#ခေတ်သစ်လယ်ယာစိုက်ပျိုးခြင်း (သို့)သိပ္ပံနည်းကျလယ်ယာစိုက်ပျိုးခြင်းအတွက် ပျိုးထောင်ခြင်းအပိုင်း(၁) တောင်သူအ...
#ခေတ်သစ်လယ်ယာစိုက်ပျိုးခြင်း (သို့)သိပ္ပံနည်းကျလယ်ယာစိုက်ပျိုးခြင်းအတွက် ပျိုးထောင်ခြင်းအပိုင်း(၁) တောင်သူအများစု စပါးစိုက်ပျိုးရာတွင် အလွယ်ကူရိုးရှင်းဆုံးနည်းတစ်ခုဖြစ်တဲ့ မိရိုးဖလာပျိုးထောင်ခြင်းကို လုပ်ကိုင်ဆောင်ရွက်တတ်ကြသည်။ယခုဖော်ပြပါ ပျိုးထောင်နည်းများကို လက်ဝင်သည် အလုပ်ပိုသည်ဟု မြင်ကာ မလုပ်ကြပေ။အနည်းစုသာ လုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့ကြရသည်။ယခု တစ်ခါ တောင်သူမိတ်ဆွေ အချို့ မှ ထပ်မံတင်ပြပေးရန် တောင်းဆိုလာသည့်အတွက် အပိုင်းများဖြင့် တင်ပြပေးပါအုန်းမည်။တောင်သူမိတ်ဆွေ ဆရာကြီးများ ကျော်ခွသွားနိုင်ပါသည်။အကျိုးရှိမည်ဟု ထင်မြင်မိလျင် တောင်သူဂရုများဆီ shareပေးခြင်းဖြင့် ကူညီနိုင်ပါသည်။ ပျိုးထောင်ခြင်းအဆင့် (၃)မျိုး ပိုင်းခြားနိုင်သည်။ ၁။မိရိုးဖလာပျိုးထောင်ခြင်း ၂။ကုန်းပျိုးထောင်ခြင်း ၃။ဘောင်စနစ်ဖြင့် ပျိုးထောင်ခြင်းဆိုပီး အပိုင်း(၃)ပိုင်းခွဲ လေ့လာနိုင်သည်။စပါးစိုက်တောင်သူတစ်ဦးအနေဖြင့် မိမိအဆင်ပြေရာနည်းကို အသုံးပြုနိုင်သည်။နံပါတ်(၁)သည် တောင်သူအများစု လုပ်ကိုင်ဆောင်ရွက်ကြသောကြောင့် အထူးရေးသားရန် မလိုတော့ပေ။သို့သော် ၎င်း၏ကုန်ကျစရိတ်ကို ထည့်ရေးပြပါအုန်းမည်။မိရိုးဖလာပျိုးထောင်နည်းသည် မျိုးစေ့ပမာဏ အားဖြင့် တစ်ဧကလျင် အနဲဆုံး ၂ တင်းမျှထောင်ရသည်။တန်ဖိုးငွေအားဖြင့် (၄၀၀၀၀)ဝန်းကျင် ကုန်ကျမည်။ပျိုးနှုတ်ခ အားဖြင့်လည်း တစ်တင်းနှုတ်ခ (၂၀၀၀၀)ကျပ်ရှိသည့်အတွက် (၄၀၀၀၀)ကုန်ကျပေအုန်းမည်။မုန့်ဖိုး ဆေးလိပ်ဖိုးကွမ်းယာဖိုး ပါထည့်တွက်လျင် ပိုပေအုန်းမည်။နှစ်ရပ်ပေါင်း (၈၀၀၀၀)ကျပ် ကျော်ကုန်ကျပါလိမ့်မည်။ ယခုတင်ပြမည့် အကြောင်းအရာသည် မျိုးစေ့နဲနဲဖြင့် ကုန်ကျစရိတ်သက်သာသည့် ပျိုးထောင်နည်းကို ဖော်ပြမည်ဖြစ်ပါသည်။ နံပါတ် (၂)နှင့် (၃)သည် မျိုးဖိုးကုန်ကျစရိတ်သက်သာမည်။ပျိုးနှုတ်ခအနေဖြင့် နေ့စားခ တစ်ယောက်စာမျှသာ ကုန်ကျမည်။လယ်တစ်ဧက အတွက် မျိူးစေ့ပမာဏ အားဖြင့် ၃ပြီ လောက်သာကုန်ကျမည်။မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးလျင်ပင် မျိုးစေ့ဖိုး (၅၀၀၀) ကျပ်မျှသာကုန်ကျမည်။နေ့စားတစ်ယောက်ခ အနေဖြင့် (၇၀၀၀)ကျပ်သာ ရှိပြီး နှစ်ရပ်ပေါင်း (၁၂၀၀၀)မျှကုန်ကျမည်။ထို့ကြောင့် တောင်သူမိတ်ဆွေများအနေဖြင့် အမှန်တကယ်အကျိုးရှိပြီးကုန်ကျစရိတ်သက်သာမည့် နည်းလမ်းကို သာရွေးချယ်လုပ်ကိုင်သင့်ပေသည်။ ကုန်းပျိုးထောင်ခြင်းအနေဖြင့် (၂)ပိုင်းရှိသည်။ပျိုးဗန်းများဖြင့် ထောင်ခြင်း (သို့ )မြေပြင်ပေါ်တွင် အလွတ်ထောင်ခြင်း ဆိုပီး လုပ်ကိုင်နိုင်သည်။ပျိုးဗန်းကိုအသုံးပြုလျင် ပျိုးဗန်းဖိုးကုန်ကျစရိတ် တက်လာနိုင်သည်။ ထို့ကြောင့် ကုန်ကျစရိတ်သက်သာမည့် အလွတ် ပျိုးထောင်ခြင်းကို ဦးစားပေးဆောင်ရွက်သင့်သည်။ ကုန်ပျိုးထောင်မည် ဆိုပါက လယ်တစ်ဧက စာအတွက် မျိုးစေ့ ၃ပြီ ခန့် လိုအပ်သည်။၎င်းမျိုးစေ့ကို ရေမစိမ်မီ ပြန်လည်ရွေးချယ်ခြင်း ဆားရည်ဆေးခြင်းတို့ လုပ်ဆောင်သင့်သည်။သို့မှသာ ကျန်းမာသန်းစွမ်းသော မျိုးစေ့များရရှိပေလိမ့်မည်။ဆားရည်ဖြင့် ဆေးကြောလျင် ဒန်ဇလုံ (သို့)ကျောက်ခွက် တစ်ခုထဲတွင် မျိုးစေ့ဆေးကြောရန်လုံလောက်သော ရေပမာဏထည့်ပါ ပီးလျင် ကြက်ဥတစ်လုံး ထည့်ထားပါ။ထိုကြက်ဥ သည် ရေထဲမြုတ်နေပေလိမ့်မယ်။ထိုကြက်ဥ ရေပေါ် ပြန်ပေါ်လာအောင် ရေထဲသို့ ဆားထည့်ပီး မွှေပေးပါ။ကြက်ဥ ရေပေါ် သို့ပေါ်လာလျင် ရပါပီ။(ဒီနေရာမှာ ရေပမာဏ ဆားပမာဏ ထည့်မရေးတော့ပါ။မျိုးစေ့အနဲငယ်မျှသာဆေးကြောမည်ဖြစ်သောကြောင့် အများအပြား မလိုအပ်ပေ။)ထိုကဲ့သို့ကြက်ဥရေပေါ်တက်လာလျင် ကြက်ဥကို ဖယ်ထားလိုက်ပြီး မိမိဆေးကြောမည့် မျိုးစေ့များကို ထည့်ပြီး ခန မွှေပေးပါ။ကျန်းမာသန်းစွမ်းမှု မရှိသော မျိုးစေ့ များသည် ရေပေါ်သို့တက်လာပေမည်။ထိုရေပေါ်သို့တက်လာသော မျိုးစေ့ အမှိုက်သရိုက်များကို ဆန်ကာဂုံးဖြင့်သဲ့ပစ်လိုက်ပါ။ရေအောက်တွင် မြုတ်နေသော မျိုးစေ့မျာကိုသာယူရမှာဖြစ်ပါတယ်။ထိုကဲ့သို့ ဆားရေဆေးခြင်းပီးပါက မျိုးစပါးများကို ရေဖြင့် သန့်ရှင်းသွားအောင် ထပ်မံဆေးကြောပါ။ဆားငံရည်ကုန်သိအထိ ဆေးပါ။ပီးပါက ထိုမျိုးစေ့များကို အိပ်အလွတ် အသန့်တစ်ခုတွင် ထည့်၍ ခပ်လျော့လျော့စည်းပြီး ရေ(၂၄)နာရီ စိမ်ရမှာဖြစ်ပါတယ်။(ဆားရည်ဖြင့် စိမ်ခြင်းမဟုတ်ပါ။)ရေစိမ်ပြီးနောက်ပြန်ဆယ်ယူပြီးခေါင်အုန်းကဲ့သို့ ပြားလိုက်ပါ။ခေါင်အုန်းကဲ့သို့ပြားပြီး မြေကြီးပေါ်တွင် တင်ကာ အပေါ်မှ တစ်ခုခု ဖုံးပေးထားပြီး နှစ်ည အုပ်ပေးပါ။တစ်ညအုပ်ပြီး အထက်အောက်လှန်ပေးပါ။ပြန်အုပ်ထားပါ။မျိုးစေ့အုပ်ခြင်းကို နာရီပေါင်း(၅၀)ခန့် အုပ်ထားရမှာဖြစ်ပါတယ်။ နာရီပေါင်း(၅၀)ကျော် အုပ်ထားသောမျိုးစေ့များ အားလုံးနီးပါ စို့ (သို့ )အညှောက်ပေါက်လာပြီဆိုပါက ပျိုးထောင်ရန် အရန်သင့်ဖြစ်ပါပြီ။ SRI စနစ်ဖြင့်စိုက်ပျိုးလျင် လယ်တစ်ဧက အတွက်မျိုးစေ့ပမာဏ နို့ဆီဗူး(၁၀)ဗူးမျှသာလိုအပ်ပါသည်။လယ်တစ်ဧကလျင် (၁၀"×၁၀")စိုက်မည်ဆိုပါက ကောက်ပင်ပေါင်း (၆၂၇၂၆.၄)ပင်ကျော်သာဝင်ဆံ့မည်။နို့ဆီတစ်ဗူးတွင် မျိုးစေ့(ဘေးကြား)ပေါင်း (၆၅၀၀)ကျော် ပါဝင်သောကြောင့်နို့ဆီ(၁၀)ဗူးဆိုလျင် လိုအပ်သော ကောက်ပင်ရရှိသောကြောင့်ဖြစ်သည်။ SRI စနစ်စိုက်ပျိုးလျင် ပျိုးဗန်းဖြင့် ထောင်မှသာ အဆင်ပြေလိမ့်မည်။SRI ပျိုးခင်းလုပ်ရန်အတွက် ၂ပေ ၁ပေ ပျိုးဗန်း ပေါင်း(၈၀)အထိ လိုအပ်မည်။ပျိုးဗန်း ကုန်ကျစရိတ်အနေဖြင့် အညံ့စား တစ်ခုလျင် (၂၀၀) ကျပ်တန် သုံးလျင်ပင် (၁၆၀၀၀)ကျပ် ကုန်ကျပ်မည်။ထို့သိုအကုန်ကျမခံချင်က သစ်သားဘောင်လေးများ(၅)ကွက်စာ ပြုလုပ်ပီး တစ်ခါပြီး တစ်ခါ ပြန်မကာ လုပ်နိုင်သည်။မျိုးေစ့နို့ဆီတစ်ဗူးလျင် (၂"×၁")အကွက် (၈)ကွက် သို့ (၈)ဗန်း အထိ မျိုးစေ့ကျဲပက်ပေးရမည်။ပျိုးဗန်းအတွင်း ပျိုးမြေကို အောက်တွင် ဖေယ်ပြထားသည့်အတိုင်း လုပ်နိုင်သည်။ထို့သို့ ပျိုးဗန်းကလေးများဖြင့် ပျိုးထောင်ပါက ပျိုးသက်(၈)ရက်သားမှ (၁၅)ရက်သားအတွင်း ရွှေစိုက်နိုင်သည်။ထူးခြားသည်မှာ SRI ပျိုးဗန်းများထဲမှပျိုးပင်များကို မနှုတ်တော့ပဲ ပျိုးချေးခဲလေးများအတိုင်း စိုက်တမန်းပြင်ပေါ်တွင် အသာအယာ ချစိုက်ပျိုးခြင်းဖြစ်သည်။(ဆရာကြီးဦးသိန်းဆု၏SRI စပါးစိုက်ပျိုးနည်းစာအုပ်မှ ကောက်နုတ်ချက်) ကုန်းပျိုးထောင်ရန် မိမိ၏ အိမ်ဝင်းအတွင်း မြေကွက်လပ်တစ်နေရာ ရွေးချယ်ပါ။ရွေးချယ်ထားသော မြေနေရာအား ပေါင်းမြက် မပေါက်ရောက်နိုင်အောင် သန့်ရှင်းထားပါ။ပြီးလျင် နုံးမြေ(သို့)လယ်မြေ နှစ်ဆ |နွားချေးတစ်ဆ|ဖွဲပြာ တစ်ဆ ရောထားသော မြေကို ဖြန့်ခင်းပါ။ပြီးလျင် ရေလောင်းပေးထားပါ။ဘောင်တစ်ခုကို အနံ၄ပေ အလျား ပေ၄၀ အထိ ဘောင်ဖော်ပေးရမှာဖြစ်ပါတယ်။ထိုဘောင်ပေါ်သို့ စက်ဖွဲပြာခင်းပါ။ခင်းပြီးလျင် မျိုးစေ့အညှောက်ပေါက်များကို တစ်ဘောင်လျင် တစ်ပြီနှုံး ကျဲပက်ပေးပါ။ကျဲပက်ပေးပြီးပါက မျိုးစေ့များ ငှက်မကောက်စေရန်နှင် နေအပူရှိန်ကြောင့် အညှောင့်များ မပျက်စီးစေရန် စက်ဖွဲပြာကို လုံအောင် ဖြူးပေးပါ။ ဆိုခဲ့ပြီးသည့်အတိုင်းလုပ်ကိုင်ပြီးပါက ကုန်ပျိုး ဘောင်ထောင်ခြင်း အဆင့်ပြီးပါပီ။တစ်ရက်ကို မနက် တစ်ကြိမ် ညနေတစ်ကြိမ် ရေရွှဲရွှဲ ဖျန်းပေးပါ။ရေဖျန်းကယားဖြင့်သာ လောင်းပါ။မြေဆီ ကျွေးရန် မလိုပေ။ရေလောင်းခြင်းကို (၁၂) ရက်ခန့်အထိ ပုံမှန် လုပ်ဆောင်ပေးလျင် ပျိုးပင်လေးများ စိမ်းလမ်းစိုပြေနေပြီး စိုက်ပျိုးနိုင်သော အနေအထားရောက်ပါပြီ။ ယခုကဲ့သို့ စနစ်တကျဖြင့် ကုန်းပျိုးထောင်ပြီး စိုက်ပျိုးရန် အသင့်ဖြစ်နေသော ပျိုးခင်းဘောင်လေးများကို အသာအယာ တစ်ယောက်ထဲ (ပျိုးချေးခါခြင်း စည်းနှောင်ခြင်း မလုပ်ရ)နှုတ်ပြီး သစ်သီးခြင်းများဖြင့်ထည့်ကာသယ်ယူပေးရမှာဖြစ်ပါတယ်။သယ်ယူရာတွင်လည်း ကောက်စိုက်သမများကို တစ်ယောက်တစ်ခြင်း ကူသယ်ခိုင်းလျင် လယ်တစ်ဧကစာအတွက် သစ်သီးခြင်း (၈)ခြင်း ဆိုလျင် လုံလောက်ပါပြီ။ဖော်ပြပါ ပျိုးခင်းဘောင်များကို (၁၂)ရက်သားမှ (၁၅)ရက်သားအတွင်း ရွှေစိုက်နိုင်ပြီဖြစ်ပါတယ်။စိုက်ပျိုးခြင်းကို သီးသန့်ဖော်ပြပေးပါအုန်းမည်။ ဆက်လက်ပြီး တမန်းပြင်ထားသော ပျိုးခင်းအတွင်း ဘောင်ဆွဲပြီး ကုန်းပျိုးကဲ့သို့ ထောင်ခြင်းကို အပိုင်း(၂)တွင် ဆက်လက်တင်ပြပါအုန်းမည်။ (တောင်သူအကျိုးပြု) သက်ဆွေ ဒီပဲယင်း(ကိုင်းကန်)။