ဥစားသီးနှံအပင်များ

26/06/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (78)  Root Crops

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၇၈) ဥစားသီးနှံအပင်များ  

လယ်ယာသီးနှံများ သီးနှံအလိုက်အမျိုးအစားခွဲခြားရာတွင် 

  • (က) နှံစားသီးနှံများ (Cereal Crops) ဥပမာ - ဆန်စပါး၊ ပြောင်းဖူး၊ ဂျုံ၊ နှံစားပြောင်း။
  • (ခ) ဆီထွက်သီးနှံများ (Oilseed Crops) ဥပမာ - မြေပဲ၊ နှမ်း၊ နေကြာ။
  • (ဂ) အမျှင်ထွက်အပင်များ (Fiber Crops) ဥပမာ - ဝါ၊ ဂုန်လျှော်။
  • (ဃ) ပဲမျိုးစုံ (Pulses; Food Legumes) ဥပမာ - ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ။
  • (င) ဟင်းခတ်အမွေးအကြိုင်အပင်များ (Spices and Condiments) ဥပမာ - ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း။
  • (စ) သကြားထွက်အပင်များ (Sugar Crops) ဥပမာ - ကြံ၊ သကြားမုံလာ။
  • (ဆ) တိရစ္ဆာန်စာ အပင်များ (Pasture, Forage Crops) ဥပမာ - နေပီယာမြက်၊ မွန်ဘားဆားမြက်၊ စတိုင်လိုပဲ၊ အယ်ဖာဖာ (လူဆန်) ပဲ။
  • (ဇ) ဥစားအပင်များ (Root and Tuber Crops) ဥပမာ - အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ဝဥ စသည်တို့ဖြစ်ပါသည်။

ဥစားသီးနှံများကို စိုက်ပျိုးမှုအများဆုံးနှင့် အရေးပါမှုအလိုက် ဖော်ပြရမည်ဆိုလျှင်

ဇယား - ၁ မြန်မာအမည်၊ အင်္ဂလိပ်အမည်၊ ရုက္ခဗေဒအမည်၊ စိုက်ဧရိယာ

ထိုအထဲမှာမှ ဥစားသီးနှံများထဲက ကျွန်တော်တို့ ထားဝယ်စီမံကိန်းအတွက် ပိန်းဥနှင့် ဝဥ စိုက်ပျိုးထုတ်လုပ်၊ အသုံးပြုနည်း များ အကြောင်းဆွေးနွေးလိုပါသည်။

(၁) ပိန်းဥ  (အင်္ဂလိပ်အမည် - Taro)

ပုံ - ၁ ပိန်းဥအပင်

ပိန်းဥ၏ မူရင်းဒေသမှာ အိန္ဒိယနှင့် မလေးရှားဟူ၍တွေ့ရှိရပြီး လွန်ခဲ့သော နှစ်ပေါင်း ၇၀၀၀-ကတည်းက စိုက်ပျိုးခဲ့ကြောင်းမှတ်တမ်းများ တွေ့ရပါသည်။ 

ဇယား - ၂ ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှု (၂၀၂၂)

ပိန်းဥအပင်သည် နှစ်ရှည်ချုံပုတ်ပင်မျိုး (Herbaceous perennials) ဖြစ်သော်လည်း တစ်နှစ်ခံပင်အဖြစ် စီးပွားဖြစ် စိုက်ပျိုးကြပါသည်။ အပင်သဘာဝအရ စေ့ရွက်ထီးပင်ဖြစ်ပြီး အရည်ရွှမ်းသော အပင် အရွက်မျိုးဖြစ်ပါသည်။ အရွက်သည် ကြီးမားပြီး ဘဲဥပုံ ထောင်မတ်နေပါသည်။ အမြစ်က မြစ်ဖွာအမျိုးအစားဖြစ်ပါသည်။

ပိန်းဥကိုအရှေ့တောင်အာရှနှင့် အိန္ဒိယတောင်ပိုင်းတွင် စတင်စားသုံးကြသည်ဟု ယူဆရပေမယ့် ကမ္ဘာအနှံ့ကနေရာဒေသအတော်များများမှာ စိုက်ပျိုးကြပါသည်။ အာဖရိကနှင့် အိန္ဒိယတို့တွင် အဓိကစားသောက်ကုန်တစ်ခုဖြစ်သည်သာမက ဂျပန်၊ အီဂျစ်တို့မှစ၍ အမေရိကန်၊ ဖီဂျီနဲ့ စပိန်တို့အထိနေရာတိုင်းလိုလိုမှာ စားသုံးနေကြပါသည်။ မြန်မာများကမူ ပိန်းဥကိုပြုတ်စား၊ ဟင်းချက်စားလေ့ရှိကြပြီး အရွက်စုံနဲ့ရောကာ ဟင်းချိုချက်သောက်သည်ကိုလည်း နှစ်သက်ကြပါသည်။

ပိန်းဥ၏ကျန်းမာရေး အကျိုးကျေးဇူးများ

ပိန်းဥသည် နှံစားသီးနှံ၊ ပဲမျိုးစုံတို့ထက် အဆီ (Fat) နှင့် အသားဓာတ် (Protein) ပို နည်းပြီး ဂလူတင် (Glutin) အစေးဓာတ် လုံးဝမရှိပါ။

(၁)  အစာချေဖျက်နိုင်အားပိုကောင်းစေခြင်း

 ပိန်းဥတွင် အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးအတွက် ကောင်းကျိုးပြုသည့် အမျှင်ဓာတ်ပါဝင်မှု မြင့်မားပါသည်။ အမျှင်ဓာတ်သည် အူတွင်းလှုပ်ရှားမှုကိုကောင်းမွန်စေသည့်အတွက် အစာချေဖျက်နိုင်စွမ်းပိုကောင်းစေပြီး ဝမ်းမှန်စေပါသည်။ ဒါ့အပြင် လေပွခြင်း၊ လေလည်လွန်းခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်း ကိုတောင် မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်ဟု ဆိုပါသည်။

(၂) ကင်ဆာကာကွယ်နိုင်ခြင်း

ကင်ဆာနှင့်ပတ်သက်ရင် ပိန်းဥသည် ခန္ဓာကိုယ်တွင်း ဓာတ်တိုးဆန့်ကျင် လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့အကျိုးကျေးဇူးများရှိပါသည်။ ဗီတာမင်A၊ C နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှုမြင့်မားမှုကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီး အန္တရာယ်ရှိသည့် free radicals တွေကို ဖယ်ရှားရှင်းလင်းပေးသည်။ ပိန်းဥတွင်ပါရှိသည့် Cryptoxanthin က အဆုတ်ကင်ဆာနှင့် ခံတွင်းကင်ဆာဖြစ်နိုင်ချေကို လျော့နည်း စေနိုင်ပါသည်။

(၃) ဆီးချိုသွေးချိုကာကွယ်နိုင်ခြင်း

အမျှင်ဓာတ်သည် ခန္ဓာကိုယ်တွင်း အင်ဆူလင်နှင့် ဂလူးကို့စ်ဓတ်များထွက်ရှိမှုကို ထိန်းညှိပေးမှုကြောင့် ဆီးချိုသွေးချိုဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါသည်။ ဆီးချိုရှိပြီးသား သူများကိုလည်း အန္တရာယ်ရှိသည့်အဆင့်အထိ သကြားဓာတ် မြင့်တက်ခြင်း၊ ကျဆင်းခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။

(၄) နှလုံးကျန်းမာရေးကောင်းမွန်ခြင်း

ပိန်းဥတွင်ပါဝင်သည့် ပိုတက်စီယံဓာတ်သည်သွေးကြောများနှင့် နှလုံးသွေးကြောများကို ဖိစီးမှုပြေလျော့စေပြီးသွေးဖိအားကိုလျော့ကျစေတဲ့အခါ အာရုံကြောစနစ်ရဲ့ လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးမှုကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကိုလည်း ပိုကောင်းစေပါသည်။

(၅) မျက်စိကျန်းမာရေးကောင်းစေခြင်း

အပေါ်မှာပြောခဲ့သည့်အတိုင်း ပိန်းဥတွင် beta-carotene နှင့် cryptoxanthin အပါအဝင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အမျိုးစုံပါဝင်ပါသည်။ ထိုဓာတ်တိုးဆန့်ကျင်ပစ္စည်းများ သည် အမြင်အာရုံဆဲလ်များကို free radicalsများ၏ တိုက်ခိုက်မှုရန်မှ ကာကွယ်ပေးပြီး အမြင်အာရုံကောင်းမွန်စေပါသည်။

(၆) အသားအရေအတွက်ကောင်းကျိုးပေးခြင်း

ဗီတာမင် E နဲ့ ဗီတာမင် A ပါဝင်မှုကြောင့် အသားအရေကိုထိန်းသိမ်းနိုင်စွမ်းပိုကောင်းစေသည်။ ထို့ကြောင့်ပိန်းဥကိုစားသုံးသင့်ပါသည်။ ထိုဗီတာမင်များသည် အရေပြားနှင့် ဆဲလ်များ၏ ကျန်းမာရေးကိုပါကောင်းကျိုးပြုသည်။ ရလဒ်အနေဖြင့် အနာကျက်မြန်စေခြင်း၊ အမည်းစက်တွေလျော့ပါးစေခြင်း၊ အရေးအကြောင်းများပြေပျောက်စေခြင်း၊ အသားအရေဝင်းလက်လှပစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်သည်။ ခြုံပြောရမည်ဆိုလျှင့် ပိန်းဥသည် အသားလှစေမယ့်ဆေးစွမ်းကောင်းတစ်လက်ဟုတောင် ဆိုနိုင်ပါသည်။

(၇) ကိုယ်ခံအားစနစ်ကိုအားကောင်းစေခြင်း

ပိန်းဥရဲ့အဓိကအကျဆုံးအစွမ်းသတ္တိသည် ကိုယ်ခံအားစနစ်ကိုအားကောင်းစေခြင်းပင်ဖြစ်သည်။ ဗီတာမင် C ပါဝင်မှုမြင့်မားသည့်အတွက် သွေးဖြူဥဆဲလ်တွေကို ပိုဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးပြီး ရောဂါဖြစ်စေမယ့် ပြင်ပကပိုးမွှားတွေကို ခုခံနိုင်စေပါသည်။ ထို့အပြင် ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်မှုကြောင့် နှလုံးရောဂါနှင့် ကင်ဆာရောဂါ ဖြစ်မလာအောင်လည်း ကာကွယ်တားဆီးပေးပါသည်။

(၈) သွေးလည်ပတ်မှုကောင်းစေခြင်း

ပိန်းဥတွင်ပါသည့် သတ္တုဓာတ်များသည် အကျိုးပြုသည်ဆိုပေမယ့် ထိုအထဲမှ သံဓာတ်နှင့်ကော့ပါးဓာတ်သည် သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေဖို့အတွက် အဓိကအကျိုးပြုခြင်းဖြစ်ပါသည်။ ထိုဓာတ်နှစ်မျိုးစလုံးသည်သွေးနီဥဆဲလ်များထုတ်လုပ်မှုအတွက် အရေးပါသည်ဖြစ်တာကြောင့်သွေးအားကောင်းစေပါသည်။

သတိထားသင့်သည်မှာ

ပိန်းဥတွင် ကယ်လိုရီပါဝင်မှုများနေခြင်းဖြစ်သည်။ ပိန်းဥ ၁၀၀ ဂရမ်တွင် ၁၁၂ ကယ်လိုရီ ပါဝင်သည့်အတွက် ကိုယ်အလေးချိန်လျှော့ချလိုသူများအတွက်တော့ ထည့်စဉ်းစားရမယ့်အချက်ဖြစ်သည်။ ပိန်းဥသည် အာလူးထက်ပင် ကယ်လိုရီပိုများနေသည်ဖြစ်သည့်အတွက် မချင့်ချိန်ဘဲ စားသုံးမှုလွန်ကဲရင် ဝိတ်တက်စေနိုင်ပါသည်။ ထိုက်သင့်သလောက်ပမာဏကို မကြာမကြာစားပေးရင်တော့ ရသင့်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုဘေးဥပါဒ်ကင်းစွာ ရရှိနိုင်မှာဖြစ်ပါသည်။

(မှီငြမ်း - မယင်းခြံ Facebook)

စိုက်ပျိုးနည်းစနစ်များ (Taro Agronomy)

ပိန်းဥကို ယာသီးနှံ အခြောက်စိုက်အပြင် ရေများရှိနေသော လယ်မြေများမှာ စိုက်ပျိုးနိုင်ပါသည်။ နုံးဆန်သောမြေများမှာ ကျင်းတူး၍ စိုက်ပျိုးနိုင်ပါသည်။ ရေသွင်း စိုက်ပျိုးနိုင်ပါက ဘောင်၊ မြောင်းစနစ်ဖြင့် စိုက်ပျိုးပါ။ စိုက်ပျိုးချိန်တွင် မိုးဦးကျခါစ မေ-ဇွန်လများမှာ စိုက်ပျိုး နိုင်ပါသည်။ တန်းကြား၊ ပင်ကြား ၂ x ၁-ပေနှုန်းဖြင့် စိုက်ပါက တစ်ဧကလျှင် ကျူဗာ (Tuber) သားတက် ၂၇၀၀၀-ခန့် လိုပါမည်။ စိုက်ပျိုးပြီးပါက ၃၀-၄၅ ရက်သားလောက်မှ အညောက်ထွက်လာပါသည်။ အခြားသီးနှံပင်များနှင့် ယှဉ်ကြည့်ပါက ဥစားသီးနှံပင်များ အညှောက်ထွက်မှုသည် အလွန်နှေးပါသည်။ ထို့ကြောင့် အပင်ပတ်ပတ်လည်တွင် မြေဖုံးပစ္စည်းများ၊ သစ်ရွက်ခြောက်၊ သစ်ရွက်ဆွေးများ စုပုံထားပေးခြင်းဖြင့် အပင်အညှောက်ပေါက်မှု ပိုမိုလျှင်မြန်စေပါသည် (Hasten the sprouting)။ ပေါင်းပင်များ ပေါက်ရောက်မှု ထိန်းချုပ်ပြီးသားဖြစ်သည်သာမက (Control weed growth) မြေဆီလွှာ အပူချိန်ကို ထိန်းညှိပြီးသားလည်းဖြစ်သည် (Regulate soil temperature)။ မြေဆီလွှာ အစိုဓာတ်ကိုပါ ထိန်းသိမ်းပေးနိုင်ပါသည် (Retain soil moisture)။

ကွင်းထဲ တိုက်ရိုက်စိုက်ပျိုးပါက အပင်စုစုပေါင်း၏ ၅-၁၀ ရာခိုင်နှုန်း အပင်မပေါက် နိုင်သဖြင့် ပျိုးဘောင် (Nursery Bed) များနှင့်ပျိုးထောင်၍ အပင် မပေါက် သည့်နေရာကို လိုက်ဖာ၊ ဖြည့်တင်းပါက အပင်ပေါက် ညီညာစွာရရှိနိုင်မှု သေချာပါသည်။ ရေဝပ်သည့် နေရာတွင်စိုက်ပျိုးသည့် ပိန်းဥပင်များသည် အပင်ရှင်သန်နိုင်သော်လည်း ရေနေ ပေါင်းပင်များ (Aquatic Weeds) ရန်ကိုတော့ ကြောက်ရပါသည်။ 

ပုံ ၂ - ပိန်းဥပင်များ ရေထဲတွင် ရှင်သန်ပေါက်ပွားနေပုံ

ယာမြေများတွင်စိုက်ပျိုးလျှင် ပထမသုံးလအတွင်း၌ ပေါင်းပင်များ ပိန်းဥပင်ကို မဖုံးအုပ်သွားစေရန် သတိထားရပါမည်။ ၃ လ နောက်ပိုင်းတွင် တစ်ပင်နှင့်တစ်ပင် အရွက်ချင်း ထိစပ်သွားလျှင်တော့ ပေါင်းနှိမ်ရန်မလိုတော့ပါ။ တူးရွင်းပြားငယ်၊ ပေါက်ပြား များဖြင့် ပေါင်းရှင်းပါက အမြစ်များကို မထိခိုက်စေရန် သတိထားရပါမည်။ အပင်ပတ်လည်တွင် ပေါင်းရှင်းရင်း ဘောင်တင်ပေးနိုင်ပါက အလွန်အကျိုးရှိနိုင်ပါသည်။ 

စီးပွားဖြစ်စိုက်ပျိုးသည့် နိုင်ငံများတွင်တော့ မြေဩဇာပါထည့်ပေးလေ့ရှိပါသည်။ အာရှတိုက်ရှိ တပိုင်တနိုင်စိုက်ပျိုးသူများ (Subsistence Farmers) သည် ဓာတ်မြေဩဇာ အစား နွားချေးနှင့် သဘာဝမြေဩဇာများ ထည့်သွင်းလေ့ရှိသည်။ ဥစားသီးနှံဖြစ်၍ ဓာတ်မြေဩဇာများသည် အပင်သိုလှောင်ကြာချိန် (Storability) နှင့် အရည်အသွေး (Taro Root Quality) ကို ထိခိုက်စေနိုင်သည်ဟူ၍ ပြောပါသည်။ ဖော့စပရပ် (Phosphorus - P) ဓာတ်လိုအပ်ချက်အတွက် မိုက်ကိုရိုက်ဇာမှိုမျိုး (Vesicular Ambuscular Mycorrhiza - VAM) ကို ပွားစေကာ ထည့်သွင်းနိုင်ပါသည်။

ရိတ်သိမ်းချိန်သည် အပင်အမြင့် ထပ်မတက်တော့ဘဲ အရွက်များ ဝါလာပြီဆိုလျှင် တူးဖော်၍ ရပါပြီ။ သက်တမ်း ၈-၁၀ လခန့်ဖြစ်ပါသည်။ အရွက်များခြောက်သွားပါက ချက်ခြင်း မတူးဖော်သေးဘဲ ဥများ အပြင်ခွံမာလာစေရန် ၁၀-၁၅ ရက်ခန့်စောင့်ရပါမည်။ ဥစားပင်များသည် ကျန်သီးနှံများကဲ့သို့ အရေးတကြီး တူးဖော်ရန်လည်းမလိုအပ်ပါ။ အလုပ်သမားအခြေအနေကို ကြည့်၍ ဖြည်းဖြည်းချင်း တူးဖော်နိုင်ပါသည်။ တူးဖော်ရာတွင်လည်း ရိုးရိုးရှင်းရှင်းပင် အပင်ခြေဆွပြီး ပင်စည်အရင်းမှ ဆွဲယူနိုင်ပါသည်။ ကမ္ဘာ့ပျှမ်းမျှအထွက်နှုန်း (World Average Yield) သည် တစ်ဟက်တာလျှင် ၇.၆၈ တန်ဖြစ်ပြီး ၃၀-၄၀ တန်အထိ ထွက်ရှိသူများလည်းရှိသည်။ မြန်မာနိုင်ငံတောင်သူများ အတွက်မူ ထွက်သလောက်ဝယ်ယူပေးနိုင်မည့် ပွဲစား၊ ဝယ်ယူသူများရှိရန် လိုအပ်ပါသည်။ (ဆက်ရန်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Sharma, H.K.; Njintang, N.Y.; Singhal, R.S. and Kaushal, P. (2016) Tropical Roots and Tubers. Wiley Blackwell. 622p.

မင်းဝင်းထိန် (၂၀၁၅) သဘာဝအစားအစာပိန်းဥ၊ ဘုရင်မစာပေ၊ ၈၂-မျက်နှာ (ကျွန်တော်၏ကျောင်းနေဖက်သူငယ်ချင်း (Classmate) ဖြစ်ပါသည်။)

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်