အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ယခုနှစ် ကြံစိုက်ဧကများ လျော့နည်း

စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ယခုနှစ် ကြံစိုက်ဧကများ လျော့နည်း

AMIA
AMIA • 22/10/2026

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသတွင် ယခုနှစ် ကြံစိုက်ဧကများ သိသိသာသာ လျော့ကျသွားသဖြင့် ကြံအထွက်နှုန်းမှာ ယခင်နှစ်ထက် ပိုမိုလျော့ကျမည့် အခြေအနေရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ကြံရိတ်သိမ်းချိန်တွင် ယင်းဒေသ၌ စိုက်ပျိုးထားသည့် ကြံစိုက်ဧကများမှ ထွက်ရှိသည့် ကြံအားလုံးကို စက်ရုံက ဝယ်ယူမှု မရှိခြင်း၊ ကြံဖိုးငွေကို သကြားဖြင့် ပေးချေခြင်း၊ ကြံတစ်တန်လျှင် စက်ရုံအရောက် ဈေးနှုန်း ရရှိမှု အလွန်နည်းပါးခြင်း စသည့် အခြေအနေများကြောင့် ယခုနှစ်တွင် ကြံစိုက်ဧက လျော့ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

မနှစ်က ကြံကြိတ်ဝါးရာသီချိန်တွင် ထွက်ရှိသမျှ ကြံအားလုံးကို သကြားစက်ရုံများက အကုန်အစင် ဝယ်ယူနိုင်ခြင်း မရှိခဲ့သဖြင့် ကြံမခုတ်ရသည့် စိုက်ခင်း အများအပြားမှာ ယခုအထိ ကျန်ရှိနေကြောင်း သိရသည်။

"မနှစ်က ကြံစိုက်ဧက ၁၄၀ ရှိတယ်။ ခုတ်ငုတ်က ဧက ၅၀ နဲ့ မခုတ်ရတဲ့ ဧက ၉၀ ရှိတယ်။ ဒါကြောင့် ယခုနှစ်တော့ ၁၀ ဧကပဲ စိုက်မယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှ ကြံစိုက်တောင်သူကြီး တစ်ဦးက ပြောသည်။

မနှစ်က မခုတ်ရသည့် ကြံစိုက်ခင်းများကို လာမည့် ကြံကြိတ်ဝါးရာသီ ရောက်မှသာ ခုတ်ရောင်းချရန် စီစဉ်ထားကြောင်း၊ အဆိုပါ ကြံခင်းများသည် နှစ်ပတ်လည် ဖြစ်သွားသဖြင့် အထွက်နှုန်း လျော့ကျနိုင်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် ဝေမာ သကြားစက်ရုံ၊ MSD မြန်မာ့သကြား ဖွံ့ဖြိုးတိုးတက်ရေးစက်ရုံ၊ MES သကြားစက်ရုံနှင့် ကြံတန်ချိန် ရာဂဏန်း ကြိတ်ဝါးနိုင်သည့် စက်ရုံငယ်အချို့ ရှိကြောင်း သိရသည်။

"စက်ရုံတွေက ကြံအကုန် မဝယ်တော့ တောင်သူတွေက ခုနှစ် (ယခုနှစ်) လျှော့စိုက်ကြတယ်။ ကြံအထွက် လျော့မှာပေါ့။ မနှစ်က မခုတ်ရတဲ့ အခင်းတွေက ဒီနှစ်မှ ခုတ်ရမှာ ရှိကြတယ်" ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းဒေသတွင် ယခင်နှစ်များက ကြံကြိတ်ဝါးရာသီ၌ ကြံတန်ချိန် ၁၂ သိန်းအထက် ထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ကြံတန်ချိန် သိသာစွာ လျော့ကျသွားနိုင်ကြောင်း၊ ကြံအထွက်နှုန်း လျော့ပါက သကြားအထွက်နှုန်းလည်း သိသိသာသာ လျော့ကျသွားနိုင်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် ကြံကြိတ်ဝါးရာသီ၌ သကြားစက်ရုံများမှ ကြံဝယ်ယူသည့် ဈေးနှုန်းမှာ အခြားဒေသများထက် အနည်းဆုံး ဖြစ်သည့်အတွက်ကြောင့်လည်း တောင်သူများ တွက်ခြေမကိုက်ဘဲ အရှုံးနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ကြံကြိတ်ဝါးရာသီတွင် သကြားစက်ရုံအချို့က ကြံဖိုးငွေကို ငွေသားပေးချေသည့် စနစ်ဖြင့် ဝယ်ယူခဲ့ပြီး ကျန်စက်ရုံအချို့ကမူ ကြံဖိုးငွေကို သကြားပြန်လည်ပေးသည့် စနစ်ဖြင့် လည်ပတ်ခဲ့ကြကြောင်း သိရသည်။

ကြံဖိုးငွေကို ငွေသား ပေးချေရာတွင်လည်း စက်ရုံအရောက် ကြံတစ်တန် ဈေးနှုန်းအဖြစ် ကျပ် ၁၁၅,၀၀၀ နှုန်းဖြင့်သာ ဝယ်ယူခဲ့ကြောင်း၊ အခြားဒေသများတွင်မူ ကြံတစ်တန်လျှင် စက်ရုံအရောက် ဈေးနှုန်း ကျပ် ၁၈၀,၀၀၀ အထိ ဈေးဖွင့် ဝယ်ယူခဲ့ကြသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။