ကြက်စာစပ်ရာတွင် ပါရမည့်အာဟာရဓာတ်များနှင့် ၎င်းတို့ပါဝင်သော ပစ္စည်းများ

11/08/2022 11:22 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ကြက်စာကို လိုအပ်သော အာဟာရဓာတ်များစုံလင်စွာ ပါရှိစေရန် အပိုအလိုမရှိအောင် စနစ်တကျ အချိုးကျစပ်ဖို့ လိုအပ်ပါသည်။ 

ကြက်စာကျွေးသည့်အခါတွင် မပါမဖြစ် အဓိကလိုအပ်သည့် အာဟာရဓာတ်များမှာ -

  • ၁။ ကာဘိုဟိုက်ဒြိတ်(ခေါ်) ကော်ရည်ဓာတ်(Carbohydrate)
  • ၂။ အသားဓာတ်(Protein)
  • ၃။ အဆီဓာတ်(Fat)
  • ၄။ ဗီတာမင် (Vitamin)
  • ၅။ ဆားဓာတ်(Sodium) တို့ဖြစ်သည်။

(၁) ကာဘိုဟိုက်ဒြိတ် (ခေါ်) ကော်ရည်ဓာတ်(Carbohydrate)

၎င်းအစာဓာတ်သည် ကြက်များခွန်အားလှုပ်ရှားမှု အပူဓာတ်ကို အားပေးသောဓာတ်ဖြစ်သည်။ စားသောအစာကို ကြေညက်စေရန် အထောက်အကူပြု၏။ ကြက်များကျန်းမာသန်စွမ်းစေရန် ကာဘိုဟိုက်ဒြိတ်သည် မရှိမဖြစ်လိုအပ်ပါသည်။

ကာဘိုဟိုက်ဒြိတ်ပါဝင်သော အစာများမှာ- ပြောင်း ၊ ဖွဲနု၊ ဆန်ကွဲ တို့ဖြစ်သည်။

(၂) ပရိုတင်း(ခေါ်) အသားဓာတ်(Protein)

အသားဓာတ်သည် ကြက်များခန္ဓာကိုယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးအတွက် အရေးကြီးဆုံးသောဓာတ်ဖြစ်သည်။ ပရိုတင်းဓာတ်ချို့တဲ့သောကြက်များသည် ကြွက်သားဖြစ်ထွန်းမှု ကြုံလှီခြင်းနှင့် ထွားကျိုင်းသန်မာမှု ထိခိုက်စေခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

ပရိုတင်းဓာတ်တွင် သစ်ပင်၊ ဝါးပင်မှရသော ပရိုတင်းဓာတ်နှင့် တိရစ္ဆာန်မှရသော ပရိုတင်းဓာတ်ဟူ၍ (၂)မျိုးရှိပါသည်။ အစာစပ်သည့်အခါတွင် သစ်ပင်မှရသော ပရိုတင်းဓာတ်ကို အနည်းဆုံး ၅း၁ ( ၅ ချိုး ၁ ချိုး)ထည့်၍ သုံးစွဲသင့်ပါသည်။

တိရစ္ဆာန်မှရသော ပရိုတင်းဓာတ်တွင် သစ်ပင်မှရသော ပရိုတင်းဓာတ်၌မပါသော ဗီတာမင် B-12 ပါရှိသည့်အတွက် တိရစ္ဆာန်မှရသော ပရိုတင်းဓါတ်ကို အစာတွင်ထည့်ပေးရန် လိုအပ်ပါသည်။

ပရိုတင်းဓာတ်ပါဝင်သော အစားအစာများမှာ - ပုစွန်မှုန့်၊ ငါးမှုန့်၊ ပဲဖတ်၊ နှမ်းဖတ်၊အသားမှုန့်၊ ပဲရွက်၊ တိရစ္ဆာန်တို့၏ သွေးမှုန့်၊ မြက်နုနှင့် နို့တို့ ဖြစ်သည်။

(၃)အဆီဓာတ် (Fat) 

ကာဘိုဟိုက်ဒြိတ်ကဲ့သို့ပင် ခန္ဓာကိုယ်တွင်လိုအပ်သော အပူရှိန်ကို အဆီမှဖြစ်ပေါ်စေသည်။ကြက်စာတွင် ကစီဓာတ် နည်းပါးပါက လိုအပ်သောအပူရှိန်ကို အဆီဓာတ်က ဖြည့်တင်းပေးနိုင်ပါသည်။ 

ထို့ကြောင့် အသားစားကြက်များအတွက် အဆီဓာတ်သည်လည်း အရေးကြီးသောဓာတ်ဖြစ်သလို အခြားကျန်းမာသန်စွမ်းလိုသော ကြက်များအတွက်လည်း အဆီဓာတ်က အရေးကြီးပါသည်။

အဆီဓာတ်ပါဝင်သော အစားအစာများမှာ- ပဲ၊ နှမ်း၊ နေကြာစေ့နှင့် တိရစ္ဆာန်တို့၏အဆီများ ဖြစ်သည်။

(၄)ဗီတာမင်(Vitamin)

ဗီတာမင်များကို အမျိုးအစားလိုက်၍ အုပ်စုခွဲရသော် ဗီတာမင်အေ၊ ဒီ၊ အီးနှင့် ကေ တို့သည် အဆီနှင့်ဖျော်ရသော ဗီတာမင်များဖြစ်ကြပြီး ဗီတာမင် ဘီဝမ်း၊ ဘီတူး ၊B-12 တို့နှင့် သိုင်ယာမင်၊ ရီဘိုဖလာဗင် ၊ ကိုလင်း တို့သည် ရေနှင့် ပျော်သော ဗီတာမင်များ ဖြစ်ကြသည်။ 

ဗီတာမင်ဓာတ်သည် ကြက်စာကျွေးရာတွင် အထူးတလည် ထပ်လောင်းဖြည့်တင်းစရာ မလိုအပ်လှသော်လည်း ကိုယ်ကျွေးသည့်ကြက်စာထဲတွင် ဗီတာမင်ဓါတ်ပါဝင်နေဖို့ကိုတော့ သတိပြုသင့်ပါသည်။

ဗီတာမင်ဓာတ်ချို့တဲ့လျှင် ကြက်မျက်သင့်ခြင်း၊​ ကြက်​ပါးစပ်နာဖြစ်ခြင်း၊ အရိုးပျော့ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ အဆစ်အမြစ်များတောင့်တင်းခြင်း၊ မျိုးအောင်သည့်ဥ နည်းခြင်း၊ ဥပေါက်နှုန်းညံ့ခြင်း၊ ဥခွံပျော့ခြင်း၊ ဥနှုန်းကျခြင်း၊ ကြက်သန္ဓေသားများ သေဆုံးခြင်း၊ ကြက်ငယ်ကလေးများ အသေများခြင်း၊ သွေးထွက်လွန်ခြင်း၊ အစာစားပျက်ခြင်း၊ အတောင်နှင့် ခြေများ အကြောသေခြင်း၊ ဦးခေါင်းမော့၍ သေခြင်း၊ ခြေခွင်၍ မရပ်တည်နိုင်ခြင်း၊ ကြီးထွားနှုန်းနှေးခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။

ဗီတာမင်ပါသော အစားအစာများမှာ ..

  • ဟင်းသီးဟင်းရွက်များ၊ သီးနှံများ ဖြစ်သည်။
  • အရွက်စိမ်းများ၊ စိမ်းစိုနုနယ်သော မြက်များ၊ ဟင်းနုနွယ်ရွက်၊ ပဲရွက် ၊ ကန်စွန်းရွက်၊ ဂေါ်ဖီရွက်၊ ဆလတ်ရွက်၊ မုံညင်းရွက်၊ ပေါက်ပန်းဖြူရွက်၊ ဘောစကိုင်းရွက်၊ဒန့်သလွန်ရွက်၊ ပဲစင်းငုံရွက် စသည်တို့ ဖြစ်သည်။ 

(၅) ဆားဓာတ်(Sodium)

ဆားဓာတ်သည် အရိုး၊ အသား၊ အသွေးဖြစ်တည်မှုနှင့် ကိုယ်တွင်းအင်္ဂါရပ်များ တည်ဆောက်မှုတွင် မရှိမဖြစ်လိုအပ်သောဓာတ်ဖြစ်သည်။

ကြက်စာတွင် ဆိုဒီယမ်ချို့တဲ့ပါက သန်မာကြီးထွားမှုနှေးကွေးခြင်း၊ ဥအုနှုန်းနည်းခြင်း၊ အမွေးအတောင်များကျဲပါးခြင်း စသည်တို့ကို ဖြစ်စေနိုင်ပါသည်။

ကြက်ငယ်လေးများအတွက် အာဟာရပြည့်ဝစေသည့် ကြက်စာမှာ-

  • ဖွဲနု             -  ၁၅ ကျပ်သား
  • ဆန်ကွဲ       -  ၂၄ ကျပ်သား
  • ပြောင်း      -  ၂၀ ကျပ်သား
  • နှမ်းဖတ်(သို့)ပဲဖတ် - ၂၅ ကျပ်သား
  • ငါးမှုန့် (သို့)ပုစွန်ဖွဲ   - ၁၅ ကျပ်သား
  • ခရုခွံမှုန့်      - ၁ကျပ်သား
  • မြက်စိမ်း (သို့) ဆလတ်ရွက် (သို့) ဂေါ်ဖီရွက် - ၁/၂ ကျပ်သားခန့် ကို နုတ်နုတ်စင်းပြီး ကျွေးသင့်ပါသည်။

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်