‌အစိုးရဟာ စိုက်ခင်းထဲမှာတင် သီးနှံသိုလှောင်နိုင်စေမဲ့ ရွေ့လျားသိုလှောင်ရုံတွေကိုလည်း မှာယူနေပါတယ်။ စိုက်ကွက်ကျဉ်းတဲ့ တောင်သူတွေကတော့ ဂိုဒေါင်နေရာလွတ်တွေ ငှားရမ်းအသုံးပြုဖို့ စာချုပ်နေကြတယ်။ ဒါပေမဲ့ အဲဒီဂိုဒေါင်တွေဟာ များသောအားဖြင့် အစိုးရ အသိအမှတ်ပြုတာတွေ မဟုတ်ဘူး။ သီးနှံအခြောက်ခံစက်တွေလည်း မရှိတာကြောင့် သီးနှံတွေ ပုပ်သိုးပျက်စီးမယ့်အန္တရာယ်လည်း ရှိနေပြန်ပါတယ်။ ဆောင်းရောက်ရင် ပြောင်းသီးနှံတွေကို အရည်အသွေးနဲ့ ထွက်နှုန်း ထိခိုက်ခံပြီး အခင်းထဲမှာ ပစ်ထားရနိုင်ခြေ ရှိပါတယ်။

 

အနောက်မဟာမိတ်နိုင်ငံတွေကတော့ ကမ္ဘာ့စားသောက်ကုန်ဈေး ကြီးမြင့်မှုကို ရင်ဆိုင်ဖြေရှင်းနေရင်း ယူကရိန်းကို ကူညီပေးဖို့ ကမ်းလှမ်းထားပါတယ်။ ဇွန်လ ၁၄ ရက်နေ့တုန်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ယူကရိန်းနယ်စပ် ပိုလန်ဘက်ခြမ်းမှာ ယာယီသီးနှံကျီတွေ တည်ဆောက်ပေးမယ်လို့ ကတိပြုထားပါတယ်။ ဒါဟာ စက်တင်ဘာလ ပြောင်းသီးနှံ စပေါ်ချိန်အတွက် သက်သာရာအနည်းငယ် ရစေနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိကြုံနေရတဲ့ အဓိက စိန်ခေါ်မှုဟာ နယ်စပ်ကို အထုပ်နဲ့ အထည်နဲ့ ဖြတ်ကျော်ရေးဖြစ်တယ်လို့ Mr Vysotsky က ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုးကုစားမှုတွေဟာ တစ်စိတ်တစ်ဒေသသာ သက်ရောက်ပြီး ငွေကုန်ကြေးကျလည်း များပါတယ်။ သယ်ယူပို့ဆောင်စရိတ် များမှာကို ကြိုတွက်ထားတဲ့ ယူကရိန်းလယ်သမားတွေက အမြတ်ပိုကျန်မယ့်သီးနှံကို ပြောင်းစိုက်ဖို့ စဉ်းစားလာကြပါပြီ။ ကိဗ်မြို့အနီးက Barva Invest စိုက်ပျိုးရေးအတိုင်ပင်ခံလုပ်ငန်း တည်ထောင်သူ Bogdan Kostetsky က လယ်သမားတွေဟာ အမြတ်နည်းတဲ့ ပြောင်းသီးနှံ သုံးပုံတစ်ပုံလောက် နေရာမှာ ဆီမုန်ညင်းနဲ့ နေကြာကို အစားထိုးစိုက်ပျိုးခဲ့ကြတယ်လို့ ပြောပါတယ်။ တချို့ဆိုရင် နောက်ရာသီမှာ ဘာမှမစိုက်ဘဲ ဘေးထွက်ထိုင်နေကြမယ့်သဘောတောင် ရှိပါတယ်။ 

 

ပို့ကုန်ဝင်ငွေရလမ်းလည်း ပိတ်စေ၊ ဓာတ်မြေဩဇာဈေးလည်း တက်စေတဲ့ ဒီစစ်ပွဲနဲ့တော့ လယ်သမားတွေဘဝဟာ စက်ယန္တရားတွေလည်း အကောင်းမကျန်၊ သိမ်းပိုက်ခံနယ်မြေတွေအတွင်းက လယ်ကွင်းတွေနဲ့လည်း အဆက်ပြတ် ဖြစ်ကြရပါတယ်။ ကိဗ်မြို့ အရှေ့တောင်ဘက် လေးနာရီခရီးလောက် ကွာ‌ဝေးတဲ့ အိုလက်ဆန်ဒရီယာမြို့က ဂျုံတောင်သူ Ivan Miroshnichenko ကတော့ သူ့မှာ မျှော်လင့်ချက် မရှိသလောက် ဖြစ်နေပြီလို့ ပြောပါတယ်။

 

"လယ်သမားတစ်ယောက်က သူ အရှုံးပေါ်တော့မယ် ဆိုတာ သိနေရင်၊ သူ့သီးနှံကျီက ပြည့်နေပြီး သူ့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးဆိုရင် လုံးဝ မစိုက်တော့ဘဲနေဖို့တောင် စဉ်းစားလာလိမ့်မယ်" လို့ သူက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Where will Ukraine store its grain? - The Economist

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်