စပါးဖြုတ်ပိုးတွေကို ဘာကြောင့်မနိုင်ကြတာလဲ..

05/10/2022 17:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

တောင်သူပညာပေးဆွေးနွေးပွဲခရီးစဉ်မရှိတုန်း မိတ်ဆွေ (စင်ကာပူအခြေစိုက် စိုက်/ဆေး ကုမ္ပဏီ)က စပါးဖြုတ်ပိုး ဆေးယှဉ်ပြိုင်စမ်းသပ်ကွက် ဒေတာကောက်ဖို့ အကူအညီတောင်းလာလို့ စပါးကွင်းထဲ ရောက်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ဖျက်ပိုးစာရင်းထဲမှာ စပါးဖြုတ်ပိုး (Plant hopper) လည်း ပါဝင်နေတာပါ။  

 

ဖြုတ်ပိုးကျလို့ ကျမှန်းမသိလိုက်တာရော၊ ကျမှန်းသိသွားတော့လည်း ထိထိရောက်ရောက် ကာကွယ်နှိမ်နင်းနိုင်မှု မရှိတာရောကြောင့် စပါးအထွက် ဆုံးရှုံးကြတာမျိုးကို တောင်သူအတော်များများ ခံစားဖူးမယ်ထင်ပါတယ်။

ဖြုတ်ပိုးတွေကို အကြမ်းဖျင်းအားဖြင့်..

  • ၁။ဖြုတ်စိမ်း (Leaf hopper)
  • ၂။ဖြုတ်ကျောဖြူ (White back plant hopper)
  • ၃။ ဖြုတ်ညို (Brown  plant hopper) ဆိုပြီး ခွဲခြားနိုင်ပါတယ်။

အခု လောလောဆယ်တော့ ဖြုတ်စိမ်း(leaf hopper) ကို ခဏထားပြီး..စပါးခင်းတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတာတွေကို ဦးစားပေး တင်ပြချင်ပါတယ်။

ဖြုတ်ကျောဖြူ

  • စပါးပင် ငယ်စဉ်ကတည်းကနေ အပင်ရင့်မှည့်ချိန်ထိ ကျရောက်ဖျက်ဆီးနိုင်ပါတယ်။
  • စပါးခင်း ရေငတ်နေရင်တောင် ချမ်းသာမပေးဘဲ စပါးပင်ရဲ့ အစာကြောစည်းထဲက သစ်ရည်တွေကို စုပ်ပါတယ်။ ပင်စည်ထဲက သစ်ရည်စုပ်မှတော့ စပါးပင် အားယုတ်ပြီပေါ့ဗျာ။ 

ဘယ်လိုတွေဖြစ်မလဲဆိုတော့...

  • အပင်တန့်နေမယ်၊
  • အရွက်ဖျားတွေ ခြောက်လာမယ်၊
  • အရွက်တွေ ဝါလာမယ်၊
  • တဖြည်းဖြည်း ရေငတ်သလို တကွင်းလုံး ခြောက်သွားမယ်။

ဖြုတ်ညို

  • ဖြုတ်ညိုမှာလည်း ရိုးရိုးဖြုတ်ညို (Brown plant hopper)နဲ့ ဖြုတ်ညိုလေး (Small brown plant hopper) ဆိုပြီး နှစ်မျိုးရှိပါသေးတယ်။
  • သေချာကြည့်ပါ။ ၂ မျိုးလုံး ပြိုင်တူကျရောက်တတ်ပါတယ်။
  • စပါးသက်တမ်း ထက်ဝက်လည်း ကျော်ပြီ..၊ ကောက်ကွက်လည်းထူတယ်၊ ရေလည်းလှောင်တဲ့ စပါးခင်းမျိုးဆိုရင် ဖြုတ်ရှိနေပြီလို့သာမှတ်..။

ဖြုတ်ညိုတွေက တနေရာတည်းမှာ မိသားစုလိုက် ပွားရင်း၊ စားရင်း၊ ရေစပ်ရဲ့ အထက်နားကနေပြီး အပင်အစာရည်ကို ဝိုင်းစုပ်ကြခြင်းအားဖြင့်..

  • အကွက်လိုက် အရွက်ဖျားဝါမယ်
  • အကွက်လိုက် အရွက်ခြောက်မယ်
  • အရွက်ဖုံးတွေ ပုပ်လာမယ်
  • အမဲရောင်ကြပ်ခိုးတွေကြားမှာ မှိုဖြူမျှင်တွေ တွေ့ရမယ်..
  • အနှံတွေ မအောင်တော့ဘဲ စပါးခင်းတွေ အရွက်ခြောက်လောင်(Hopper burn)ပြီး သေသွားနိုင်တယ်။

ဖြုတ်ဆေးတွေနဲ့ မနှိမ်နင်းနိုင်တော့ဘူးလား..?

ပိုးသတ်ဆေးကုမ္ပဏီတွေမှာ ဖြုတ်ပိုးသတ်ဆေးတွေ ရှိပါလျက်နဲ့  ဘာကြောင့် ဖြုတ်ပိုးတွေကို မနိုင်ကြတာလဲ.?

တောင်သူတယောက်အနေနဲ့ အင်မတန် သင့်လျော်တဲ့ မေးခွန်းပါ။

ဒီမေးခွန်းလေးကို ဖြေချင်လို့လည်း ဒီဆောင်းပါး ရေးဖြစ်တာပါ။

မေးခွန်းမဖြေခင်...

အခု စာရေးသူ ရောက်ရှိနေတဲ့ ကုမ္ပဏီတခုရဲ့ ဖြုတ်သတ်ဆေး၊ ယှဉ်ပြိုင်စမ်းသပ်ကွက် ဒေတာကောက်ယူခြင်းအကြောင်းကို ပြန်ဆက်ကြရအောင်..။

ဘာကြောင့် ဖြုတ်ပိုးဒေတာ ကောက်ရတာလဲ??

ဒီနေရာမှာ အလျဉ်းသင့်လို့ ETL အကြောင်းပြောပါရစေ..

ပိုးသတ်ဆေးတမျိုးမျိုး ဖျန်းတော့မယ်ဆိုရင်...

ETL(economic threshold  level)လို့ခေါ်တဲ့ စီးပွားထိခိုက်မှုအဆင့်သတ်မှတ်ချက်ကို အရင်သိရပါတယ်။

ဥပမာ...ဖြုတ်ညို ရဲ့ ETL အဆင့် ဆိုရင်..

  • (ပင်ပွားတပင်မှာ ဖြုတ် ၁ကောင်ရှိမယ်၊ သားရဲပင့်ကူမရှိ)
  • (ပင်ပွားတပင် ဖြုတ် ၂ ကောင်၊ သားရဲပင့်ကူ ၁ ကောင်) 

အာ့လိုမျိုးတွေ့နေရပြီဆိုတဲ့ အနေအထားမျိုးပေါ့..။

ဒါကြောင့် စပါးခင်းထဲမှာ ဆေးမဖျန်းခင် ဖြုတ်ပိုးအရေအတွက်ကို ဒေတာ မှတ်တမ်းယူရတာ ဖြစ်ပါတယ်။

မှတ်တမ်း အသေးစိတ်ကိုတော့ မရေးတော့ပါဘူး။ စာဖတ်သူ ပျင်းနေမှာ စိုးလို့ပါ။

အခုစမ်းသပ်ကွက်ထဲမှာတော့...

စျေးကွက်ထဲမှာရှိတဲ့ ဖြုတ်သတ်ဆေးတွေထဲက အသင့်တော်ဆုံး (ai) ၅ မျိုး အတွက်ရယ်၊ ဆေးစမ်းမယ့် အေအိုင်ရယ်၊ ဗလာကွက်အတွက်ရယ်။

စုစုပေါင်း အကွယ်ငယ် ၇ ကွက် ပြုလုပ်ထားပါတယ်။

ဒီနေ့ ဒေတာကောက်ခြင်းဟာ တတိယအကြိမ်ဖြစ်တယ်လို့ ကုမ္ပဏီတာဝန်ခံ မိတ်ဆွေက ပြောပါတယ်။

တတိယအကြိမ်ဆေးဖျန်းပြီးအခြေအနေကို အကြမ်းဖျဉ်းပြောရရင်..

  • ဆေးမဖျန်းမီ ကောက်ရုံတရုံ ပျမ်းမျှဖြုတ်ကောင်ရေ = ၆၅.၆
  • ပ/အကြိမ် ဆေးဖျန်းပြီး ရုံတရုံ ပျမ်းမျှ ဖြုတ်ကောင်ရေ = ၂.၆
  • ဒု/အကြိမ် ဆေးဖျန်းပြီး ရုံတရုံ ပျမ်းမျှဖြုတ်ကောင်ရေ = ၂.၇
  • တ/အကြိမ် ဆေးဖျန်းပြီး ရုံတရုံ ပျမ်းမျှဖြုတ်ကောင်ရေ = ၂.၁

ဆိုပြီး တွေ့ရပါတယ်။

ဒီစာရင်းက ကုမ္ပဏီဖြုတ်သတ်ဆေးတခုရဲ့ ဖြုတ်ကာကွယ်နိုင်စွမ်းကို ပြသတာပါ။

ဆိုတော့... ဒီရလဒ် အဖြေအတွက် ကောက်ချက်ဆွဲရမယ်ဆိုရင်..

သာမန်တောင်သူတဦးအနေဖြင့်...

  • ဖြုတ်ပိုးအမျိုးအစား ခွဲခြားမသိခြင်း
  • ဖြုတ်ပိုး စတင်ကျရောက်နေသည်ကို မသိနိုင်ခြင်း (စတင်ကျရောက်ချိန် တပတ်အတွင်း အပင်မဝါသေးလို့၊ အပင်ခြေဖြဲမကြည့်ရင် မသိနိုင်ပါဘူး)
  • အပင်ထူ၊ ကောက်ကွက်ထူရင် ပိုးရှိတဲ့နေရာကို ဆေးမရောက် မထိရောက်ခြင်း
  • မှန်ကန်တဲ့ဆေးအုပ်စု ဖျန်းပေမယ့် နှုန်းထားမှန်ပေမယ့်... တကြိမ်ဖျန်းရုံနဲ့...အပြတ်မရှင်းနိုင်ခြင်း
  • ကုန်ပစ္စည်းစျေးနှုန်းကြီးလို့ အကြိမ်ကြိမ် ဖျန်းဖို့ မလွယ်ကူခြင်း 
  • ပိုးမွှားကျရောက်မှုနည်းစေမယ့် မျိုး၊ စိုက်စနစ်၊ IPMစနစ်၊ လုပ်ဆောင်နိုင်မှု အားနည်းခြင်း 

စတဲ့.. ဖော်ပြပါအချက်တွေကြောင့်..

အထွက်လည်းမတိုး၊ ဖျက်ပိုးလည်းမနိုင်၊ ထိုင်,ခက် ထ ,ခက် နဲ့ပဲ ဆက်လက်ချီတက်နေရဦးမှာပါ။

တိုက်ဆိုင်စွာနဲ့ စာရေးသူတို့ ဒေတာကောက်ပြီးချိန်မှာ... တောင်သူကို ပညာပေးဖို့ တာဝန်ရှိသူ တစ်ဦး ရောက်လာပါတယ်။

သူက.. ကန်သင်းပေါ်ကနေပြီး လှမ်းမေးပါတယ်။

"ဘာအတွက်... ဒေတာကောက်နေကြတာလဲ."တဲ့။

စာရေးသူက..

" ဒီစပါးခင်းမှာ ဖြုတ်ကျရောက်မှု စစ်တမ်းကောက်တာပါဗျာ"လို့ ဖြေတော့.

" ဒီကနေကြည့်ရတာတော့ ဖြုတ်မကျလောက်ပါဘူးဗျ"..တဲ့။

ဩော်... အကွက်လိုက် ဝါနေမှ ဖြုတ်ကျတယ်လို့ စွဲနေကြတာကိုး..လို့ပဲ။

ကဲ..ဒီလောက်ဆိုရင်တော့...

ဖြုတ်ပိုးတွေကို ဘာကြောင့်မနိုင်ကြတာလဲ..? ... ဆိုတာ  သဘောပေါက်သွားမယ်ထင်ပါတယ်။

ဒီဆောင်းပါးနဲ့ပတ်သက်ပြီး သိချင်တာ၊ မေးချင်တာ၊ ပြောချင်တာတွေ ရှိကြမယ်ထင်ပါတယ်။

ဆိုရင်တော့... အောက်မှာ ဆွေးနွေးမေးမြန်းနိုင်ပါတယ်ဗျာ..။

စေတနာများစွာဖြင့်..

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်