ဝက်ဝမ်းလျှောသေဆုံးရခြင်းအကြောင်းများနှင့် ကာကွယ်ကုသနည်းများ

15/08/2022 13:45 PM တွင် Dr.ညွန့်ရွှေ(မွေးမြူဆေးကု) Dr.ညွန့်ရွှေ(မွေးမြူဆေးကု) မှ ရေးသား

ဝက်မွေးမြူသူအချို့က  ဝက်ငယ်ဝမ်းသွားနေ၍ မည်သည့်ဆေးပေးရမည်ကို မကြာမကြာ မေးလေ့ရှိသည်။ ဝက်ငယ်ဝမ်းသွားခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ရောဂါအမျိုးမျိုးဖြစ်ရခြင်းဖြစ်၍ ကျွန်တော်ပေးရမည့်အဖြေမှာ ပြည့်စုံမှန်ကန်မှု ရှိချင်မှရှိမည်။

သို့ဖြစ်ပါ၍ ဝက်ငယ်ဝမ်းသွားစေသည့်ရောဂါအကြောင်း တစ်မျိုးချင်းစီ ရေးသားပေးရန် စိတ်ကူးမိပါသည်။ 

ဝက်ငယ်ဝမ်းသွားစေသောအဓိကရောဂါများမှာ ..

  • ၁။ Porcine Epidemic Diarrhoea       
  • ၂။ Clostridia
  •  ၃။ Coccidiosis (သွေးဝမ်း)        
  • ၄။ Colibacillosis ( E.coli )
  • ၅။ PRRS ( ဝက်နားရွက်ပြာရောဂါ )
  •  ၆။ Rotavirus
  •  ၇။ TGE ( ကူးစက်မြန်အူရောင်ရောဂါ )
  • ၈။ Agalactia ( မွေးကင်းစနို့မဝလက္ခဏာ) တို့ဖြစ်သည်။

ပထမဦးစွာအနေဖြင့် ယခုဆောင်းပါးတွင် PED   ( Porcine Epidemic Diarrhoea ) ကိုဖေါ်ပြလိုက်ပါသည်။

Porcine Epidemic Diarrhoea ဆိုတာဘယ်လိုရောဂါလဲ။

သွေးရောင်၊ ဆေးကတ္တရာအရောင်ဝမ်းသွားစေသောရောဂါ ဖြစ်သည်။ ဝက်ငယ်အသက် ၇ - ၁၄ ရက်အရွယ်တွင် ဖြစ်ပွားပါက ၇ % ထိ သေဆုံးနိုင်ပြီး ကုသမှုမခံရပါက ၁၀ဝ % အထိ သေဆုံးနိုင်သောရောဂါ ဖြစ်သည်။

ဝက်ငယ်တို့၏အူလမ်းကြောင်းသဘာဝ
ဝက်ငယ်လေးများမွေးကာစတွင် အူလမ်းကြောင်းအတွင်း ပိုးမွှားကင်းစင်သောအခြေအနေဖြစ်သည်။ ထို့ပြင် ပိုးမွှားတို့ကိုတွန်းလှန်နိုင်သော ကိုယ်ခံစွမ်းအားလည်း အနည်းငယ်ပါဝင်ပါသည်။ ဝက်ကလေးများ နို့ဦးရည်သောက်သုံးသောအခါ ယင်းပတ်ဝန်းကျင်တွင်ရှိ ပိုးမွှားများကို တုန့်ပြန်နိုင်သည့် ( antibody ) ကိုယ်ခံစွမ်းအားပိုမိုမြင့်မားစွာရရှိစေသည်။

တဖက်တွင်လည်း သားမွေးခန်းပတ်ဝန်းကျင်မှ ရောဂါပေးနိုင်စွမ်းရှိသော အဏုဇီဝပိုးတို့ အူလမ်းကြောင်းအတွင်း အုပ်စုဖွဲ့နေလေ့ရှိပါသည်။

မွေးကင်းစဝက်ကလေးသည် နို့ဦးရည် လုံလုံလောက်လောက် သောက်သုံးရရန် လွန်စွာအရေးကြီးသည်။ သို့မှသာ လုံလောက်သောကိုယ်ခံစွမ်းအားကို ရရှိပြီး အူလမ်းကြောင်းရှိဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေသည့်ပိုးတို့ကို တွန်းလှန်ကာကွယ်နိုင်မည်ဖြစ်သည်။ နို့ဦးရည်သောက်စို့ပြီးက ပုံမှန်နို့ကိုလည်း ဆက်လက်သောက်မှ အူလမ်းကြောင်းကို ဆက်လက်ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ 

အကယ်၍ ဝက်ငယ်များ အအေးဒဏ်ခံရခြင်းကဲ့သို့ stess ( ဒဏ် )ခံစားရပါက ခုခံစွမ်းအား လျော့ကျနိုင်သည်။ တဖန်ဝက်ငယ်ပတ်ဝန်းကျင်မှပိုးမွှားများ ဝက်ကိုယ်တွင်းသို့  များစွာဝင်ရောက်လေလေ၊ ဝမ်းသွားရောဂါဖြစ်ဖို့ အခွင့်အလမ်းများလေလေ ဖြစ်သည်။ ထို့ကြောင့် ကိုယ်ခံစွမ်းအားလယ်ဘယ်နှင့် ပြင်ပဒဏ် လယ်ဘယ်တို့ မျှခြေရှိစေရန် အရေးကြီးပေသည်။ 

ရောဂါဖြစ်စေသောအကြောင်းရင်း

Coronavirus ( Porcine Epidemic Diarrhoea Virus ) type 1 နှင့် type 2 တို့ကြောင့် ဖြစ်သည်။ type 1 သည် ဝက်လတ်တွင်ဖြစ်ပွားတတ်ပြီး type 2 မှာ နို့စို့ဝက်အပါအဝင် အသက်အရွယ်မရွေး ဖြစ်ပွားသည်။

ရောဂါလက္ခဏာများ

ဝက်မကြီးနှင့် ဝက်လတ်တို့တွင် မည်သည့်လက္ခဏာမျှ မတွေ့ရပါ။ ဝက်ငယ်တွင်မူ .. 

ပြင်းထန်သောအဆင့်တွင် 

  • ဝက်ငယ်များချမ်းကာ စုပုံနေခြင်း၊ ခြံထောင့်ကပ်နေခြင်း
  • စအိုဝနှင့် အမြီးတို့တွင် စိုစွတ်နေခြင်း
  • အန်ခြင်း၊ မစင်အရည်ပန်းခြင်း၊ အစိမ်းရောင်ဝမ်းသွားခြင်း 
  • အနံ့ဆိုးထွက်ခြင်း၊ သေဆုံးခြင်းတို့ ဖြစ်တတ်သည်။
  • ပိုဆိုးလာပါက- ရေဓာတ်ခန်းခြောက်ခြင်း
  • မျက်တွင်းခွက်ခြင်း၊ မလှုပ်နိုင်ခြင်း။
  • မစင်များ ဝက်ငယ်ခန္ဓာကိုယ်တွင် ပေကျံနေခြင်း( လိမ္မော်ရောင်မှ အဖြူ )
  • ဝက်ငယ်မသေမီ လဲလျှက် ခြေထောက်များယက်ခြင်း၊ ပါးစပ်၌ အမြှုပ်တစီစီထွက်ခြင်း တို့ တွေ့နိုင်သည်။

အများအားဖြင့် ဝက်ငယ်သည် ၇-၁၄ ရက်အတွင်း အဖြစ်များသည်။

သားခွဲဝက်အရွယ်တွင်..

  • ပိန်ခြင်း၊အရည်ကျဲဝမ်းသွားခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း
  • မစင်တွင် သွေးရောင်၊ ကတ္တရာရောင်၊ မီးခိုး၊ ဖြူ၊ ဝါ ၊ စိမ်းစသည်အရောင်တို့သွားသည်ကို ထင်ရှားစွာတွေ့ရခြင်း (ရံဖန်ရံခါ ပျို့အံနိုင်သည်)
  • အမွှေးကျွတ်ခြင်း၊ မစင်များပျံ့နှံ့စွာသွားပါက ခြံတွင်းညစ်ပတ်ပေရေနေခြင်း။
  • မျက်တွင်းချိုင့်ခြင်း၊ သိသိသာသာပိန်ချုံးသွားခြင်း။
  • ဝက်ကမျက်တွင်းဟောက်လျှက်နှင့် ခြေလက်တို့ခရမ်းရောင်စွဲထင်ကာ သေဆုံးခြင်း တို့ ဖြစ်တတ်ပါသည်။

မည်ကဲ့သို့ကာကွယ်ထိန်းချုပ်မည်နည်း

ဤရောဂါမပျံ့ပွားစေရန် အစီအစဉ်ကောင်းများ လုပ်ရန်လိုပါသည်။

  • ခြံတွင်းပိုးသတ်ဆေး အညွှန်းအတိုင်းဖျန်းခြင်း
  • ဝမ်းသွားသောဝက်ကို ကိုင်တွယ်ပြုစုသောအသုံးအဆောင်များနှင့် အခြားဝက်များမထိတွေ့စေခြင်း။
  • သားပေါက်ခန်းကို သီးခြားထားခြင်းနှင့် တစ်ပြိုင်တည်းသွင်း/ ထုတ်အစီအစဉ်ရှိခြင်း (all in- all out ) နှင့် တစ်သုတ်ပြီးတစ်သုတ် သန့်စင်ပိုးသတ်ခြင်း၊ ဝက်ငယ်မစင်များ တစ်စမကျန်ရှင်းစေခြင်း။
  • မျိုးဝက်မကြီး သားပေါက်ခန်းသို့ မထားမီ ခြောက်သွေ့ နွေးထွေးနေဆောင်ရွက်ခြင်း။
  • ဝက်ငယ်လေးများအိပ်သည့်နေရာအားအမြဲသန့်ရှင်းပေးခြင်း၊ အထူးသဖြင့် မစင်များရှိပါက အခင်းအပိုဖြင့် နေ့စဉ် အလဲအလှယ်လုပ်ပေးခြင်း။
  • ဝက်ကလေးများ (အထူးသဖြင့် ၇-၁၄ ရက်သား) ကို နွေးထွေး၍ သက်တောင့်သက်သာရှိစေခြင်း၊ (မသန့်ရှင်းသော ဝက်ငယ်ပတ်ဝန်းကျင်သည် ဘက်တီးရီးယားပိုးများပေါက်ပွါးနိင်ရာ ၄င်းပိုးတို့များလျှင် နို့ဦးရည်မှပါလာသော ကိုယ်ခံစွမ်းအား ကိုခြေဖျက်ကာ ရောဂါဝင်စေနိုင်သည်)
  • ဝက်ကလေးများအတွက် ( milk replacer ) နို့အစားထိုးအစာကျွေးခြင်းတတ်နိုင်သမျှ ရှောင်ခြင်း။

နို့စို့ဝက် အကောင်ကြီးလေ ဝမ်းသွားရောဂါအဖြစ်များလေ ဆိုသည်ကိုမမေ့သင့်။ ထို့ကြောင့် ဝက်ငယ်အရွယ်အလိုက် လိုအပ်ပါက တူရာတူရာခွဲထားပါ ။ နို့ဦးရည်ကို မွေးပြီး ၁၂ နာရီအတွင်းအလုံအလောက်တိုက်ပါ။ သို့မှသာ အူနံရံကစုပ်ယူနိုင်မည်ဖြစ်သည်။(သဘာဝအရ ဤအချိန်အတွင်းသာ antibody  ကိုစုပ်ယူနိင် )

ကုသခြင်း

  • ကုသဆေးသီးခြားမရှိပါ။ ရေဓာတ်ခန်းခြောက်သောဝက်များ ဓာတ်ဆားရေပေးခြင်း၊ အားဆေးပေးခြင်းနှင့် ဝက်ကလေးများ နွေးထွေးခြောက်သွေ့စေရန်စီစဉ်ပေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ 

ယနေ့အခါတွင် ဤရောဂါ ၃ ကြိမ်ခန့်ဖြစ်ဖူးသောဝက်မကြီး၏ မစင်ဖြင့် ဝက်ကလေးများအား ထိတွေ့စေခြင်းသည် အရန်သင့် ကိုယ်ခံစွမ်းအားကို ဝက်ကလေးများကိုရရှိစေကာ ရောဂါမှသက်သာပျောက်ကင်းစေသည်ကို တွေ့ရှိထားသည်။

Covid 19 ရောဂါမှ ပျောက်ကင်းသူ၏ သွေးရည်ကြည်ယူ၍ ဆေးကုသည့်သဘောမျိုးဖြစ်ပါသည်။

Dr.ညွန့်ရွှေ ( မွေးမြူဆေးကု )

Reference:  1.Infection with Porcine Epidemic Diarrhoea,OIE Techinical Factsheet.

          2. Pospischil A., Stuedli A. & Kiupel M. Porcine Epidemic Diarrhoea , Journal Swine Health Production, 10, 81-85.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်