ကြိုတင်ကာကွယ်ပါ..ခရမ်းချဉ်ဘက်တီးရီးယား အနက်စက်ရောဂါ

03/08/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း စိုက်ပျိုးရေးပညာပေး ဆွေးနွေးဟောပြောပွဲ ပြုလုပ်စဥ် ခရမ်းချဥ်စိုက် တောင်သူတယောက်က မေးလာပါတယ်။

“ ဆရာ..ကျွန်တော့်ခရမ်းချဥ်ခင်းထဲမှာ အသီးတွေပေါ် အနက်စက်လေးတွေ တွေ့ရတယ်..

မှိုဆေး၊ ပိုးဆေးဖျန်းတယ်..မရဘူးဆရာ၊ အဲဒါ ဘယ်လိုလုပ်ရမလဲ ”  တဲ့။

(Septoria leaf spot) ဆက်တိုးရီးယား ရွက်ပြောက်ရောဂါ ဖြစ်မယ်ထင်တယ်။ သေချာ အောင်..ရောဂါရတဲဲ့ အသီးတလုံးလောက် ခူးခဲ့ပေးပါ..ဆိုပြီး..

ကြည့်လိုက်တော့မှ...

ဘက်တီးရီးယား အနက်စက်ရောဂါ(Bacterial speck) ဖြစ်နေတာ တွေ့ရပါတယ်။

ခရမ်းချဥ်သမားအားလုံးကို မေးကြည့်တော့မှ.. သူတို့ခြံထဲမှာလည်း အဲ့လို အစက်အပြောက်တွေ ဖြစ်တယ်၊ ပွဲစားက အဲ့လိုအသီးတွေကို ပယ်သီးသတ်မှတ်တယ်..ဆိုတာ သိလိုက်ရတယ်။

ဆိုတော့ ဒီရောဂါက ဘယ်လိုမျိုးလဲဆိုတော့..

  • အမည် - ခရမ်းချဥ်ဘက်တီးရီးယားအနက်စက်ရောဂါ (Bacterial speck in Tomato)
  • ရောဂါဖြစ်စေသက်ရှိ - (Pseudomonas syringae pv. tomato)

ရောဂါလက္ခဏာ 

ဆင်တူယိုးမှား ဖြစ်စေတဲ့ ခရမ်းချဥ်အစက်ပြောက်ရောဂါ ၃ မျိုးထိ ရှိပါတယ်။ အဲ့ဒါတွေကတော့..

၁။ ဆက်တိုးရီးယား အစက်ပြောက်ရောဂါ (Septoria leaf spot)

၂။ ဘက်တီးရီးယားကင်ကာရောဂါ (Bacterial canker)

၃။ ဘက်တီးရီးယား အနက်စက်ရောဂါ (Bacterial  black spot or speck)

ပိုမို သိသာထင်ရှားစေဖို့ အောက်ကပုံတွေနဲ့ ဆန်းစစ်ခွဲခြားနိုင်ပါတယ်။

ဘက်တီးရီးယားအနက်စက်ရောဂါဟာ ခရမ်းချဥ်သီးနုစဥ်မှာ ရေစိုနာ အစက်အပြောက်လေးအနေနဲ့ စတင်ပေါ်လာပါတယ်။ အညိုရောင်ကနေ တဖြည်းဖြည်း မည်းနက်လာပါတယ်။

အနက်စက်တခုနဲ့တခု အရွယ်အစား သိပ်မကွာဘဲ ၂ - ၄ မီလီမီတာခန့် အရွယ်ထက် ပိုမကြီးပါ။

ဒဏ်ရာဟာ အပေါ်ယံသာဖြစ်ပြီး အတွင်းသားတွေက ဘာမှမဖြစ်ပါ။

(အချို့တောင်သူတွေကတော့ ဒဏ်ရာရအသီးတွေကို လွှင့်မပစ်ဘဲ လက်လီရောင်းကြတယ်လို့ မြင်းမထိရွာ တောင်သူမကြီးတယောက်က ပြောပါတယ်)

အောက်အရွက်ရင့်တွေပေါ်မှာလည်း အနက်စက်လေးတွေ တွေ့ရပါတယ်။

ရောဂါကျရောက်ပုံ (Comments on the disease)

  • ဘက်တီးရီးယားတွေဟာ မြေကြီးထဲမှာ၊ အပင်အကြွင်းအကျန်ထဲမှာ၊ မျိုးစေ့ထဲမှာ အသက်ရှင်သန်နေနိုင်ပါတယ်။
  • ရာသီဥတု အေးမြစိုစွတ်ပြီး မိုးရေပေါက်တွေကတဆင့် ခရမ်းချဥ်ပင်အောက်ပိုင်း အရွက်၊ အသီးတွေပေါ် စတင်ကျရောက်ပါတယ်။
  • နေပူရှိန်ပြင်းချိန် ရောဂါမကျရောက်နိုင်ပါ။

ကြိုတင်ကာကွယ်ခြင်း(Prevention)

ဘက်တီးရီးယားရောဂါတွေဟာ အပင်တစ်သျှူးထဲကို တိုက်ရိုက်ထိုးဖောက်မဝင်နိုင်ပေမယ့်..စတိုမာအပေါက်များမှတဆင့်(သို့မဟုတ်)ထိခိုက်ဒဏ်ရာ၊ ပိုးကိုက်၊ စုပ်စားဒဏ်ရာတွေကတဆင့် ကူးစက်နိုင်ပါတယ်။

အပင်ထဲကို ရောဂါဝင်ရောက်ပြီးရင် ကုသဖို့ ခဲယဥ်းပါတယ်။

ဒါကြောင့်..ကြိုတင်ကာကွယ်နည်းလမ်းတွေကို အဓိကဦးစားပေး ဆောင်ရွက်သင့်ပါတယ်။

  • ရောဂါဒဏ်ခံနိုင်သောမျိုးကို အသုံးပြုပါ။
  • မျိုးစေ့ကို ၅၀ ဒီဂရီဆဲစိယပ်ရေနွေး(ကြက်သီးနွေး)ထဲကို ၂၅ မိနစ် စိမ်စိုက်ပါ။
  • စပရင်ကလာနဲ့ ရေသွင်းခြင်းကို ရှောင်ပြီး မောင်းစနစ်ဖြင့် ရေသွင်းပါ။
  • အပင်ဒဏ်ရာမရအောင်၊ ပိုးမွှားမကျရောက်အောင် ဂရုစိုက်ပါ။
  • လေဝင် လေထွက် ကောင်းအောင်၊ ပင်ကြား၊ တန်းကြား မစိတ်အောင်  စိုက်ပါ။
  • အပင်အောက်ခြေ  ၆ လက်မအောက် ကိုင်းတက်များ ရှင်းပေးပါ။
  • ကော့ပါးအုပ်စု ဆေးတမျိုးမျိုးကို ၁၀ ရက်ခြား ဖျန်းပေးပါ။

ရောဂါကုသခြင်း(Curation)

ရောဂါလက္ခဏာ စတွေ့ပြီဆိုရင်တော့  အောက်ပါဆေးအုပ်စုတမျိုးမျိုးကို ၇ - ၁၀ ရက်ခြား ဖျန်းပေးဖို့လိုပါတယ်။

  • Streptomycin,Tetracyclin chloride, Bismerthiazol (ဥပမာ - ဘီလီယံ၊ ဖာတီဇို)

ဘက်တီးရီးယားအနက်စက်ရောဂါဟာ ကင်ကာရောဂါလို အပင်သေတဲ့အထိ မဆိုးရွားပေမယ့် အသီးအရည်အသွေးကျဆင်းတာကြောင့် စျေးနှိမ်ခံရပြီး အကျိုးအမြတ် ထိခိုက်နိုင်ပါတယ်။

အင်းလေးဒေသမှာလည်း ဒီရောဂါတွေ ကျရောက်နေပြီဖြစ်လို့  ခရမ်းချဥ်တောင်သူများ ကြိုတင်သတိပြုမိစေရန်နဲ့  ရောဂါမကျရောက်အောင် ကာကွယ်နိုင်ဖို့ ရေးသားတင်ပြလိုက်တာ ဖြစ်ပါတယ်။

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်