ရွှေငါးလေးများ သဘာဝထဲရောက်သွားတဲ့အခါမှသည်.. အိပ်မက်ဆိုးများဆီသို့
ရွှေငါးလေးတွေရဲ့ ချစ်စဖွယ်ရာ အပြင်ပန်း ပုံပန်းသဏ္ဍာန်က သင့်ကိုကောင်းကောင်း လှည့်စားနိုင်ပါတယ်။ ရုတ်တရက်ကြည့်မယ်ဆိုရင် ဒီ ရောင်စုံတောက်ပနေတဲ့ အလှမွေးရွှေငါးလေးတွေက ချစ်စဖွယ်ပုံစံလေးတွေရှိလို့ မှန်ကန်ကျဉ်းကျဉ်းလေးတွေထဲမှာ ကူးခပ်နေရတဲ့ သူတို့လေးတွေကို ကျယ်ကျယ်ဝန်းဝန်းဖြစ်စေဖို့ သင့်စိတ်ထဲကရော၊ သင့်ဘေးနားမှာရှိတဲ့ မိရိုးဖလာ အစဉ်လာများနဲ့ လူများကပါ သင့်ကို ဒီငါးလေးတွေကို အခါကြီးရက်ကြီးတွေမှာ ဘုရားငါးကန်ထဲမှာ ဘေးမဲ့ပေးဖို့၊ သင့်ပတ်ဝန်းကျင်က ရေကန်များဆီ ဘေးမဲ့ပေးဖို့ တွန်းအားပေးကြမှာပါ။
စဉ်းစားကြည့်ပါ။ ကြာပန်းတွေနဲ့ လှပနေတဲ့ ရေကန်လေးတစ်ကန်ကို သင်တွေ့တဲ့အခါတိုင်းမှာ ဒီကန်လေးထဲမှာသာ ရွှေငါးရောင်စုံလေးတွေကူးနေတဲ့အခါ ဘယ်လောက်တောင်လှမလဲဆိုတဲ့အတွေး လူတိုင်းနီးပါးမှာရှိတာ ရှောင်လွှဲလို့မရပါဘူး။
" သင့်အနေနဲ့ အမှုမဲ့အမှတ်မဲ့ အလှမွေးတဲ့ ရွှေငါးလေးတွေကို သဘာဝထဲ ဘေးမဲ့ပေးခဲ့မိတဲ့အခါ၊ ချစ်စဖွယ်ရာ ရွှေငါးလေးတွေကနေ ဂေဟစနစ်ကို အကြီးကျယ် ထိခိုက်ပျက်စီးစေနိုင်တဲ့ အဖျက်သမားကြီးများ အဖြစ်ပြောင်းလဲသွားနိုင်တာ သင်သိပါသလား? "

ဒီလိုအဖြစ်အပျက်မျိုး Australia (ဩစတေးလျ) နိုင်ငံမှာ ဖြစ်ပြီးပါပြီ။ လွန်ခဲ့သော နှစ် ၂၀ ခန့်က ဩစတေးလျနိုင်ငံ အနောက်တောင်ဘက်မှာရှိတဲ့ ချောင်းငယ်အတွင်းထဲသို့ လူအချို့က မမွေးချင်တော့တဲ့ အလှမွေးရွှေငါးတွေကို လွှတ်ပေးခဲ့ရာကနေ ဒီရွှေငါးတွေက ကြီးလာကြပြီး ရေစီးအတိုင်း စုန်ဆင်းသွားကြတယ်၊ ပြီးတော့ သွားလေရာနေရာက ရေတွေကို ညစ်ညမ်းစေခဲ့ပြီး အကြီးအကျယ် သားပေါက်ခဲ့ကြရာ မကြာခင်မှာပဲ မြစ်တစ်ခုလုံး သူတို့တွေနဲ့ ပြည့်နှက်သွားခဲ့ပါတော့တယ်။
ဒီဖြစ်ရပ်ဟာ ဩစတေးလျနိုင်ငံအတွင်းရှိ Vasse မြစ်မှာ ဖြစ်ပျက်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်လောက်က စခဲ့တဲ့ ဒီပြဿနာဟာ ယနေ့အထိ ရှင်းမနိုင်ဖြစ်နေပါတယ်။ အာဏာပိုင်အဖွဲ့အစည်းများက အသည်းအသန် အင်တိုက်အားတိုက် သုတ်သင်ရှင်းလင်းရေးတွေ လုပ်ဆောင်နေကြပေမဲ့ ရွှေငါးတွေက Vasse မြစ်ထဲမှာ ရှင်သန်နေကြဆဲဖြစ်ပါတယ်။ အလှမွေးငါးကန်ထဲမှာဆို ၄ လက်မလောက်သာကြီးကြတဲ့ ရွှေငါးတွေက သဘာဝထဲရောက်သွားတဲ့အခါ ၁၆ လက်မကျော်အထိ ကြီးသွားကြပါတယ်။
ရွှေငါးတွေက ကမ္ဘာ့အဆိုးရွားဆုံး ကျူးကျော်မျိုးစိတ်တွေထဲမှာ ပါဝင်သလို Vasse မြစ်အပြင် အမေရိကန်မှာဆို ကော်လိုရာဒို၊ နီဗားဒါး၊ အယ်ဗာတာ ပြည်နယ်တို့နဲ့ ကနေဒါနိုင်ငံမှာပါ အလားတူ ပြန့်ပွားမှုတွေဖြစ်နေပါသေးတယ်။
ရွှေငါးကျူးကျော်ပြန့်ပွားမှုတွေရဲ့ အစကတော့ လူတွေရဲ့ ရွှေငါးရဲ့ နေထိုင်မှုနဲ့ ပုံစံအပေါ် လျှော့တွက်ထားတာအပြင် သဘာဝထဲရောက်သွားတဲ့အခါ ဘယ်လိုတွေဖြစ်သွားနိုင်မလဲဆိုတာ မသိကြလို့ ဖြစ်ရတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ရွှေငါးပြဿနာနဲ့ ပတ်သတ်ပြီး လေ့လာဖြေရှင်းနေတဲ့ အဖွဲ့အစည်းမှ Dr. Beatty ပြောကြားခဲ့တာကတော့..
" ပြင်ပမှ ဘယ်လို သတ္တဝါကိုမဆို အလှမွေးငါးကန်ထဲက ချစ်စဖွယ် ရွှေငါးလေးကိုတောင် ဂေဟစနစ်တစ်ခုထဲကို လွှတ်ပေးလိုက်တဲ့အခါမှာ မထင်မှတ်ထားလောက်အောင် ဂေဟစနစ်အပေါ် သက်ရောက်မှုတွေ ရှိစေနိုင်ပါတယ် "
ရွေငါးတွေက တကယ်တော့ ငါးကြင်း Carp မျိုးနွယ်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ တရုတ်လူမျိုးတွေက ၁၈၀၀ ပြည့်နှစ် နှောင်းပိုင်းတွေမှာ ငါးကြင်းအမျိုးမျိုးတို့ကို ဆင့်ကဲသားဖောက်ရင်း ဖန်တီးထားတဲ့ လူလုပ်ငါးမျိုးပဲဖြစ်ပါတယ်။
ရွှေငါးကိုးကောင် လာဘ်ကိုဆောင်ဆိုတဲ့အယူနဲ့အတူ လူတွေက တန်ဖိုး အလေးပေးမွေးမြူကြရာကနေ မကြာခင်မှာ ပေါပေါများများ ကမ္ဘာအနှံ့မှာ မွေးလို့ရလာကြတာဖြစ်ပါတယ်။
ရွှေငါးတွေကို အချုပ်အနှောင်ကနေ သဘာဝထဲကို လွှတ်လိုက်တဲ့အခါမှာ ၃-၄ လက်မ လောက်အရွယ်သာရှိတဲ့ ငါးတွေက ၂ ပေ လောက် ကြီးသွားနိုင်ပြီး ဆင့်ကဲသားပေါက်တဲ့အခါမှာ ရွှေရောင်ကနေ သူတို့ရဲ့ ဘိုးဘေးဘီဘင်များရဲ့ ဗီဇပါဝင်တာကြောင့် အဝါနဲ့ ညိုဖန့်ဖန့် အရောင်ကို ပြန်ရောက်သွားကြပါတယ်။
ဂေဟစနစ်အတွက် ကြည့်မယ်ဆိုရင် ရွှေငါးတွေက တကယ်ကို အိပ်မက်ဆိုးပါပဲ။ သူတို့တွေက မြစ်၊ ချောင်း နဲ့ ရေကန်တွေရဲ့ ကြမ်းပြင်နားကပ်ကာ ကူးခပ်တတ်ကြပြီး ရေအောက်ကြမ်းပြင်မှ အပင်များကို ကျွတ်ထွက်စေကာ ရေအောက်ကြမ်းပြင် အနည်ထိုင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ပြီးတော့ မြေဆီအနှစ်များကို လိုအပ်သည်ထက် ပိုမိုပျံ့နှံ့စေတာကြောင့် မလိုလားအပ်တဲ့ Algae ရေညှိ ပေါက်ဖွားမှုကိုဖြစ်စေပြီး ကန်တစ်ခုလုံးက ရေတွေစိမ်းသွားအောင် လုပ်ပါတယ်။
ဒီလိုဖြစ်တာက ကန်ရဲ့ ရေအရည်အသွေးကိုကျဆင်းစေပြီး တစ်ကန်လုံးက ငါးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ရွှေငါးတွေက အစုံစားသတ္တဝါတွေဖြစ်ပါတယ်။ ရေညှိကစလို့ ပုစွန်၊ ငါးအသေးများ နှင့် အခြားငါးများရဲ့ ဉတွေကိုပါ စားကြသလို အညစ်အကြေးစွန့်ထုတ်မှုများပြီး ရေကို ညစ်ညမ်းစေပါတယ်။
အနာပေါ်တုတ်ကျဆိုသလိုပဲ အထက်ပါဆိုးကျိုးတွေထက် ပိုဆိုးတဲ့အချက်ကတော့ ရွှေငါးတွေက ရောဂါများအပြင် ကပ်ပါးပိုးပေါင်းများစွာကို သယ်ဆောင်တဲ့ Carrier တွေဖြစ်နေတာပါ။
ရွှေငါးအမတွေက တစ်နှစ်ကို ဉအရေအတွက် ၄ သောင်းကျော် ဉနိုင်ပြီး ဒီအရေအတွက်ဟာ အခြားရေချိုငါးမျိုးများထက် အဆပေါင်းများစွာပိုများပါတယ်။ ရွှေငါးတွေဟာ အခြား ငါးကြင်းမျိုးများနဲ့ မျိုးစပ်ပြီး သားပေါက်နိုင်ကြပါသေးတယ်။ သားရဲမျိုးစိတ်တွေမရှိတဲ့အခါ ရေပြင်များကို ဒီရွှေငါးတွေကပဲ ကြီးစိုးနေမှာပါ။
ဒီတော့... ရွှေငါးဆိုတာနဲ့ ဖန်လုံးထဲက ရွှေငါးကိုသာပြေးမြင်ကြတဲ့အတွက် လျှော့မတွက်ကြပါနဲ့။
ရွှေငါးတွေကို သဘာဝထဲမှာ လိုက်လံလေ့လာတဲ့အခါ တွေ့ရှိချက်များကတော့ ရွှေငါးများဟာ တစ်နေ့ကို ဘောလုံးကွင်းပေါင်းများစွာ အကွာအဝေးအထိကူးခတ်နိုင်ကြပြီး တစ်နှစ်ကို ပျမ်းမျှ မိုင်ပေါင်း ၁၄၀ ကျော်အထိ သွားလာနိုင်ပါတယ်။ ဒါကြောင့် ဖန်လုံးသေးသေးလေးထဲမှာနေတဲ့ငါးက သဘာဝထဲရောက်တဲ့ အခါ ရာသီအလိုက် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ သားပေါက် ကျက်စားနိုင်ကြပါတယ်။ ပညာရှင်များကလည်း ကျူးကျော်ပြန့်ပွားနေတဲ့ ရွှေငါးများကို သုတ်သင်ရှင်းလင်းနိုင်ဖို့ နေ့စဉ်ကြိုးစားနေကြရပါတယ်။
မြန်မာနိုင်ငံလိုမျိုး သတ္တဝါတွေကို ဘေးမဲ့ပေးကြတဲ့ ဘာသာရေးအလေ့အထရှိတဲ့ တိုင်းပြည်နဲ့လှပပြီး ချစ်စဖွယ်ပုံစံလေးတွေနဲ့ ရွှေငါးတွေနဲ့က တကယ်ကို ဆိုးရွားလွန်းတဲ့ ပေါင်းစပ်မှုကြီးတစ်ရပ်ဖြစ်ပါတယ်။
ဂရုဏာပိုတတ်ကြတဲ့ လူပုဂ္ဂိုလ်များအနေနဲ့ အမြင်နဲ့သာ မဆုံးဖြတ်ကြဖို့လိုပါတယ်။ အလှမွေးကြသူများလည်း တာဝန်သိတတ်စွာ မွေးမြူကြဖို့လိုအပ်သလို ငါးများ နေမကောင်းဖြစ်တဲ့အခါ မမွေးချင်တော့တဲ့အခါ လူသားအဆန်ဆုံးလုပ်ရပ်က ရွှေငါးကို ရေခဲရိုက်ပြီး ညင်သာစွာ သေစေတာပဲဖြစ်မှာပါ။ မလိုလားအပ်တဲ့ သင့်ရဲ့ ဂရုဏာစိတ်ကြောင့် ရောဂါဖြစ်နေတဲ့ ရွှေငါးကို သဘာဝထဲလွှတ်ခဲ့မယ်ဆိုရင်တောင် ဒေသတွင်းငါးမျိုးများအတွက် အန္တရာယ်ကြီးမားပါတယ်။
မြန်မာနိုင်ငံအတွင်း ရွှေငါးမျိုးစိတ် ကျူးကျော်ပြန့်ပွားမှု ထင်သလောက် မကြီးမားလှခြင်းရဲ့အကြောင်းကတော့ မြန်မာနိုင်ငံအတွင်း ရွှေငါးထက်ဆိုးသော ကျူးကျော်မျိုးစိတ်များဖြစ်တဲ့ တီလားပီးယား၊ ငါးခူခေါင်းပွ နဲ့ စုပ်ခွက်ငါးတို့က ဂေဟစနစ်ကို ပိုမိုကြီးမားသော အဖျက်အားများဖြင့် နေ့စဉ်ပြန့်ပွားပြီး ဒုက္ခပေးနေခြင်းကြောင့်သာ ဖြစ်ပါတယ်။
ကျူးကျော်မျိုးစိတ်များဟာ တစ်နေ့တခြား ပြန့်ပွားလာပြီး ဒေသတွင်းငါးမျိုးစိတ်များမှာ ပိုမိုရှားပါးလာကာ မကြာခင် ကျူးကျော်မျိုးစိတ်များသာ အစာထိုးကျန်ရစ်မယ့် အန္တရာယ်ရှိတာကြောင့် ကျွန်တော်တို့အားလုံးအနေနဲ့ အဘက်ဘက်မှ တတ်စွမ်းသလောက် ပါဝင်၍ ကျူးကျော်မျိုးစိတ်များလွှတ်ခြင်းကို တားဆီးကာ ဖမ်းဆီးရရှိပါက သုတ်သင်ရှင်းလင်းသင့်ပါကြောင်း Piscey Aquatics က အသိပေးအပ်ပါတယ်။
Article by Shin Paing @ Piscey Wang
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from Shin Paing @ Piscey Wang
အားလုံး
ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်တို့ကိုတော်လှန်ခဲ့ကြတဲ့ သူရဲကောင်းမိကျောင်းကြီးတို့အကြောင်း
23/08/2023
ရေမြောင်းများသည် အမှိုက်ပုံးမဟုတ်...
03/08/2023
လူသိနည်းသေးသည့် ကျူးကျော်မျိုးစိတ်များရဲ့ အန္တရာယ်
26/07/2023
ဘုရားကန်ထဲပင် မရောက်သင့်သည့် 'လိပ်ပါးနီ'
12/07/2023
ငါးလွှတ်ကုသိုလ်ယူတယ်ဆိုပေမဲ့ အခြားတစ်ဘက်ခြမ်းမှာတော့...
10/07/2023